Vol 6, No 9, September, 2017 Issue

အယ်ဒီတာ့စကား

Food Magazine စာဖတ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ… ။

          ဒီတစ်လအတွက် မဂ္ဂဇင်းဖောင်ပိတ်ရက်မတိုင်ခင်လေးမှာတော့ အထက်မြန်မာပြည်ရဲ့ မြိုတော် မန္တလေးမြို့ကို ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ သတိထားမိတာကတော့ မန္တလေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ စားသောက်ဆိုင်လုပ်ငန်းတွေဟာ အရည်အသွေးဘက်ကို ပိုအလေးထားဆောင်ရွက်လာတာ သတိထာမိပါတယ်။ အမြဲတမ်း ယဉ်ကျေးချိုသာတဲ့ ဝန်ထမ်းတွေကို ပိုင်ဆိုင်ထားတဲ့ မန္တလေးရဲ့ စားသောက်ဆိုင်နဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများဟာ အစားအစာရဲ့ ထုတ်လုပ်မှုအရည်အသွေးပိုင်းကို သေသေချာချာ အာရုံစိုက်လိုက်တယ်ဆိုရင်ပဲ ကျွန်တော်တို့အားလုံးကို အံ့အားသင့်မင်တက်မိသွားအောင်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ မင်္ဂလာပါလို ဆိုင်မျိုးတွေ နောက်ထပ်ပေါ်ထွက်လာခဲ့တာ၊ ဒေါင်းလန်းကြီးလို နာမည်ရပြီးသား ဆိုင်ကြီးနေရာသစ်မှာ ပိုမိုကျယ်ဝန်းလှပတဲ့ အပြင်အဆင်တွေနဲ့ ပိုပြီးသက်တောင့်သက်သာရှိအောင် အဆင့်မြှင့် ဖွင့်လှစ်လိုက်တာတွေဟာ ကျွန်တော်တို့အနေနဲ့ မန္တလေးရဲ့ဈေးကွက် ကြီးထွားကျယ်ပြန့်လာမှုကို အံ့အားသင့်စေတဲ့အချက်တွေ ဖြစ်ပါတယ်။ လည်ပတ်စရာစုံလင်သလောက် ပြည်ပခရီးသွားတွေ မန္တလေးကို တိုက်ရိုက်ဝင်ရောက်လာနိုင်တာကလည်း အထက်ကပြောခဲ့တဲ့ ပြောင်းလဲနိုင်မှုတွေအတွက် အဓိကတွန်းအားဖြစ်နေပါတယ်။ ပြည်တွင်းခရီးသည်များအတွက်ပါမက နိုင်ငံခြားသားခရီးသွားများ အတွက်ပါ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်ဖို့ကို အားလုံးက ဦးတည်လုပ်ဆောင်နေကြတဲ့ မန္တလေးရဲ့အရွေ့က အားကျစရာ၊ အတုယူစရာဖြစ်ပါတယ်။ ဒီလိုအရွေ့တွေမှာလည်း ကျွန်တော်တို့ Food Magazine ကလည်း လိုက်ပါပြီး ပံ့ပိုးပေးနေမယ်ဆိုတာ အားလုံးအသိအမှတ်ပြုထားကြပြီး ဖြစ်ပါတယ်။ Food Magazine စာရေးသူ စားဖိုမှူးတွေ ဖန်တီးလိုက်တဲ့ မြန်မာ့ရိုးရာအစားအစာ၊ တိုင်းရင်းသား ရိုးရာအစားအစာတွေကလည်း မန္တလေးက စာဖတ်သူပရိသတ် တွေအတွက် အသုံးဝင်ပြီး လက်တွေ့အသုံးတည့်နိုင်မယ့် ဟင်းလျာ ချက်နည်းတွေဖြစ်နေတယ်ဆိုတဲ့ သတင်းစကား အမြဲပြန်လည်ရရှိပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ကိုယ်တိုင် မသိလိုက် မမီလိုက်တဲ့ ရိုးရာဟင်းချက်နည်းတွေကို မန­္တလေးရောက်မှ ပြန်လည်လေ့လာပြီး ပရိသတ်များကို Food Magazine ကတစ်ဆင့်  စာဖတ်ပရိသတ်များကို ပြန်လည်တင်ပြပေးခဲ့ရဖူးလို့ နောက်ထပ်လည်း ဒီလိုအချိန်တွေ အခြေအနေတွေ ဒီထက်ပိုပြီး ဖြစ်လာဦးမှာပါ။

          ဒီတစ်လရဲ့ မန္တလေးကိုရောက်ခဲ့ရတဲ့ခရီးစဉ်တော့ အံဩဝမ်းသာ ဂုဏ်ယူရခြင်းတွေနဲ့ အမှတ်တရဖြစ်ခဲ့ရပါတယ်။ ခရီးကပြန်ရောက်ပြီး မဂ္ဂဇင်းကို အပြေးအလွှားဖောင်ပိတ်ရတဲ့အခါမှာတော့ စားဖိုမှူးတွေရဲ့ မရိုးနိုင်တဲ့ အစားအစာချက်နည်းတွေက အယ်ဒီတာစားပွဲမှာ အဆင်သင့်စောင့်လို့နေပါတယ်။ ဒီတစ်လအတွက် မအိသက်ရဲ့ အစပ်ဟင်း ချက်နည်းလေးတွေက စာဖတ်နေရင်းကို သွားရည်ယိုနေတာကြောင့်  သူ့ဟင်းချက်နည်းတွေကို ဒီတစ်လရဲ့ Editor’s Choice အဖြစ် ရွေးချယ်ပေးလိုက်ပါရစေနော်… ။

          စာဖတ်ပရိသတ်များ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်စုံတဲ့ အစားအစာများကို ရွေးချယ်ချက်ပြုတ်စားသောက်ရင်း အောင်မြင်ပျော်ရွှင်သော မိသားစုဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ… ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments