Vol 7, No 4, April, 2018 Issue

အယ်ဒီတာ့စကား

          Food Magazine ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …

          အတာကျူးသော တန်ခူးလအခါ ရောက်လို့လာပါပြီ။ မြေသင်းရနံ့လေးတွေ ပြန်ရပြီး… တူးပို့တေးသံတွေနဲ့ သင်္ကြန်အငွေ့အသက်လေးတွေကို အစဉ်အလာမပျက် ရင်ခုန်ရပါဦးမယ်။

          မှတ်မိပါသေးတယ်။ ငယ်ငယ်ကဆိုရင် ရေပုံးလွယ်၊ ရြွေပတ်သယ်ပြီး သင်္ကြန်ရေ တိုက်ပွဲ နွှဲခဲ့တာလေးတွေ၊ စတုဒိသာမဏ္ဍပ်မှာ ကလေးပီပီ ခပ်တည်တည် ဝင်ထိုင်ပြီး ကျွေးသမျှ  အဝတုတ်ခဲ့တာတွေ၊ အခန့်မသင့်လို့ သတိကြီးကြီးထားတဲ့ကြားက မုန့်လုံးထဲက ငရုတ်တုံးမိပြီး မျက်ရည်လည်တဲ့အထိ စပ်ခဲ့တာတွေ၊ လူပျိုမပေါက်တပေါက် ဟိုမရောက်၊ သည်မရောက် အရွယ်ကျတော့ တကယ်ကိုခွကျပါတယ်။ ကလေးတွေကြားထဲ ရေပြွတ်ပိုက်၊ ရေပုံးသယ်ပြီး စစ်တိုက်လည်းမရ၊ သင်္ကြန်ကားနဲ့ လိုက်ချင်လို့ ကျပြန်တော့ လူပျို၊ အပျိုဖားဖားကြီးတွေက သူတို့ကားမှာ လက်မခံချင်ကြ၊ အိမ်က ဦးလေး၊ အဒေါ်တွေများ ကားနဲ့မထွက်ရင် ကိုယ့်မှာ ဘယ်မှမရောက်ရတဲ့အဖြစ်၊ လူငယ်ဘဝက ကြီးလာကြသူတိုင်း အနည်းနဲ့အများကတော့ ခံစားဖူး မှာပါ။

          သင်္ကြန်အတက်နေ့ညမှ သင်္ကြန်မိုးကို ရုပ်မြင်သံကြားက လွှင့်ပြန်တော့ ကြိုက်လွန်းလို့ မရိုးတမ်း နှစ်တိုင်းကြည့်နေဖြစ်တယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ ငယ်ဘဝအမှတ်တရတွေက နည်းမှမနည်းကိုး…။

          ဒီအထဲက အမှတ်အရဆုံးကတော့ သင်္ကြန်စတုဒိသာ သီးစုံကုလားဟင်းနဲ့ ငါးသလောက်သုပ်စားဖြစ်ခဲ့တဲ့ တစ်နှစ်ပါပဲ။ သင်္ကြန်သီးစုံဟင်းလို့ နာမည်ပေးရလောက်အောင် အရည်များများပေါ့။ အရသာကတော့ အတော်ကောင်းတာ။ ငါးသလောက်သုပ်ဆိုတာ ဘာများတုံး မမေးနဲ့။ အလှူဆိုတာ မနက်ကတည်းက စကျွေးနေတာ  ငါးသလောက်ပေါင်းနဲ့ပါ။ နည်းနည်းလေး နေမြင့်လာတော့ ငါးသလောက်ပေါင်းက မလောက်မယ့်နိမိတ်တွေ မြင်ကြတယ်ထင်ပါ့။ ဂေါ်ဖီထုပ်တွေ လှီးထည့်ပြီး ဟင်းအနှစ်တွေနဲ့ ရောပြီးတော့ ငါးတွေပါ ကြေအောင်နယ်၊ ရှလကာရည်တွေများ ဆမ်းသေးလား မပြော တတ်။ ငရုတ်သီးစိမ်းလေးများနဲ့ဆိုတော့ ကလေးအရွယ် ကျွန်တော်တို့မှာ ဘယ် ကြေး (ဂျီး) များနေမလဲ။ စားလို့ ကောင်းလိုက်တဲ့ သင်္ကြန်စတုဒိသာပါဗျာ။ အလွန်ကို အမှတ်တရရှိလှတာ။ အခုအချိန်တွေအထိ ဒီအချိန် ရောက်တိုင်း သတိရနေဆဲ… ဒီဘက်အချိန်တွေရောက်တော့ ကိုယ်တွေ အလုပ်အကိုင်အရ၊ အသက်အရွယ်အရ အလှူတွေကို ပြန်လည်အကျိုးပြုပေးရတဲ့ အရွယ်ရောက်လာပြန်ပြီလေ။ သင်္ကြန်စာ၊ အလှူစာ၊ စတုဒိသာစာ အမျိုးမျိုးအတွက် ဖန်တီးရေးသားပေးလိုက်ပါရဲ့။ စာရေးဖော်တွေ အားလုံး ကလည်း တက်ညီလက်ညီ အစဉ် အလာမပျက်ပါပဲ။ အတာသင်္ကြန်အတွက် ပရိသတ်လက်ထဲ အရောက်ပို့ပေးလိုက်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments