Vol 6, No 8, August, 2017 Issue

အယ်ဒီတာ့စကား

မင်္ဂလာရှိသော ဩဂုတ်လလေးပါ… ။

          မိုးရေတွေကြား လှုပ်ရှားရင်း ဩဂုတ်လမဂ္ဂဇင်း ဖောင်ပိတ်ရက် ကို ရောက်လာခဲ့ပြန်ပါပြီ။ နေရာဒေသများစွာမှာ ရောက်နေကြတဲ့ Food Magazine ရဲ့ စာဖတ်သူ စားဖိုမှူးကြီးများ အချိန်မီအောင် ကြိုးစားပြီး ရေးသားပေးပို့ကြတဲ့ စာမူများစွာကို ရုံးအယ်ဒီတာအဖွဲ့နဲ့ အတူ Food Editor အဖြစ်နဲ့  အချိန်ပိုင်းတာဝန်ယူပြီး တည်းဖြတ်လာ ခဲ့တာလည်း ၅ နှစ်နီးပါးရှိခဲ့ပါပြီ။

          ရေးနည်းရေးဟန်တွေ မတူညီကြသူများရဲ့ စာကို သေသေချာချာဖတ်ပြီး ကိုယ့်အတွေ့အကြုံနဲ့ ပြန်လည်ပေါင်းစပ်ပြီး တည်းဖြတ် ရတဲ့အလုပ်ဟာ  အပြင်ပန်းကကြည့်ရင် လွယ်မယ်လို့ထင်ရပေမယ့် ကိုယ်တိုင်လည်း ဒီမဂ္ဂဇင်းမှာ အများနည်းတူ ဟင်းချက်နည်းတွေကို ပြန်လည်ရေးသားနေရပြန်လေတော့ စားဖိုမှူးစာရေးသူတွေရဲ့ ရေးနည်း ရေးဟန်တွေက ကိုယ့်ကိုယ်တွင်းမှာ လွှမ်းမိုးမှု နည်းနိုင်သမျှနည်းအောင် ကိုယ်တိုင် စာများများဖတ်ရ၊ ရေးရ (မဂ္ဂဇင်းအတွက်မဟုတ်ဘဲ) တဲ့ အလေ့အကျင့်ပိုများလာအောင် လုပ်ယူရပါတော့တယ်။ တစ်ခါတလေများဆို စိတ်ပင်ပန်းတာ၊ ဝေခွဲမရတာတွေများလာပြီး လုပ်နေကျတွေကို လုံးဝရပ်ထားပြီး အားလုံးမေ့ပစ်ကာ ချက်ပြုတ်ခြင်းနဲ့ ခပ်ဝေးဝေးကအလုပ်တွေကို ဆက်တိုက်လုပ်နေလိုက်ရတာမျိုးလည်း ရှိခဲ့ပါတယ်။ ကျင့်ဝတ်အရအများနဲ့ ထင်ယောင်ထင်မှား တူသယောင် ယောင်ဖြစ်မယ့် ဟင်းချက်နည်းတွေကနေ လွတ်အောင် စဉ်းစားရတာ ကလည်း အလုပ်ကြီးတစ်လုပ်လို ဖြစ်နေတာကြောင့် လူက ငြိမ်နေပေမယ့်လည်း စိတ်ပင်ပန်းခဲ့ရတဲ့ အချိန်တွေက မနည်းမနောပါပဲ။ ဒါပေမဲ့ ကိုယ်ဝါသနာပါရာ၊ ကိုယ်မြတ်နိုးတန်ဖိုးထားရာအလုပ်တစ် ခုကို စွဲစွဲမြဲမြဲလုပ်ကိုင်နေရင်း ချစ်သူ၊ ခင်သူ မိတ်ဆွေများ တိုးပွား လာရတာကိုက အဲဒီအလုပ်ကို လုပ်မိခြင်းရဲ့ ပီတိအာဟာရတစ်မျိုး လည်းဖြစ်လို့ ကိုယ်ဖန်တီးသမျှ လှလှပပ ပြန်မြင်ရတဲ့အချိန်မှာဆိုရင် ပင်ပန်းသမျှအားလုံး ဘာမှမဟုတ်တော့သလိုပါပဲ။ ကျန်တဲ့ စားဖိုမှူး စာရေးသူတွေလည်း ကျွန်တော်နဲ့ ထပ်တူမဟုတ်တောင် ကျွန်တော့် ထက်မလျော့တဲ့ အခြေအနေမျိုးရှိနေကြမှာ အမှန်ပါပဲ။

          ဒီတစ်လမှာလည်း ရှေ့တန်း၊ နောက်တန်း  အားလုံး ဝိုင်းဝန်းကြိုးပမ်းမှုများရဲ့ ရလဒ်အနေနဲ့ လှလှပပ လစဉ်ထုတ်မဂ္ဂဇင်းလေးက အစဉ် အလာမပျက် ပရိသတ်လက်ထဲ ထည့်ပေးလိုက်ပါတယ်။ ထူးခြားတဲ့ အတွေ့အကြုံအဖြစ် ကျွန်တော် သွားရောက်မြည်းစမ်းဖြစ်ခဲ့တဲ့ MELIA YANGON ဟိုတယ် THE MRAKET စားသောက်ခန်းမကြီးရဲ့ ပင်လယ်စာဘူဖေးအကြောင်းကို Eating Out ကဏ္ဍမှာ ထည့်သွင်း ဖော်ပြပေးထားပါတယ်။ ကျွန်တော်တို့ ရေးဖော်ရေးဖက် မောင်နှမတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့ဖြစ်ခဲ့ကြတဲ့ Novotal Hotel Yangon Max ရဲ့ Royal Pavilion  စားသောက်ဆိုင် မီးနူးသစ်မိတ်ဆက် Chinese Dim Sum Promotion အကြောင်းလည်း ဖော်ပြထားပါတယ်။  ဟင်းချက်နည်းများကို ကျွန်တော်တို့နဲ့အတူ ပျော်ရွှင်စွာ ချက်ပြုတ်ရင်း လှပပျော်ရွှင် အောင်မြင်တဲ့ မိသားစုဘဝများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး (Food Editor)

Facebook Comments