22 - June - 2017
အယ်ဒီတာ့စကား
မင်္ဂလာပါစာဖတ်ပရိသတ်ကြီးရေ . . .။
စိတ္တကာယသုခနှစ်ဖြာပြည့်ဝကြပါစေလို့ မိုးအေးအေးလေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
မိုးတွင်းရောက်ပြန်ပြီဆိုတော့လည်း ကျွန်တော်တို့နိုင်ငံရဲ့ လူနေ မှုပုံစံအရ မိမိစားသောက်မယ့် အစားအသောက်တွေမှာ သန့်ရှင်းဘေး ရန်ကင်းဖို့ ပုံစံတစ်မျိုးနဲ့ဂရုစိုက်ရပြန်ပါတယ်။ ယင်နားစာတွေကို အထူးဂရုပြု ရှောင်ရှားရမှာဖြစ်သလို လမ်းဘေးဈေးဆိုင်တွေရဲ့ အစားအစာကိုင်တွယ်ချက်ပြုတ် ပြင်ဆင်ပုံ တွေကိုလည်း အထူးဂရုပြုရမှာဖြစ်ပါတယ်။ မိုးတွင်းကာလဟာ မြန်မာနိုင်ငံမှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံး ဖြစ်လို့နေပါတယ်။ စာဖတ်သူများရဲ့ သားငယ်သမီးငယ်များ ကျောင်းတွေပြန်ဖွင့်တဲ့ ကာလဖြစ်တာကြောင့် သူတို့လေးတွေအတွက် အိမ်ကအစားအသောက်တွေအပြင် ကျောင်းမှာ လမ်းမှာ စိတ်ကြိုက်ဝယ်ယူစားသောက်နိုင်မယ့် အခွင့်အရေးပို များလာမှာဖြစ်တာကြောင့် မိဘများအနေနဲ့လည်း အစားအစာသန့် ရှင်းစင်ကျယ်ခြင်းဗဟုသုတများကို သားသားမီးမီးများနဲ့ပြန်လည်မျှဝေပြီး ပညာပေးသင့်တဲ့အချိန်ဖြစ်တယ်လို့ အထူးအလေးပေးအကြံပြုလိုပါတယ်။
ဒီတစ်လမှာတော့ ကလေးငယ်များအတွက် ထမင်းဘူးပြင်ဆင် မှုလေးကို ထည့်သွင်းဖော်ပြ ပေးထားပါတယ်။ စားဖိုမှုးတစ်ယောက် လည်းဖြစ် Food Stylist လည်းဖြစ်တဲ့ Syi Lwin Foodsgarden ကလည်း လှလှပပအပြင်အဆင်များနဲ့ စားချင်စားဖွယ် အစားအစာများကို ပရိသတ်များအတွက် တင်ဆက်ပေးထားပါတယ်။ နာမည်ကျော် လူကြိုက်အများဆုံး စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ ကိုမြင့်ဦးသာရဲ့ တရုတ် အစားအစာချက်နည်းများကလည်း တရုတ်စာချက်နည်းတွေနဲ့ အလှမ်းဝေးကြသူများအတွက် အတုယူချက်ပြုတ်ချင်စရာနည်းလေး တွေဖြစ်ပါတယ်။ သူတို့တွေနည်းတူ ကျန်ပါဝင်ရေးသားနေကျ စားဖို မှူးစာရေးသူများကလည်း သူတို့ရဲ့ပုံစံအတိုင်း အထူးအဆန်းချက်နည်းလေးတွေနဲ့ တင်ဆက်ပေးနေကျအတိုင်း ရိုးမသွားရအောင် ဆက်လက်တင်ဆက်ပေးထားပါတယ်။ ဆိုဖီယာရဲ့ ထမင်းကြော်နည်းချက် နည်းများကတော့ ဒေသစာများစွာကိုအခြေခံထားတာဖြစ်လို့ ဒီတစ်လ အစားအသောက်အယ်ဒီတာ Food Editor တစ်ယောက်အနေနဲ့ ညွှန်းချင်တဲ့ဟင်းလက်ရာ Recommended Recipe အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။ ဒေသစုံကအရသာမျိုးစုံကို တင်ဆက်ပေးထားတာ ဖြစ်လို့စာဖတ်ပရိသတ်များလည်း အကြိုက်တူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဒီတစ်လမှာ ထူးထူးခြားခြားအနေနဲ့ ကြက်ဆီထမင်းချက်နည်းကို စားဖိုမှူး ၃ ဦးက တိုက်တိုက်ဆိုင်ဆိုင် ရေးသားတင်ဆက်ထားတာကြောင့် တစ်ယောက်နဲ့တစ်ယောက် တစ်မူထူးခြားပြီး ကွဲပြားတဲ့ လက်ရာ အစပ်အဟပ်များကို ပရိသတ်များ တစ်ပြိုင်နက်တည်း လေ့လာချက်ပြုတ်နိုင်မှာဖြစ်ကြောင်း အသိပေးရင်း ဇွန်လထုတ် Food Magazine ကို ပရိသတ်များလက်တွင်း အရောက်ပို့ပေးလိုက်ပါပြီ။
အစဉ်ထာဝရလေးစားလျက်
သစ်ထူး
Food Editor