
Happy New Year ပါနော်။ Food Magazine စာဖတ်ပရိသတ်ကြီးရေ… နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းခဲ့ပြန်ပါပြီနော်။ ဒီနှစ်သစ်မှာ Food Magazine စာဖတ်ပရိသတ်ကြီးနှင့်တကွ ကြော်ငြာရှင်ကြီးများ၊ မဂ္ဂဇင်းမှာ ပါဝင်ရေးသားခဲ့ကြ၊ ရေးသားနေကြတဲ့ စာရေးသူ အစ်ကို၊ အစ်မ၊ မောင်နှမများ အားလုံး ၂၀၁၉ နှစ်သစ်မှစပြီး တစ်နှစ်ပတ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး အလိုရှိသမျှအားလုံး ပြီးပြည့်စုံနိုင်ပါစေလို့ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။
အခုဆိုရင် အားလုံးရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် Food Magazine ဟာ (၈)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ Food Magazine တစ်ဖွဲ့သားလုံးကလည်း တစ်လနဲ့တစ်လ မတူအောင်၊ တစ်နှစ်နဲ့တစ်နှစ် အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်စေမယ့် ဟင်းချက်နည်းများ၊ စာဖတ်ပရိသတ်ကြီး သိထားသင့်တဲ့ ပိုမိုစိတ်ဝင်စားဖို့ကောင်းမယ့် ဆောင်းပါးများကို ကြိုးစားပြီး တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ဇန်နဝါရီလထုတ် Food Magazine မှာတော့ ကိုမြင့်ဦးသာရဲ့ မတူညီကွဲပြားလှတဲ့ သက်သတ်လွတ်ဟင်းများထဲမှ သက်သတ်လွတ် မြန်မာအစားအစာများ၊ ဆိတ်သားဟင်းကောင်းကောင်း စားချင်သူများအတွက် Sofia ရဲ့ ဆိတ်သားအညှီနံ့ပျောက်ပြီး နူးအိတဲ့ ဆိတ်သားနှပ်ချက်၊ တင့်တင့်မြန်မာမုန့်ဆိုင်မှ မုန့်ဗိုင်းတောင့်၊ မုန့်စိမ်းပေါင်း လုပ်နည်းများ၊ Master Chef Myanmar မှ မတင်တင်ဦးရဲ့ မြန်မာအစားအစာကို တစ်မူဆန်းသစ်ထားတဲ့ လက်ရာများအပြင် ရိုးရိုးစားသောက်ဆိုင်များနှင့် အွန်လိုင်းစားသောက်ဆိုင်များအကြောင်းကို နှိုင်းယှဉ်ထားတဲ့ “အွန်လိုင်း သီးသန့် စားသောက်ဆိုင် အလုပ်ဖြစ်နိုင်မလား” ဆိုတဲ့ ဆောင်းပါးလေးကိုလည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပင်တိုင်စာရေးသူ၊ စားဖိုမှူးတစ်ဦးဖြစ်တဲ့ ကိုမြင့်ဦးသာက ဇန်နဝါရီလထုတ် Food Magazine မှ စပြီး သက်သတ်လွတ်ဟင်းများကို လစဉ် ချက်ပြုတ်ရေးသားပေးသွားမှာဖြစ်ပြီး တင့်တင့်မြန်မာမုန့်ဆိုင်မှ စာရေးသူ မရွှေရည်ဖြိုးကလည်း အလှူမင်္ဂလာပွဲများမှာ တည်ခင်းနိုင်မယ့် မြန်မာ့ရိုးရာ မုန့်မျိုးစုံအကြောင်းကို လစဉ်ရေးသားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်တိုင်စာရေးဆရာ၊ စားဖိုမှူးများအပြင် Master Chef Myanmar မှ မတင်တင်ဦးနှင့် မမေဖြိုးသီတို့က ပရိသတ်ကြီး အလွယ်တကူနဲ့ လိုက်ချက်လို့ရမယ့် အရသာရှိလှတဲ့ ဟင်းလျာများကို ချက်ပြုတ်ပြသသွားမှာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကြီးတို့လည်း လစဉ်စောင့်မျှော်ဖတ်ရှုကြပါဦးလို့ သတင်းကောင်းပါးလိုက်ပါတယ်။
Hsu Myat Oo
Food Editor