Vol 7, No 6, June, 2018 Issue

မင်္ဂလာပါ စာဖတ်သူများခင်ဗျာ…

          မိုးဖြိုင်ဖြိုင်ကျတဲ့ ဇွန်လကိုဖြင့် ရောက်လာပါပြီ။ အပူရှိန်များလှတဲ့ ရန်ကုန်မြို့ကြီးလည်း သက်သာရာရခဲ့ပါပြီ။ တစ်နွေလုံး ပူပြင်းခဲ့သမျှ မိုးရွာချချိန်လေးဆို စိတ်အေးချမ်းသာ ရှိလှပါတယ်။ မိုးဦးလေးကျလာတော့ ကျွန်တော်တို့အဖွဲ့တွေကလည်း ရာသီစာလေးတွေ ဝိုင်းဝန်းပြီး ဖော်ပြပေးကြပါဦးမယ်။ ခုတစ်လော ရေပန်းအစားဆုံး ဒူးရင်းသီး၊ စိန်တစ်လုံးသရက် စတဲ့ ရာသီပေါ်သီးနှံလေးတွေကို အသုံးချပြီး ဖန်တီးပြုလုပ်ထားတဲ့ မုန့်လုပ်နည်းတွေ၊ အချိုပွဲပြင်ဆင်နည်းတွေကို တွေ့ရတော့မှာဖြစ်ပါတယ်။

          ရာသီဥတု၊ မြေဆီမြေနှစ်ကောင်းလှတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ရာသီပေါ်သီးနှံတွေနဲ့ ဒေသထွက် စားသောက်ကုန်တွေကို အခြေခံပြီး ဟင်းလျာနဲ့ မုန့်အမျိုးမျိုး ပြုလုပ်ဖန်တီးနိုင်မယ့် စားဖိုမှူးအလုပ်ကို အမြဲလုပ်ခွင့်ရလို့ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသထွက် အစားအစာ ယဉ်ကျေးမှုကို နည်းမှန်လမ်းမှန်နဲ့ ဖော်ထုတ်ပြီး ကမ္ဘာကပါသိလာအောင် မြှင့်တင်ပေးရမှာက ကျွန်တော်တို့ မြန်မာပြည်ဖွား စားဖိုမှူးများရဲ့ တာဝန်ဖြစ်ပါတယ်။ ရေ၊ မြေသဘာဝနဲ့ ကိုယ့်လူမျိုးတွေရဲ့ ဘဝနေထိုင်မှု သဘာဝ ခန္ဓာကိုယ် တည်ဆောက်ပုံအရ အစားအစာပုံစံတွေပြောင်းလဲသွားတာက စိတ်ဝင်တစားလေ့လာ မှတ်သားစရာတွေဖြစ်ပါတယ်။ ဒီလိုအခြေခံအချက်တွေကို သေသေချာချာလေ့လာပြီး ကိုယ့်ဓလေ့ရိုးရာ ချက်ပြုတ်နည်းတွေနဲ့ နိုင်ငံတကာနဲ့ သင့်တော်မယ့် ချက်နည်းပုံစံတွေကို ကျွန်တော်တို့ သင်ယူထားတဲ့ပညာနဲ့ ရောနှောပေါင်းစပ်ပြီး တင်ပြပေးရမှာဖြစ်ပါတယ်။

          စားဖိုမှူးတွေရဲ့ ဖန်တီးတီထွင်မှုအများဆုံးတွေ့ရတဲ့ Food Magazine ဟာ အခုဆို ၂၀၁၈ ရဲ့  နှစ်တစ်ဝက်ဖြစ်တဲ့ ဇွန်လမှာလည်း ထုံးစံအတိုင်း ထူးခြားဆန်းပြားတဲ့ ချက်ပြုတ်နည်းတွေနဲ့အတူ ပရိသတ်များလက်ထဲ ရောက်လာပြန်ပါပြီ။ ဒီတစ်လအတွက် စိတ်ကြိုက်အဖြစ်ဆုံးကတော့ ဝါရင့် စားဖိုမှူးကြီး ကိုမြင့်ဦးသာရဲ့လက်ရာတွေ ဖြစ်ပါတယ်။ ကျန်တဲ့ စာရေးသူ စားဖိုမှူးများကလည်း ဆန်းပြားလှတဲ့ ချက်ပြုတ်နည်းတွေကို မရိုးသွားအောင် တင်ပြပေးထားပါတယ်။ အစားအစာဆန်းဆန်းလေးတွေ ရှာဖွေစားသောက်တတ်သူများအတွက် Eating Out ကဏ္ဍမှာ နေရာကောင်းကောင်း၊ အစားအစားကောင်းကောင်းလေးတွေ တင်ပြပေးထားပါတယ်။ ဒူးရင်းသီးရာသီ ဒူးရင်းသီးချစ်သူတွေအတွက်လည်း ဒူးရင်းသီးနဲ့လုပ်တဲ့ မုန့်လုပ်နည်းလေးတွေပါ ပါသေးတယ်။

          ဒီတော့ ရာသီစာတွေ၊ ဒေသစာတွေ၊ မြန်မာ၊ အာရှနဲ့ အနောက်တိုင်း ဟင်းချက်နည်းတွေ၊ မုန့်လုပ်နည်းတွေအစုံအလင်နဲ့ ဇွန်လထုတ် မဂ္ဂဇင်း လေးကိုလည်း အမြဲတမ်းနည်းတူ လက်ခံအားပေးနေဦးမယ်လို့ ယုံကြည်မှုအပြည့်နဲ့ ပရိသတ်လက်ရောက် ပို့ဆောင်ပေးလိုက်ပါပြီ။

          အေးချမ်းပျော်ရွှင်စရာ မိုးရာသီလေးဖြစ်ပါစေ…။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments