Vol 7, No 9, September, 2018 Issue

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေခင်ဗျာ…

          ဟိုတစ်လောက Food Magazine Eating Out ကဏ္ဍအတွက် ရိုးရာဆိုင်တစ်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ကျွန်တော်ပြောနေကျ စကားအတိုင်းဆိုရင် ကျွန်တော်တို့မှာ ပြည်ပသားတွေကို အစားအစာနဲ့ ပတ်သက်ပြီး ပြစရာြွကားဝါစရာ ဆိုင်ကောင်းကောင်း အင်မတန်မှ နည်းလှပါတယ်။

          ဒီဆိုင်လေးကိုရောက်ပြီး အစားအစာတွေ မြည်းစမ်းပြီးတဲ့အခါမှာတော့ နောက်ထပ် ကြွားစရာဆိုင်တစ်ဆိုင်တော့ တိုးလေပြီလို့ ကျေနပ်အားရမှုအပြည့်နဲ့ မှတ်သားထားမိပါတယ်။

          တကယ်တမ်းကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယနိုင်ငံတို့နဲ့ ကူးလူးဆက်ဆံခဲ့တဲ့ သမိုင်းကြောင်းများရှိခဲ့ပြီး ပြည်တွင်းက ကိုယ်ပိုင်ရိုးရာအစားအစာတွေအပြင် အိန္ဒိယနွှယ်တဲ့ ဟင်းလျာမျိုးစုံနဲ့ တရုတ်ဘက်နွှယ်တဲ့ ဟင်းလျာမျိုးစုံတို့ကလည်း မြန်မာမိသားစုများကြားမှာ ရိုးရာဟင်းလျာများနည်းတူ မွေးစားယူပြီး စားသုံးခဲ့ကြတာ ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ ဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး ခမ်းနားကြီးကျယ်တဲ့ အစဉ်အလာများစွာရှိလျက် မြန်မာအစားအစာများဟာ နိုင်ငံတကာလက်ခံလာအောင် ထင်ပေါ်ကျော်ကြားတဲ့ အဆင့်အတန်းတစ်ခုကို မရောက်လာခဲ့တာတော့ အားမရစရာ ဖြစ်ခဲ့ရပါတယ်။ မြန်မာ့ရိုးရာ အစားအစာများရဲ့ အားနည်းချက်များစွာကို ပညာရှင်တွေက တစ်ဖက်မှာ ရှာဖွေဖော်ထုတ်နေသလို တစ်ဖက်မှာလည်း ပြည်တွင်းလုပ်ငန်းရှင် လူငယ်အများစုက  မိရိုးဖလာချက်ပြုတ်နည်းတွေကို အခြေခံပြီး ဟင်းလျာတင်ဆက် ပြင်ဆင်ပုံ ထူးခြားအဆင့်မြင့်တဲ့ ဆွဲဆောင်မှုတွေနဲ့ ရိုးရာစားသောက် ဆိုင်များကို ဈေးကွက်ထဲ ပေါ်ထွက်လာအောင် ကြိုးစားအားထုတ်လာကြပါတယ်။ ဒီလို ကြိုးစားကြရာမှာ ပြည်တွင်းဇာတိစားဖိုမှူးများရဲ့ နေရာကလည်း အလွန်အရေးပါလာခဲ့ပါတယ်။

          ပြည်တွင်းစားဖိုမှူးများအနေနဲ့ နိုင်ငံတကာချက်ပြုတ်နည်း စံနမူနာများကို အခြေခံကာ အာဟာရဗေဒအရ သတ်မှတ်ထားတဲ့ စည်းကမ်းမူများအတိုင်း လိုက်နာကျင့်သုံးပြီး ရိုးရာချက်ပြုတ်နည်းများကို သန့်ရှင်းစင်ကြယ်ပြီး ဘေးကင်းလုံခြုံတဲ့ အစားအစာများအဖြစ် ဖန်တီးချက်ပြုတ်ခြင်းဟာ တခြားနိုင်ငံတကာ နာမည်ကြီးဟင်းလျာများကို ချက်ပြုတ်နေတာထက် ပိုပြီး အကျိုးရှိမယ်လို့လည်း ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရ သုံးသပ်မိပါတယ်။

          ဒါကြောင့် ဒီလရဲ့ Eating Out အစီအစဉ်မှာ ရိုးရာအစားအစာတွေကို နိုင်ငံတကာ ဧည့်သည်များ နှစ်ခြိုက်စားသုံးလာအောင် ပြင်ဆင်ရောင်းချပေးနေတဲ့ စားသောက်ဆိုင်ကောင်းတစ်ဆိုင်ရဲ့ အကြောင်းကို ထည့်သွင်းဖော်ပြထားပေးပြီး လစဉ်ပါနေကျ စားဖိုမှူးများရဲ့ မရိုးနိုင်တဲ့ ဟင်းလက်ရာဆန်းများကိုလည်း အစဉ်အလာမပျက် တင်ဆက်ပေးလိုက်ပါကြောင်း။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments