Vol 6, No 4, April, 2017 Issue

အယ်ဒီတာ့စကား

စာဖတ်သူပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ . . .

          ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာနှစ်သစ်လေးအတွက် ကြိုတင်ရင်ခုန်ရင်း ကျွန်တော်တို့ စာဖတ်ပရိသတ်ကြီးရော ၅ ၊ ၁ဝ ဂဏန်းတွေ (နှစ်သစ်ကူးရုံးပိတ်ရက် (၅)ရက် (၁ဝ)ရက်) ငြင်းခုန်ရင်း ရယ်မော နေကြပြီလား… မဂ္ဂဇင်းလက်ထဲရောက်ချိန်ဆိုရင်တော့ အားလုံးအဆင်ပြေပြေနဲ့ ပျော်စရာပိတ်ရက်တွေကို စောင့်မျှော်နေလောက်ကြပြီလို့ မျှော်လင့်ပါတယ်။

          ဒီတစ်လအတွက် အယ်ဒီတာစကားလေးရေးပေးဖို့ရှိတော့ . . . ကျွန်တော်တို့လက်တွေ့ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်းလေးကို စဉ်းစားမိပါတယ်။ ပုံစံမမှန်တဲ့ အစားအသောက်တွေကို မသိလိုက်မသိဘာသာ နည်းနည်းစီ နည်းနည်းစီနဲ့ နှစ်ရှည်လများစွာ စားသုံးလာခဲ့ကြရာက အရွယ်မတိုင်ခင်မှာ ကျန်းမာရေးပြဿနာ မျိုးစုံကို ရင်ဆိုင်နေကြရပါတယ်။ ဆေးရုံဆေးခန်းတွေမှာ လူလတ်ပိုင်း လူနာအရေအတွက် သိသိသာသာတိုးလာနေတာ သက်သေပါပဲ။  ဒီလိုဖြစ်ရခြင်းရဲ့ အဓိကကြောင်းအရင်းကို လေ့လာကြည့်တော့ ကျွန်တော်အပါအဝင် အလုပ်များကြသူတွေ တော်တော်များများဟာ တစ်နေ့တာမှာ  ဖြစ်သလို ရရာစားတတ်တဲ့အကျင့်ကြောင့်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့လို စားသုံးသူတွေ အတွက်လည်း အဆင့်ဆင့် ထုပ်ပိုးပြင်ဆင်ထားတဲ့ အစားအစာ (Processed Food)၊ အာဟာရတန်ဖိုးနည်းတဲ့ အစားအစာ (Junk Food) တွေက ဈေးကွက်ထဲမှာ လက်တစ်ကမ်းရနိုင်အောင် ပြင်ဆင်လာကြပါတယ်။ ဒီလိုဈေး ကွက်တွေကိုတိုးပြီး ဖော်ဆောင်နေကြတာတွေရှိနေသလို တစ်ဖက် မှာလည်း ကျန်းမာရေးကို အဓိကဦးစားပေးစဉ်းစားကြသူတွေအတွက် အစားအစာဈေးကွက်တစ်ခုကို ဖော်ဆောင်နေကြသူတွေလည်း ရှိနေ ပြန်ပါတယ်။ ဒီနေ့သတိပေးလိုတာကတော့ မိမိရဲ့တစ်ကိုယ်ရေကျန်း မာရေးအပြင် မိမိ၊မိသားစုရဲ့ ကျန်းမာရေးအတွက် တစ်နေ့ချင်းစီမှာ စားသောက်ကြတဲ့ အစားအသောက်တွေကို ရွေးချယ်မှုမှန်ကန်စေဖို့ပါ ပဲ။ ဒီလိုရွေးချယ်ရာမှာလည်း အဓိကလူဖြစ်တဲ့ အိမ်ရှင်မတွေရဲ့ အခန်း ကဏ္ဍက အရေးကြီးလာပြန်ပါတယ်။ ဒါကြောင့် ဒီတစ်လမှာ ထူးထူး ခြားခြားလေးဖြစ်သွားစေတာကတော့ Celebrity In the Kitchen ကဏ္ဍမှာ ဝါရင့်မော်ဒယ် သန္တာလှိုင်ရဲ့ နေ့စဉ်ဖြတ်သန်းပုံ၊ အစားအသောက်ချက်ပြုတ်မှုပုံစံတွေ ပါဝင်လာပါတယ်။ သူ့ရဲ့ချက်နည်းလေးတွေကို ပရိသတ်များလေ့လာနိုင်မယ့်အပြင် သူ့ရဲ့အစားအစာနဲ့ပတ်သက်တဲ့ အမြင်လေးတွေ၊ အတွေ့အကြုံလေးတွေကိုစာဖတ်သူများ လေ့လာနိုင်မှာဖြစ်ပါတယ်။

          အတာသင်္ကြန်ကာလအတွက် ရည်ရွယ်ပြီးရေးသားကြတဲ့ စားဖိုမှူးစာရေးသူများရဲ့ ထီထွင်ဖန်တီးမှုအသစ်အဆန်းလေးတွေများစွာ ပါဝင်တဲ့ ဧပြီလထုတ်မှာလည်း နည်းသစ်နည်းဆန်းလေးတွေကို လွယ်ကူတဲ့ပုံစံလေးတွေနဲ့ မျှဝေပေးထားပြန်ပါတယ်။ အယ်ဒီတာအနေနဲ့ ဒီတစ်လမှာ သဘောကျနှစ်သက်မိတဲ့ တင်ဆက်မှုကို အကြံပြုရမယ် ဆိုရင် ဆုမြတ်ဦးရဲ့ လွယ်ကူတဲ့ ရေခဲမုန့်လုပ်နည်းလေးကို သဘောကျမိလို့ Food Editor အညွှန်းအနေနဲ့ ရွေးချယ်ပေးပါရစေ။ Food Magazine စာဖတ်ပရိသတ်များ ကျန်းမာချမ်းသာ ဘေးကင်းစွာဖြင့် နှစ်သစ်ကူးအတာသင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေ လို့ ဆန္ဒပြုဆု တောင်းရင်းဧပြီလထုတ် စာအုပ်လေးအရောက်ပို့ပေးလိုက်ပါတယ်နော် . . . ။

အစဉ်ထာဝရလေးစားလျက်

♦ သစ်ထူး (Food Editor) ♦

Facebook Comments