Vol 6, No 7, July, 2017 Issue

အယ်ဒီတာ့စကား

          Food Magazine စာဖတ်ပရိသတ်များကို မင်္ဂလာပါလို့ နှုတ်ဆက်ရမယ့်အချိန် ရောက်ရှိလို့လာပြန်ပါပြီ။

          မိုးဦးကာလရောက်လာပြီဆိုတော့ မိုးရိပ်မိုးသားများနဲ့ ကောင်းကင်တစ်ခွင် အလှကြီးလှနေပါတော့ တယ်။ ကောင်းကင်မှာ လှသလိုမြေပြင်မှာလည်း စိမ်းစိမ်းစိုစိုရှုခင်းတွေနဲ့ ဘယ်နေရာကြည့်ကြည့် ကြည်နူးဖွယ် သာယာနေပါတော့တယ်။ ကျွန်တော်တို့ငယ်ငယ်က ပြောပါတယ်။ မိုးလေးတစ်ပြိုက်ရွာလိုက်တယ်ဆိုရင်ပဲ အိမ်နားပတ်ဝန်းကျင်၊ ခြံထဲက ပန်းချုံတွေအောက်၊ အိမ်နောက်က ရေကပျဉ်အောက်၊ အမေစိုက်ထားတဲ့ ပန်းအိုးတွေကြားကနေ အသံပေါင်းစုံနဲ့ ဖားမျိုးပေါင်းစုံတို့ရဲ့  တေးသံစုံဝိုင်းကြီးရဲ့အသံကို အမြဲမပြတ်ကြားရ တဲ့အချိန်မျိုးပေါ့။ စာထဲမှာသရုပ်ဖော်ပြီးရေးကြတာ အုံးအွမ်ဆိုပေမယ့် ကျွန်တော်ကြားတာက ဘူးဂွမ် လို့ကြားပါတယ်။ ငယ်ငယ်က ကျွန်တော်နေတဲ့အိမ်က အခုဘုရင့်နောင်လမ်းမဖြစ်ခင်  အရင်လမ်းမကြီးဆိုတော့ ရေအိုင်ကျယ်ကျယ်လေးလည်း အိမ်နားမှာရှိပါတယ်။ အိမ်ကထွက်လိုက်ရင် လမ်းပေါ်ကိုရောက်ဖို့ မိုးတွင်းပိုင်းဆို သစ်သားတံတားလေး ထိုးရပါတယ်။ စိတ်ကူးကောင်းတဲ့အမေကပိန်းပန်းအိုးလေးတွေစိုက်ပြီး တံတားပေါ်မှာ ဘယ်ညာစီထားတာကလည်း အဲဒီနေရာလေးကို အမြဲအမှတ်ရနေစေတဲ့အချက်ပါ။ ငယ်ငယ်ကဆို ဒီအိုင်လေးထဲမှာ ညီအစ်ကိုနှစ်ယောက် အဘိုးထွင်းပေးတဲ့ သစ်သားလှေလေးတစ်စင်းစီနဲ့ လှေလွှတ်တမ်းလည်းဆော့ရဲ့ . . . ဆော့လို့မောသွားပြီဆို တံတားလေးပေါ်မှာ ခြေထောက်တွဲလောင်း ချပြီးထိုင်နေတဲ့ ကျွန်တော်တို့အလစ်ကိုချောင်းပြီး ရေမှော်လေးတွေစားဖို့ ရေကူးထွက်လာတဲ့  ဘဲသားအုပ်မကိုကြည့်ရတဲ့ မြင်ကွင်းကလည်း ဒီရာသီရောက်တိုင်း အမြဲအမှတ်ရစေပါတယ်။ အိမ်နေရင်း ပျော်စရာတွေများရတဲ့ မိုးရာသီ မှာ  အပျော်တစ်ဝက်၊ ဝမ်းနည်းတစ်ဝက်ဖြစ်ခဲ့ရတဲ့ရက်တွေကတော့

ကျောင်းတက်ရက်တွေပေါ့ဗျာ။ စာသင်ခန်းထဲထိုင်ရင်း အိမ်မှာ ဒီအချိန်ဆော့နေရပြီဆိုတဲ့ အတွေးနဲ့ ကြိတ်ပြီးဝမ်းနည်းနေခဲ့ပေမယ့် ထမင်းစားခေါင်းလောင်းထိုးပြီဆိုတာနဲ့  အမေ့လက်ရာထမင်းဘူးလေးကို အငမ်းမရစားခဲ့ရချိန်တွေကလည်း ဘာနဲ့မှမလဲနိုင်တဲ့ ငယ်စဉ်ဘဝက အမှတ်တရလေးတွေဖြစ်ပါတယ်။ ဒီနေ့၊ ဒီအချိန်အထိ ကျွန်တော် Food Magazine မှာ ရေးခဲ့သမျှ  အစားအစာချက်ပြုတ်နည်းများစွာဟာ ငယ်ငယ်ကနေ ဒီနေ့ ဒီအရွယ်ရောက်တဲ့အထိ စားခဲ့ရတဲ့ အမေ့လက်ရာ ဟင်းချက်နည်းများစွာပါဝင်ခဲ့ပါတယ်။ ကျွန်တော့်နည်းတူပဲ  ငယ်ဘဝတမ်းတရင်း ချက်ပြုတ်တတ်တဲ့ စာရေးသူစားဖိုမှူးတစ် ယောက်ကိုလည်း ပရိသတ်ကြီး သိနေမယ်ထင်ပါတယ်။ စာဖတ်သူများနဲ့ လအနည်းငယ်ကင်းကွာခဲ့ပြီးနောက်မှာတော့ မိဘရိုးရာ ဟင်းချက်နည်းတွေအပါအဝင် အနောက်တိုင်း၊ အရှေ့တိုင်းဟင်းလျာများကိုပါ ပြန်လည်တင်ဆက်ဖို့ မအိသက် (Htet Family Creation) ရဲ့ လက်ရာလေးတွေကို ဇူလိုင်လထုတ်ကစပြီး ပရိသတ်များ ပြန်လည် တွေ့မြင်ရမှာဖြစ်ပါတယ်။

          ဒီလမှာလည်း ကျွန်တော် Food Editor အနေနဲ့ ဆိုဖီယာရဲ့ ဟင်းလျာလေးတွေကို ကြိုက်နှစ်သက်မိပါတယ်။ ကျွန်တော်တို့နဲ့ အလှမ်းဝေးတဲ့ ဟင်းလျာချက်ပြုတ်နည်းတွေကို လေ့လာခွင့်ရလို့ ပရိသတ်များလည်း ကျွန်တော်နဲ့ထပ်တူ အကြိုက်ညီမယ်လို့ ယုံကြည်မိပါတယ်။ ကျန်စာရေးသူ စားဖိုမှူးများကလည်း ရာသီနဲ့လိုက်ဖက်ညီမယ့် ဟင်းလျာဆန်းများကို ရွေးချယ်တင်ဆက်ထားတာကြောင့် ဇူလိုင်လထုတ် Food Magazine ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပရိသတ်များလက်ထဲအရောက် ပို့ဆောင်ပေးလိုက်ပါပြီ။ အေးချမ်းသာယာပျော်ရွှင်ဖွယ် ကောင်းသောဇူလိုင်လလေးဖြစ်ပါစေ . . . ။

အစဉ်ထာဝရလေးစားလျက်

♦   သစ်ထူး (Food Editor)   ♦

Facebook Comments