Vol 7, No 7, July, 2018 Issue

မင်္ဂလာပါပရိသတ်ကြီးရေ…

          မိုးအေးအေးမှာ ရေးလိုက်တဲ့ စာလေးပါ။ အိမ်အပြင်ဘက်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့အချိန်ဆို ဘာမှ ထမလုပ်ချင်လောက်အောင် အပျင်းကြောက ရှည်ပါတယ်။ ဘာမှမလုပ်ချင်ပေမယ့် စားမယ့်အချိန်ဆိုရင် တော့ မပျင်းမရိ ထချက်ရတာ စားဖိုမှူးတိုင်းရဲ့ အကျင့်ဖြစ်နေမှာပါ။ အချိန်ရှိသရွေ့  အစားအကြောင်းတွေပဲ စဉ်းစားလိုက်၊ စိတ်ကူးရှိသလို စမ်းသပ် ချက်စားလိုက်နဲ့ နေလာတဲ့ရက်တွေဟာ အလုပ်လုပ်နေတယ်လို့တောင် မခံစားရပါဘူး။ ဒီတစ်ချက်နဲ့တင် စားဖိုမှူးဘဝရပ်တည်ရတာ အရမ်းကို ကျေနပ်စရာကောင်းနေပါပြီ။

          ငယ်ငယ်က ကျောင်းတက်တဲ့အရွယ်မှာဆို ဒီအချိန်စားစရာဆိုလို့ ရခိုင်မုန့်တီ၊ ကြေးအိုးပြုတ်စတာတွေ၊ ဝက်ခြေထောက်စွပ်ပြုတ်တွေပဲ စားရတာပါ။ အခုခေတ်မှာတော့ ဟောပေါ့ဆိုင်တွေလည်း နေရာတကာ လက်ညှိုးထိုးမလွဲပါဘဲ။ အာပူလျှာပူဆိုင်တွေ၊ အရင်က ရခိုင်အစားအစာဆိုလို့ ရခိုင်မုန့်တီတစ်မျိုးတည်းသာသိထားကြတဲ့ ကျွန်တော့်လို ရန်ကုန်မွေး၊ ရန်ကုန်ကြီးသူအတွက် ရခိုင်အစားအစာမျိုးစုံနေအောင်ရတဲ့ ဆိုင်တွေပေါ် လာတာကလည်း ဝမ်းသာစရာပါ။ ပူပူလောင်လောင်၊ စပ်စပ်ပြင်းပြင်း အစားအစာတွေနဲ့ ဒီလိုရာသီဥတုကလည်း အံကိုက်လို့နေပါတယ်။

          ဒီတစ်လမှာ မိုးတွင်းစားကောင်းမယ့် အစားအစာလေးတွေ ဝိုင်းဝန်းတင်ပြပေးထားကြပါတယ်။ မိဘရိုးရာစာ၊ တိုင်းရင်းသားရိုးရာစာလေးတွေဟာ ဘယ်တော့မှ ရိုးအီမသွားဘဲ အမြဲကောင်းနေတဲ့ ပုံပြင်ဟောင်း လေးတွေလိုပါပဲ။ ပုံပြင်ကောင်းကောင်းလေးတွေကို ကလေးဘဝက ထပ်ကာထပ်ကာ ကြားချင်နေသလို မိဘရိုးရာ အစားအစာကောင်းလေး တွေကိုလည်း ထပ်ကာထပ်ကာ မရိုးတမ်းစားချင်ကြတာ သဘာဝဖြစ်လို့ နေပါတယ်။ ဒီတစ်လ Food Magazine မှာ ဒီလိုအစားအစာချက်နည်း၊ အသုပ်သုပ်နည်း၊ မုန့်လုပ်နည်းတွေကို တွေ့ရမှာဖြစ်သလို မိုးတွင်းမှာ အေးအေးဆေးဆေး ငေးလို့ကောင်းမယ့် ဆိုင်လေးတစ်ဆိုင်အကြောင်းလည်း Eating Out ကဏ္ဍမှာ ဖော်ပြပေးထားပါသေးတယ်။

          ထုံးစံအတိုင်း ဘယ်တော့မှ မရိုးနိုင်တဲ့ ဟင်းလက်ရာတွေနဲ့ အဆန်း တကြယ် တင်ဆက်ပေးလိုက်တဲ့ Food Magazine ရဲ့ ဇူလိုင်လထုတ်လေးကို လက်ထဲမှာကိုင်ပြီး မိုးရာသီအေးအေးလေးမှာ ကောင်းနိုးရာရာ ရွေးချယ် ချက်ပြုတ်စားနိုင်ဖို့ ပရိသတ်များရဲ့ လက်ထဲအရောက်ပို့ဆောင်ပေးလိုက်ပါပြီ။ ပျော်ရွှင်ဖွယ် မိုးရာသီနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments