Vol 7, No 12, December, 2018 Issue

Happy December ပါ Food Magazine ပရိသတ်ကြီးရေ…။

          ဒီဇင်ဘာလဆိုတာကတော့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်ပါတယ်။ နှစ်သစ်ကို အစပြုမယ့် နောက်ဆုံးလရဲ့ နောက်ဆုံးရက်မှာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်း အသင်းတွေစုပြီး မုန့်တွေလုပ်စားကြတယ်။ မိတ်ဆုံစားပွဲ လေးတွေလုပ်ပြီး ပင်ပန်းခဲ့သမျှ ဘဝအမောတွေကို ဖြေဖျောက်ရင်း နှစ်သစ်ကို ကြိုဆိုကြပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိကြတဲ့ လူမျိုးပေါင်းစုံကလည်း နှစ်သစ်ကိုကြိုဆိုကြတဲ့ New Year ညလေးမှာ ချစ်တဲ့ ပရိသတ်ကြီးလည်း ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ရင်း ပါဝင်ဆင်နွှဲလိုက်ကြပါဦးနော်။

          ဒီလိုနှစ်သစ်ကူးညလေးမှာ တချို့သောလူတွေကတော့ စတိတ်ရှိုးပွဲတွေမှာ သွားရောက်အားပေးရင်း နှစ်သစ်ကို ကြိုဆိုကြပါတယ်။ ဆုမြတ်တို့ တစ်အိမ်သားလုံးကတော့ ရုပ်မြင်သံကြားကလာတဲ့ ရှိုးပွဲတွေကို မုန့်တွေလုပ်စားရင်း အားပေးကြပါတယ်။ ည ၁၂ နာရီတိတိမှာ မီးရှူးမီးပန်းများ၊ မီးရောင်စုံအလှများကို သက်ဆိုင်ရာနိုင်ငံတိုင်းရဲ့ အထင်ကရ အဆောက်အအုံများနှင့် နေရာအသီးသီးမှာ ပစ်လွှတ်၊ ထွန်းညှိထားတာတွေကလည်း ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။

          ဒီဇင်ဘာလမှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ Christmas ဆိုတဲ့ ခရစ်ယာန်ပွဲတော် နေ့လေးလည်းရှိတာမို့ ဒီလမှာ အိမ်တိုင်းကို လာရောက်ပြီး ဓမ္မတေးသီချင်းတွေ သီဆို ပြီးတော့ ဆုတောင်းမေတ္တာပို့သတဲ့ တေးသံတွေ ကိုလည်း ကြားကြရမှာပါ။ ခရစ်ယာန်ဘုရားကျောင်းများနှင့် လမ်းတွေမှာ မီးရောင်စုံလေးများ ထွန်းညှိထားကြပြီး ကျင်းပကြတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရပါတယ်။

          ဒီလထုတ် Food Magazine မှာတော့ စာဖတ်ပရိသတ်ကြီးက နှစ်သစ်ကူးညနဲ့ ခရစ္စမတ်ပွဲတော်မှာ လုပ်စားလို့ရမယ့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လွယ်ကူလျင်မြန်စေမယ့် အစားအစာလေးတွေကို မဂ္ဂဇင်းပင်တိုင် စားဖိုမှူးများက ရေးသားတင်ပြပေးထားကြပါတယ်။ Syi Lwin Foods Garden ရဲ့  လီမွန်ဟင်းခတ်အမွှေးအကြိုင်စုံကင်၊ ကြက်တစ်ကောင်လုံးချက်၊ ကိုဝင်းဇော်ရဲ့ ဂျင်ဆင်းကြက်ပေါင်း၊ ပန်းခရေရဲ့ ကြက်ဥပေါင်းတို့ကို ဖတ်ရှုပြီး နှစ်သစ်ကူးညမှာ လုပ်စားကြပါဦးနော်။ ဆုမြတ်ရေးသားတင်ပြထားတဲ့ Russian Potato Salad ဆိုရင်လည်း ရုရှားလူမျိုးတွေရဲ့ နှစ်သစ်ကူးမှာ လုပ်စားလေ့ရှိတဲ့ အသုပ်လေးဖြစ်ပါတယ်။ အဲဒီဟင်းပွဲလေးကတော့ ဆုမြတ်ကို အင်္ဂလိပ်စာသင်ပေးတဲ့ ဆရာမ Ira Kirilenko က ပြောပြပေးထားတာဖြစ်ပြီး အရသာလည်းရှိတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်…။

Hsu Myat Oo

Food Editor

Facebook Comments