Vol 7, No 10, October, 2018 Issue

Food Magazine စာဖတ်ပရိသတ်ကြီး မင်္ဂလာပါရှင့်…။

          သီတင်းကျွတ်အခါသမယဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေထဲက တန်ဖိုးထားပြီး ကျင်းပနေတဲ့ ပွဲတော်တစ်ခုဖြစ်သလို ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားတဲ့ လတစ်လလည်း ဖြစ်ပါတယ်။ ရပ်ကွက်တိုင်းရှိ လမ်းတိုင်းလိုလိုမှာ မီးရောင်စုံတွေကို စုံညီအောင် ထွန်းညှိကြပြီးတော့ စတုဒိသာ လိုက်စားရင်း ကံစမ်းမဲလေးတွေ လိုက်နှိုက်ကြတာကလည်း သီတင်းကျွတ်လရဲ့ အနှစ်သာရတစ်ခုလည်း ဖြစ်ပါတယ်။ ကံစမ်းမဲနှိုက်ကြသူတွေအချင်းချင်းလည်း ရလာတဲ့ပစ္စည်းလေးတွေ ကြည့်ရင်း “ငါရထားတဲ့ လက်ဆောင်လေးက သေးတယ်၊ သူက ကံကောင်းတယ်” ဆိုပြီးတော့ ပြောကြရင်း သီတင်းကျွတ်ရက်တွေကို ဖြတ်ကျော်ရတာ ပျော်စရာကြီးပါ။ ငယ်ငယ်က တစ်လမ်းဝင်၊ တစ်လမ်းထွက် တန်းစီရင်း မဲလိုက်နှိုက်ကြတာ၊ ပြန်လာရင် ပစ္စည်းတွေရော၊ မုန့်တွေပါ တစ်ပုံကြီးသယ်ပြီး ပြန်ကြရတာဟာ အင်မတန်မှ ပျော်စရာ ကောင်းပါတယ်။ အခုတော့ အရွယ်ရောက်လာလို့ ကလေးတွေနဲ့အတူ အတင်းတိုးဝှေ့ လုယက်ပြီး တန်းလည်း မစီရဲတော့ပါဘူး။

          ဒီလရဲ့ Food Magazine မှာတော့ စားဖိုမှူးတွေ အားလုံးကလည်း သီတင်းကျွတ်မှာ အလှူလုပ်မယ်ဆိုရင် ကိုယ်တိုင်လုပ်နိုင်တဲ့ ထောပတ်ထမင်း၊ အချိုပွဲစတဲ့ ဖွယ်ဖွယ်ရာရာလေးတွေအပြင် ဟင်းလျာအသစ်အဆန်းတွေ၊ လူကြီးမိဘများကို မိမိတို့ရဲ့လက်ရာဖြင့် လုပ်ပြီး ကန်တော့နိုင်တဲ့ မုန့်တွေ၊ ကွတ်ကီးတွေ၊ ကိတ်တွေကို လုပ်ပြထားတာကြောင့် အလွယ်တကူ လိုက်လုပ်နိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ ကန်တော့နိုင်မှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း လူတွေအားလုံးက ဆိုင်ကဝယ်တဲ့ မုန့်တွေထက် ကိုယ်တိုင်လုပ်ထားတဲ့ မုန့်လေးတွေကို စားစေချင်ကြတယ်။ ကန်တော့ချင်လာကြတယ်။ ကိုယ်တိုင် လုပ်တတ်လာချင်ကြတယ်။ သင်တန်းတွေ တက်လာကြပါတယ်။

          ယခုအခါမှာတော့ မြန်မာနိုင်ငံအနှံ့မှာ ဟင်းချက်သင်တန်းတွေနဲ့အပြိုင် မုန့်လုပ်ငန်း သင်တန်းကျောင်းတွေလည်း ပိုများလာတယ်လို့ ခံစားရပါတယ်။ လူငယ်လူရွယ်လေးတွေကလည်း ကျောင်းပိတ်ရက်တွေမှာ တခြားအရာတွေထက် ဟင်းချက်သင်တန်းလေးတွေနဲ့ မုန့်လုပ်နည်းသင်တန်းတွေမှာ တက်ရောက်သင်ကြားလာကြတယ်။ ကိုယ်တိုင်လုပ်ထားတာလေးတွေကို ဆိုရှယ်မီဒီယာပေါ်တင်ပြီး ရောင်းချလာတာက အတော့်ကို အားကျဖို့ကောင်း လှပါတယ်။ ဒီလိုမျိုး ကျောင်းတက်ရင်း ကိုယ်ပိုင်စီးပွားရေးအသေးစားလေး တွေကို လုပ်ဆောင်နေတဲ့ လူငယ်လူရွယ်တွေအတွက်လည်း အလွန်ပဲဂုဏ်ယူမိပါတယ်။ ကျွန်မတို့ရဲ့ Food Magazine ကလည်း စာဖတ်ပရိသတ်ကြီး အလွယ်တကူ လိုက်လုပ်နိုင်မယ့် ဟင်းလျာများ၊ မုန့်များကို တစ်လနှင့်တစ်လ မတူညီအောင် ကြိုးစားတင်ဆက်သွားပါမယ်လို့ ကတိပြုလိုက်ပါတယ်။

Hsu Myat Oo

Food Editor

Facebook Comments