Vol 7, No 11, November, 2018 Issue

          Food Magazine ပရိသတ်ကြီးအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါတယ်။ သီတင်းကျွတ်မီးထွန်းပွဲတော်မှာ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အတူပျော်ရွှင်ခဲ့ပြီး အခု ဒီလတန်ဆောင်တိုင် ပွဲတော်မှာလည်း ဆက်လက်ပြီး ပျော်ပွဲရွှ့င်ပွဲတွေကို ဆင်နွဲကြဦးမှာပေါ့နော်။

          တန်ဆောင်တိုင်လည်း ရောက်ပြီဆိုတော့ နေရာဒေသအသီးသီးနဲ့ လုပ်ငန်း၊ ဌာန၊ ကုမ္ပဏီအသီးသီးတို့က ပဒေသာပင်များပြုလုပ်လှူဒါန်းကြဖို့ ဆွေးနွေးတိုင်ပင်ကြတာတွေ၊ ရပ်ကွက်အသီးသီးမှာရှိတဲ့ လမ်းတွေမှာ လည်း အလှူခံဌာနတွေက စုပေါင်းဘုံကထိန် ကျင်းပဖို့အတွက် အလှူငွေ ကောက်ခံနေတာတွေကိုလည်း မြင်တွေ့လာရပြီဖြစ်လို့ နေရာအနှံ့မှာ သီချင်းသံတွေ ပျံ့နှံ့နေတော့မှာ ဖြစ်ပါတယ်။ အလှူကောက်ခံ ရရှိလာတဲ့ အလှူ ငွေတွေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေကို ပဒေသာပင်မှာ အလှဆင်ကြပြီး ဘုံကထိန်ပွဲ လှည့်လည်တာကိုလည်း စည်စည်ကားကားနဲ့ မြင်တွေ့ရတော့ မှာပါ။ ဆုမြတ်တို့ နယ်မှာနေတုန်းက ကျောင်းတစ်ကျောင်း၊ ဘော်ဒါဆောင် တစ်ခုက ဘုံကထိန်လှည့်ပြီဆိုရင် တစ်မြို့လုံး လှည့်လည်ပြီးတော့မှ နောက် ဆုံးပဒေသာပင်တွေ ထားမယ်လို့ စီစဉ်ထားတဲ့ ဘောလုံးကွင်းထဲကို သွားကြ တယ်။ ဒီလို ပဒေသာပင်တွေ လှည့်တဲ့အချိန်ကျရင်လည်း တစ်မြို့လုံးက ဘယ်ကျောင်းက ဘယ်လောက်တောင် လှူဒါန်းထားတာလည်းဆိုတာကို ထွက်ကြည့်ကြတယ်။ အဲဒါကတော့ နယ်ဓလေ့တစ်ခုပေါ့နော်။

          ဒီလမှာဆိုရင် ဘုရား၊ စေတီတွေမှာ ဆီမီးပူဇော်ကြတယ်။ မသိုးသင်္ကန်းတွေ ရက်လုပ်ပြီး လှူဒါန်းကြတယ်။ ပရိသတ်ကြီးလည်း နှစ်စဉ် မနက်စောစော ဘုရားဖူးရင်း တွေ့နေကျဖြစ်တဲ့ ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက် လုပ်ပြိုင်ပွဲကိုလည်း သွားကြဦးမှာပေါ့နော်။ ဒီနှစ်မှာလည်း အရင်နှစ်တွေ နည်းတူ မသိုးသင်္ကန်းရက်ပြိုင်ပွဲကို မြိုင်ဆိုင်စွာ ကျင်းပဦးမှာဖြစ်ပါတယ်။ ဒီလရဲ့ အထူးခြားဆုံးရက်တစ်ရက်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပေါင်းခတဲ့ညဆိုပြီး မယ်ဇလီဖူးတွေကို သုပ်စားကြတယ်။ နောက်ပြီး မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးစံလိုဖြစ်နေတဲ့ နှစ်စဉ်ပြုလုပ်နေကျ တန်ဆောင်မုန်းလပြည့်နေ့ နောက်နေ့ညက သူခိုးကြီးညလည်းဖြစ်တာမို့ အရင်တုန်းက ဆုမြတ်တို့ အဖေ၊ အမေတို့ခေတ်တွေတုန်းက ပျော်တတ်တဲ့သူတွေကတော့ အပျော်အပျက်လေးတွေ လုပ်ခဲ့ကြပေမယ့် အခုခေတ်မှာတော့ ဒီဓလေ့ လေးတွေက တော်တော်ရှားသွားပြီလို့ ထင်ပါတယ်။

          ဒီလမှာတော့ Food Business ကဏ္ဍမှာ ဆုမြတ် မေးမြန်းတင်ဆက်ထားတဲ့ “နတ်သုဒ္ဓါအုန်းနို့သာကူပြင်ရဲ့ ဦးစီးပဲ့ကိုင်သူ မမီးမီး”ဆိုတဲ့ ဆောင်းပါးလေးကိုလည်း ပရိသတ်ကြီး ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဟင်းချက် လက်ရာပိုင်းမှာတော့ ကိုအံ့ဝင့်ထွဋ်ရဲ့ ဝါတွင်းကာလ သတ်သတ်လွတ် ချက်နည်းလေးတွေနဲ့ မစည် (Syi Lwin Foods Garden) ရဲ့ မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေ စုဝေးပြီး လုပ်စားနိုင်မယ့် အကင်နည်းလေးတွေ အပါအဝင် တခြားသော ပင်တိုင်စားဖိုမှူးများရဲ့ မတူညီတဲ့ဟင်းချက် လက်ရာများကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Hsu Myat Oo

Food Editor

Facebook Comments