Vol 7, No 5, May, 2018 Issue

မင်္ဂလာပါ ပရိသတ်ကြီးရေ…

          ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးတဲ့ အစားအစာနဲ့ ပတ်သက်တဲ့ စကားပုံလေးတွေကို အမှတ်ရမိပါတယ်။  အစားတစ်လုတ် ဒုတ်(တုတ်)တစ်ချက်… အစားမတော်တစ်လုတ်… ဝက်သားဟင်းနဲ့ကျွေးပြီး ဝါးရင်းဒုတ် (တုတ်)နဲ့ရိုက်… စုံနေအောင်ပါပဲ။ ဒါပေမဲ့ ထူးခြားတာက ဒီကစကားပုံတွေက အစားအစာစားသောက်တာနဲ့ ပတ်သက်ပြီး သတိပေးတဲ့ စကားတွေချည်း ဖြစ်နေတာပါပဲ။ စားတဲ့အချိန်စားလိုက်ပြီး ခံတဲ့အချိန်ခံရမယ်ဆိုတဲ့ သဘောမျိုးဆောင်ပါတယ်။ ဒီလိုစကားပုံတွေရှိသလို အစာလည်းဆေး၊ ဆေးလည်း အစာဆိုတာလည်း ရှိပြန်ပါတယ်။ အစားအစာမျိုးစုံရှိတဲ့ထဲကမှ ဆေးအနေနဲ့ မှီဝဲလို့ရတဲ့ ဆေးဘက်ဝင် အစားအစာအသီးအနှံများကို ရည်ရွယ်မယ်လို့ ထင်ပါတယ်။ ဒီကမှတစ်ဆင့် တန်ဆေးလွန်ဘေးဆိုတာကလည်း ရှိပါသေးတယ်။ တော်ရုံတန်ရုံဆို ဆေးဖြစ်ပေမယ့် အလွန်အကျွံဆိုရင်တော့ ဘေးဥပဒ်ဖြစ်မယ်လို့ သတိပေးချင်ဟန်တူပါတယ်။ ဒီစကားပုံကျပြန်တော့ အစားတစ်ခု တည်းရယ်မဟုတ်တော့ဘဲ လူမှုဘဝရဲ့ အနေအထိုင်အားလုံးနဲ့ သက်ဆိုင် မယ်ထင်ပါတယ်။ ရှေးမြန်မာများရဲ့ ဆိုဆုံးမခဲ့တဲ့ စကားပုံများဟာ ဒီနေ့ခေတ်မှာတော့ အတော်လေးအသုံးဝင်ပြီး ဖြစ်ပျက်နေသမျှနဲ့လည်း  အံဝင်ခွင်ကျ ဖြစ်လို့နေပါတယ်။

          အစားအစာနဲ့ပတ်သက်ပြီး သတိပေးစကားများ အမြဲပြောဖြစ်ခဲ့ပေမယ့် နောက်ထပ် တစ်ခါ ပြောပါရစေ။ ကိုယ်တိုင်ချက်တဲ့ဟင်းလျာများသာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။ ဘယ်သူကမှ ကိုယ်စားမယ့်အစားအစာကိုတော့ ဖြစ်သလိုကိုင်တွယ်ပြီး မဆေးမကြောဘဲ ချက်ကြမယ်မထင်ပါဘူး။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေကိုလည်း လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေဖြစ်ဖို့အပြင် ကျန်းမာရေးနဲ့ညီညွတ်စေမယ့် ပါဝင်ပစ္စည်းတွေ ရွေးချယ်ချက်ပြုတ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ကြော်ငြာတွေနဲ့ ဆွဲဆောင်မှုများလာတဲ့ စီးပွားရေး ဈေးကွက်ချဲ့ထွင်ကြတဲ့ခေတ်အခါမို့ ရွေးချယ်ရမယ့်အဖြစ်တွေ ကြုံလာတိုင်း သတိထား ဆင်ခြင်ပြီးမှ ရွေးချယ်စားသောက်ဖို့လိုပါတယ်။ အစားအစာနဲ့ ပတ်သက်သမျှ ဂရုတစိုက်ရှိကြစေချင်ပါတယ်။ ဒီနေ့သတိမမူဘဲ စားကောင်းကောင်းနဲ့ စားလိုက်မိတဲ့ အစားအစာတွေရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ နောင်နှစ်ပေါင်းများစွာကြာမှ ထိတ်လန့်စရာ နာမည်ပေါင်းစုံနဲ့ ရောဂါမျိုးစုံဖြစ်ရတာ ဒီနေ့ ပြည်သူ့ဆေးရုံတွေနဲ့ အထူးကုဆေးရုံတွေမှာ အမြဲတွေ့နေရတဲ့ နေမကောင်းဖြစ်နေကြတဲ့ လူအုပ်ကြီးက သက်သေပါပဲလို့ စိတ်မကောင်းစွာနဲ့ အသိပေးပါရစေ။

          ဒါကြောင့် စားသုံးသူများအနေနဲ့ အရသာရဲ့နောက်ကို လိုက်တဲ့နေရာမှာ အသိ သတိလေးနဲ့ ယှဉ်တွဲပြီး ရွေးချယ်နိုင်ပါစေ၊ ဆင်ခြင်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ရင်း မေလထုတ် Food Magazine ကို ပရိသတ်များလက်ထဲ အရောက်ပို့ဆောင်ပေးလိုက်ပါတယ်။ ဆေးဖြစ်သော အစာများ စားသောက်ရင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments