Vol 8, No 2, February, 2019 Issue

မင်္ဂလာပါ Food Magazine ပရိသတ်ကြီးရေ . . .

          ဒီဖေဖော်ဝါရီလမှာတော့ တပေါင်းပွဲတော်၊ တရုတ်နှစ်သစ်ကူးပွဲတော်နဲ့ ချစ်သူများနေ့တို့ရှိနေတာကြောင့် တစ်လလုံးမှာ ပျော်ပွဲရွှင်ပွဲတွေက ဆက်နေတော့မှာပါပဲ။ အခုလို အအေးဓာတ်ကျန်နေသေးတဲ့ တပို့တွဲလမှာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ထမနဲပွဲတော်ကို  မြန်မာနိုင်ငံ နေရာဒေသမရွေး ကျင်းပနေပြီ ဖြစ်ပါတယ်။ ဆုမြတ်တို့ တက္ကသိုလ်ကျောင်းတက်တုန်းက ဆိုရင် နှစ်တိုင်း မေဂျာအချင်းချင်းပြိုင်ပြီး ထမနဲတွေ ထိုးကြတယ်။ ထမနဲ ထိုးတဲ့အဖွဲ့ကလည်း အပြိုင်အဆိုင် ထိုးကြပြီးတော့ ကျန်တဲ့ကျောင်းသူ၊ ကျောင်းသားတွေက ကိုယ့်မေဂျာကို အားပေးတဲ့သံချပ်တွေ အော်ဟစ်သီဆို ပြီး အားပေးကြတယ်။ ကိုယ့်မေဂျာအနိုင်ရဖို့၊ ထမနဲထိုးတဲ့အဖွဲ့ အားတက်ဖို့ အော်ရလွန်းလို့ အဲဒီပွဲလည်းပြီးရော လည်ချောင်းတွေလည်းနာ၊ အသံတွေလည်း မထွက်ကြတော့ဘူး။ ဒါကလည်း တက္ကသိုလ်ကျောင်းသူဘဝတုန်းက တွေ့ကြုံခဲ့ရတဲ့ ထမနဲပွဲလေးရဲ့ ပျော်စရာအမှတ်တရလေးပေါ့နော်။ တပေါင်းပွဲတော်ကတော့ တပေါင်းလပြည့်နေ့မှာ တန်ခိုးကြီးဘုရားများနဲ့ နိုင်ငံအနှံ့က ဒေသအသီးသီးမှာ ထမနဲတွေထိုးကြပြီး ဘုရား၊ ရဟန်း၊ သံဃာတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ မိတ်ဆွေသူငယ်ချင်းရဲ့ အိမ်များကို ဝေငှခြင်း၊ စတုဒိသာအလှူဒါနပြုခြင်းများကို ပြုလုပ်ကြတဲ့ ရာသီပွဲတော်တစ်ခုဆိုရင်လည်း မမှားပါဘူး။

          ဒီလရဲ့ ပွဲတော်တွေထဲက နောက်တစ်ခုဖြစ်တဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်မှာ လုပ်စားလို့ရမယ့် ဟင်းလျာများအနေနဲ့ကတော့ ဆိုဖီယာရဲ့ လာဘ်လာဘတွေ ပေါကြွယ်ဝဖို့အတွက် အိမ်တွင်းမှာ ချက်ပြီးစားလေ့ရှိတဲ့ ရတနာရှစ်မျိုးဆန်ပြုတ်နှင့် ချမ်းသာခြင်းသုခ အပြည့်ရစေဖို့ ရတနာရှစ်မျိုး ကောက်ညှင်းပူတင်းလုပ်နည်းနဲ့ အံ့ဝင့်ထွဋ်ရဲ့ တရုတ်နှစ်သစ်ကူးမှာ လုပ်စားလို့ရမယ့် တရုတ်အစားအစာများကိုလည်း ရေးသားတင်ပြထားပါတယ်။ ဒါ့အပြင် ဆုမြတ်က ချစ်သူများနေ့မှာ ချစ်သူနှစ်ဦး အတူတူကိုယ်တိုင် ချက်ပြုတ်စားလို့ရနိုင်မယ့် ဟင်းပွဲလေးတွေအပြင် Ma Syi ရဲ့ ချစ်ရသူတွေနဲ့ အချိန်တိုတို အတွင်း အတူလုပ်စားရင်း ပျော်ရွှင်သော အချိန်ကို ပေးစေနိုင်တဲ့ အစားအစာပြုလုပ်နည်းလေးတွေနဲ့ Dexter Bistro ကလည်း Valentine’s Day Special ဟင်းတွေနဲ့ မုန့်တွေကို Food Magazine စာဖတ်ပရိသတ်ကြီး လွယ်ကူစွာ ပြုလုပ်နိုင်ဖို့ ရှင်းလင်းစွာ ရေးသားတင်ပြထားလို့ ဒီလထုတ်မဂ္ဂဇင်းမှာ ပွဲတော်သုံးခုနှင့် သက်ဆိုင်တဲ့ အစားအစာတွေ ပြုလုပ်နည်းများကို ဖတ်ရှုကြရမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

          ပျော်ရွှင်စရာတပေါင်းပွဲတော်၊ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးပွဲတော်နှင့် ပျော်ရွှင်စရာ ချစ်သူများနေ့ ဖြစ်ကြပါစေ။

Hsu Myat Oo

Food Editor


Facebook Comments