Vol 7, No 2, February, 2018 Issue

အယ်ဒီတာ့စကား

          လှပချစ်စဖွယ်ကောင်းလှတဲ့ ဖေဖော်ဝါရီလလေးပါ ပရိသတ်ကြီးရေ။ ပျော်ပွဲရွှင်ပွဲတွေ အမြဲဆက်နေတဲ့ မြန်မာပြည်ကြီးမှာနေရတာ အလွန်မှကို ပျော်စရာကောင်းလှပါတယ်။ တစ်ပွဲမှမပြီးသေး နောက်တစ်ပွဲ၊ ပွဲပြိုင်၊ နာမည် အမျိုးမျိုး၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျော်ပွဲရွှင်ပွဲ၊ ကြည့်ချင်ပွဲများစွာဟာ ရန်ကုန်မှာ ပိုလို့မှကိုများပါတယ်။ ဒီအထဲမှာအစားအစာပွဲတော်များကလည်း လူတန်းစားမရွေး စိတ်ဝင်တစား တိုးကြိတ်စည်ကားတဲ့ပွဲအမျိုးအစား တစ်ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုးမှာ အမြင်ဖူးမကြားဖူးမစားဖူးတဲ့ အစားအစာ များစွာကို လေ့လာစားသောက်ခွင့်ရသလို အစားအစာအသစ်အဆန်းတွေ လည်း များစွာမှကို ထွက်ပေါ်လာကြပြီး လူကြိုက်လည်းများကြပါတယ်။ ဒီလို ပွဲတော်တွေမှာ အသစ်ထွက်လာပြီး လူကြိုက်များလာတဲ့ အစားအစာများဟာ အောင်မြင်မှုအလီလီရပြီးနောက်မှာတော့ နေရာအတည်ကကျနဲ့  ဆိုင်ကြီးကနားကြီးအဖြစ် ရပ်တည်နိုင်တဲ့အထိ အောင်မြင်လာတာတွေ လည်း အားကျအတုယူဖွယ်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ခမ်းနားကြီး ကျယ်တဲ့ဆိုင်များ၊ ဖရန်ချိုက်ဆိုင်များကို အရင်းအနှီးများများစားစား ခိုင်ခိုင်မာမာနဲ့ အလုအယက် နေရာယူဖွင့်လာကြပြီး ဈေးကွက်နေရာဦးလာ ရာက ချွတ်ချော်ပြီး မကြာမတင်ပိတ်သွားရတဲ့ သင်ခန်းစာယူဖွယ် သာဓကတွေလည်း တစ်ပြိုင်တည်းမှာ မနည်းမနောပါဘဲ။

          ကျွန်တော့်ဆီမှာ စားသောက်ဆိုင်ဖွင့်ချင်လို့ အစားအသောက်ရောင်းတဲ့ကား လုပ်ချင်လို့ စသဖြင့် အမျိုးမျိုးအဖုံဖုံ လာရောက်မေးမြန်းစုံစမ်းကြတဲ့ မိတ်ဆွေများစွာအတွက် တစ်ခုတည်းသောပြန်မေးတဲ့ မေးခွန်းက ကိုယ် တိုင်လုပ်မှာလားဆိုတဲ့ မေးခွန်းပါ။ အားလုံးလည်း ကိုယ်တိုင်လုပ်ဖို့ မလိုပေမယ့် ကိုယ်တိုင်တတ်ကျွမ်းပြီး ၆ လ၊ ၁ နှစ်တန်သည် ၂ နှစ်တန်သည် ကိုယ်တိုင်လုပ်နိုင်၊ အချိန်ပေးနိုင်မှ လုပ်ကြဖို့ကိုပဲ ပြန်လည်အကြံပေးမိပါ တယ်။ ကိုယ်တိုင်လုပ်တတ်ခြင်းရဲ့ အားသာချက်များစွာရှိပါတယ်။ အမြတ်ရ ဖို့နောက်ထားလို့ ယိုပေါက်တွေကို အရင်သိနားလည်ထားဖို့ လိုမှာဖြစ်လို့ ကိုယ်တိုင်တတ်မြောက်ထားခြင်းက အထောက်ကူဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ ကိုယ်တိုင်ချက်နိုင်ပြုတ်နိုင်မယ်၊ တစ်ကယ်လည်း ဒီအလုပ်မှာ အရူးအမူးစိတ်ဝင်စားမယ်ဆို ဈေးကွက်မှာ သူများတွေလုပ်နေတာထက် သာလွန်ကောင်းမွန်ပြီး ထူးခြားဆန်းပြားတဲ့ အစားအစာအမည်သစ်တွေ  အထက်ကပြောခဲ့သလို ထွက်ပေါ်လာပြီး လူကြိုက်များ (ပေါက်) သွားတာမျိုးနဲ့လည်း အောင်မြင်သွားတတ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ပါဝင်ပတ်သက်နိုင်မယ့် စွမ်းအားအတိုင်းအတာကိုနားလည်ပြီး တစ်စိုက်မတ်မတ်လုပ်နိုင်ရင်တော့ ဈေးကွက်အနေအထားအပေါ်မူတည်ပြီး အချိန် အတိုင်းအတာတစ်ခုမှာ အောင်မြင်နိုင်ပါတယ်။ အောင်မြင်ပြီးနောက်ပိုင်းမှာ တော့ အောင်မြင်လာရခြင်းရဲ့ အဓိကအကြောင်းရင်းခံဖြစ်တဲ့ ကိုယ့်ဆိုင်ရဲ့ အားသာချက်တွေကို လျော့ကျမသွားအောင် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့လိုပြီး တစ်ဖက်ကလည်း အစားအစာရောင်းချခြင်းလောကရဲ့ အပြောင်းအလဲတွေ၊ တိုးတက်လာတဲ့နည်းပညာတွေကို မျက်ခြေမပြတ်အောင် လေ့လာသင်ယူပြီး မိမိလုပ်ငန်းကို အမြဲတိုးတက်နေအောင် ကြိုးစားသွားမှ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ပြီး လုပ်ငန်းတိုးချဲ့ဖို့ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စနစ်တစ်ခု အကောင်အထည်ဖော်ပြီး ကိုယ်တိုင်ပါဝင်စရာမလိုတော့တဲ့ အောင်မြင်တဲ့လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်သွားနိုင်မှာဖြစ်ပါတယ်။

          Food Magazine စာဖတ်ပရိသတ်များထဲမှာလည်း ကိုယ်ပိုင်စီးပွားတစ်ခု ထူထောင်ချင်တဲ့သူများ အများအပြားရှိမယ်လို့ ယုံကြည်လို့ ဒီတစ်လ အယ်ဒီတာစကား လက်ဆောင်ပါးလိုက်ရတာ ဖြစ်ပါတယ်။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments