Vol 7, No 3, March, 2018 Issue

အယ်ဒီတာ့စကား

          မင်္ဂလာပါ ပရိသတ်ကြီးရေ…

          ဟိုတစ်လောက စာရေးဆရာမကြီးတစ်ဦးရဲ့ စကားလုံးလေးတစ်ခုကို နည်းနည်းလေး ဟာသဖောက်ပြီး ရေးမိပါတယ်။ မီးဖိုချောင်နဲ့ ရင်းနှီးတဲ့ ယောကျာ်းတွေဟာ ချစ်စရာကောင်းကြတယ်လို့ ဆိုပါတယ်။ ဒါနဲ့ နောက် ဆက်တွဲ အာရှသားတွေဟာ မီးဖိုချောင်နဲ့ မရင်းနှီးဘူးလို့ ဆိုပြန်ပါတယ်။ ဒီစကားမှန်ခြင်း၊ မှားခြင်းဆိုတာ သိပ်အရေးမကြီးပေမယ့် မီးဖိုချောင်ထဲဝင်တဲ့ ယောကျာ်းတစ်ယောက်မှာ မိသားစုကိုပေးမယ့် ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိနေမယ်ဆိုတာတော့ အသေအချာပါပဲ။

          ကျွန်တော်တို့ ယောကျာ်းတွေ ဘယ်တော့မှ  တုဘက်ပြိုင်လို့မရနိုင်တာ အိမ်ရှင်မတွေရဲ့  ပေးဆပ်သည်းခံနိုင်စွမ်းပါ။ ဒါကို အပြည့်အဝကိုယ်ချင်းစာနားလည်နိုင်တာ ရှိသမျှ ယောကျာ်းထုကြီးထဲကမှ မီးဖိုချောင်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ယောကျာ်းသားများဖြစ်ပါတယ်။ မဝင်ဖူးသေးတဲ့ ကျွန်တော့်ညီအစ်ကိုများလည်း တစ်မနက်၊ တစ်ရက်လေးလောက် မီးဖိုချောင်ထဲ ဝင်ကြည့်စေချင်ပါတယ်။ မိသားစုတွေအားလုံး ဆာလောင်တဲ့အချိန် အဆင်သင့်စားနိုင်ဖို့ အချိန်ဆိုတဲ့ ဖိအားကို မနက်စာကစပြီး ညစာအထိ ချက်ပြုတ်ရတဲ့ တာဝန်ဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ တစ်နပ်စာအတွက် ပြင်ဆင်နေတုန်း နောက် တစ်နပ်စာ အတွက် စဉ်းစားနေရပြန်ပါတယ်။ ပြည့်စုံနေရင် ဘာမှမပူရပေမယ့် မပြည့်စုံတဲ့ သူတွေအတွက်ဆို ဖိအားက ပိုလို့တိုးလာပါသေးတယ်။ ဒီလို ဒဏ်တွေကို ခံနိုင်ရည်ရှိမယ်လို့ သေချာတာ၊ မသေချာတာ ဘာမှမသိဘဲ မီးဖိုချောင်ထဲ ယောင်လည်လည်နဲ့ ရောက်လာကြသူ တွေဟာ အိမ်ရှင်မတွေ ဖြစ်လို့ သူတို့နည်းတူ မီးဖိုချောင်ထဲကတာဝန်ကို ကူညီထမ်းဆောင်ပေးမယ့် ယောကျာ်းတွေဟာ ချစ်စရာကောင်းတယ်လို့ ဆိုချင်တာဖြစ်နိုင်ပါတယ်။

          ဒီနေ့မှာအိမ်ရှင်မတွေအတွက် လက်လှမ်းမီရာ သင်ယူစရာတွေ လက်တစ်ကမ်းမှာ များစွာရှိလာပါပြီ။ သည်အထဲကမှ အမျိုးသား (လူငယ်အများစု) က ချစ်မေတ္တာကို ရှေ့တန်းတင်ပြီး မီးဖိုချောင်မှာ ချက်ရပြုတ်ရတဲ့ကိစ္စတွေကို အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားလာကြတာ ဝမ်းသာစရာတစ်ခုပါ… ပြောခဲ့သလို သင်ယူစရာများစွာကိုလည်း အိမ်ရှင်မများနည်းတူ စိတ်ဝင်တစား သင်ယူလာကြတာ တွေ့ရပါတယ်။

မီးဖိုချောင်မှ ကြိုဆိုပါတယ်…

          ယောကျာ်းလေးဖြစ်လို့ အချက်အပြုတ်မလုပ်ရဘူးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့တာကြောင့် ကျွန်တော်တို့ ယောကျာ်းသားတွေလည်း မီးဖိုချောင်မှာ အိမ်ရှင်မတွေနဲ့အတူ ရင်ပေါင်တန်းကြပါစို့လို့ ဒီတစ်လမှာ အသိပေးခေါင်းလောင်းတီးလိုက်ပါရစေ။

          မီးဖိုချောင်နဲ့ရင်းနှီးတဲ့ ယောကျာ်းတွေဟာ ချစ်စရာကောင်းကြပါတယ်။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editors

Facebook Comments