Vol 7, No 1, January, 2018 Issue

အယ်ဒီတာ့စကား

          မင်္ဂလာပါ ပရိသတ်ကြီးရေ …

          ၂၀၁၇ ကတော့ ကုန်ဆုံးတော့မယ်နော်။ ၂၀၁၈ အတွက်ရော ဘာတွေပြင်ဆင်ပြီးပြီလဲ။

          တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်မြင်ဖို့ နေ့စဉ်မပြတ် ကြိုးစားနေကြရတဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ အချိန်ရှားပါးလွန်တဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်တို့တစ်တွေ တော်တော်များများက အစားအစာကို ဖြစ်သလို ကြုံရာစားတာမျိုးတွေ ဖြစ်လာကြပါတယ်။ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ နေရာတကာမှာ ဆိုင်မျိုးစုံ ပုံစံမျိုးစုံနဲ့ပေါ်လာပြီးတော့ ဈေးကွက်နေရာရအောင် ကြိုးစားလာခဲ့ပြီး စားသုံးသူတွေကို အပြိုင်အဆိုင် ဆွဲဆောင်နေကြပါတော့တယ်။

          ဒီနေရာမှာကျွန်တော်တို့ရဲ့ပရိသတ်ဖြစ်တဲ့စားသုံးသူများကို ကျွန်တော့် စားသောက်ဆိုင်ရွေးချယ်ပုံလေး ပြောပြမယ်နော်။ ရေရှည်ကျန်းမာရေးကို ဦးစားပေးတဲ့ ကျွန်တော့်အတွက် ဆိုင်အပြင်အဆင်ထက် ၀န်ဆောင်မှုပေးနေတဲ့ ၀န်ထမ်း (စားပွဲထိုး) တွေရဲ့ အ၀တ်အစား၊ သူတို့ရဲ့ မျက်နှာအနေအထားနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အပြင်ပိုင်း လေ့လာပါတယ်။ စားပွဲထိုးတွေကို တစ်ကိုယ်ရေသန့်ရှင်းမှုလေးနဲ့တောင် နေတတ် ထိုင်တတ်အောင် သင်ပြမပေးနိုင်၊ ထောက်ပံ့မပေးနိုင်တဲ့ ဆိုင်မျိုးဆို မီးဖိုဆောင် တောင် ၀င်ကြည့်ဖို့ မလိုတော့ပါဘူး။ လမ်းဘေးဆိုင်ဆိုရင် သူတို့အစားအစာကို ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာ နောက်ထားပြီး စားပြီးသား ပန်းကန်တွေကို ဘယ်လိုဆေးနေတယ်ဆိုတာ အရင်လေ့လာပြီးမှ ထိုင်ဖြစ်ပါတယ်။

          အစားအသောက်အမည်စုံအောင် ရောင်းတိုင်းလည်း မကောင်းပြန်ပါဘူး။ သာမန်အားဖြင့် ဆိုင်တွေဟာ အမည်စုံသလောက် မီးဖိုဆောင်မှာ အလုပ်များပြီး သန့်ရှင်းမှု အားနည်းတတ်ပါတယ်။ စာဖတ်ပရိသတ်များ လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွေးချယ်ပြီးမှ စားသောက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

          ကျွန်တော့်တစ်ကိုယ်ရေအတွက်တော့  အများအားဖြင့် ကြက်ကြော်၊ ဆီကြော်တွေ ရောင်းတဲ့ဆိုင်မျိုးကို ရှောင်ပါတယ်။ Fast Food နဲ့ Soft Drink တွေကို တတ်နိုင်သမျှ ရှောင်ပါတယ်။ အာဟာရတန်ဖိုးနည်းတဲ့ အသုပ်၊ လက်သုပ်မျိုးတွေကိုလည်း ရှောင်ပါတယ်။ ပူပူလောင်လောင် ရောင်းချပေးနိုင်တဲ့ ဆိုင်မျိုးကိုတော့ ရွေးပြီးစားပါတယ်။ လက်ဖက်ရည်ဆို တော်တော်ကြာမှ တစ်ခါလောက်သောက်ဖြစ်ပေမယ့် ကော်ဖီကတော့ တစ်နေ့ကို ၃ ခွက်လောက် အနည်းဆုံးသောက်ဖြစ်ပါတယ်။  ဒါပေမဲ့ 3 in 1 တွေကို တတ်နိုင်သမျှ ရှောင်ပြီး သကြားလည်းပါရုံလေးပဲ သောက်ပါတယ်။ အသင့်စား ခေါက်ဆွဲပြုတ်ထုပ်ဆိုရင်တော့ မစားသလောက်ပါဘဲ။ မဖြစ်မနေ စားရပြီဆိုလည်း တစ်ရေပြုတ်တာကို သွန်ပြီးမှ ရေနွေးအသစ်ပြန်သုံးပြီး ပြုတ်ပြီးမှ အရွက်စိမ်းများများ ထည့်ပြီးမှပဲ စားဖြစ်ပါတယ်။ အချိန်မရလို့ အဆင်ပြေသလိုစားရတော့မယ်ဆိုတိုင်း ဒီစာလေးကို သတိတရ ရှိပေးပါ ပရိသတ်တို့ရေ… ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးဖြစ်တယ်ဆိုတာ ဖြစ်လာမှ လက်ခံတတ်ကြလို့ မဖြစ်ခင်ကြိုတင်ကာကွယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် စောင့်ရှောက်နိုင်ကြပါစေ။

          ၂၀၁၈ သည်လည်း ပရိသတ်များအတွက် ပျော်ရွှင်အောင်မြင်သော နှစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments