Vol 6, No 11, November, 2017 Issue

အယ်ဒီတာ့စကား

          သီတင်းကျွတ်ပြီးပြန်တော့ တန်ဆောင်မုန်း လတန်ဆောင်တိုင်ပွဲတွေနဲ့ စည်ကားချိန်ရောက်လို့ လာပြန်ပါတယ်။ အရင်ရုံးဟောင်းနေရာက ဆိပ်ကမ်းသာလမ်းမှာရှိခဲ့တော့ ပြောစရာသိပ်များများစားစား မရှိလှပေမယ့် Food Magazine ရဲ့  ရုံးသစ်နေရာကို ပြောင်းလိုက်တဲ့နေရာက ရေကျော်လမ်းမကြီးပေါ်မှာဆိုတော့ လွန်ခဲ့တဲ့ ၃ လကစပြီး ရေကျော်ပွဲဈေးကို ကြိုတင်ပြီး ရင်ခုန်ခဲ့မိပါတယ်။ တကယ်တမ်းပွဲဈေးဖြစ်သွားတဲ့ သီတင်းကျွတ်လပြည့်ရက်က စောစောစီးစီး ဖြစ်သွားလေတော့ တစ်လမှာ ၃ ရက်လောက်သာ ရုံးသွားရတဲ့ ကျွန်တော့်အတွက် ကံမကောင်းစွာဘဲ ပွဲရက်နဲ့ လွဲသွားခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက ရေကျော်ဈေးကို တစ်သက်နဲ့တစ်ကိုယ် တစ်ခေါက်သာ ရောက်ဖူးခဲ့တာကြောင့် မြန်မာ့ရိုးရာ လမ်းဘေးမုန့်ဆိုင် (Traditional Street Food) တွေကို အမျိုးစုံအောင်ရတတ်တဲ့ ဒီလိုပွဲဈေးမျိုးကို နောက်တစ်ခေါက် အရမ်းရောက်ချင်ခဲ့ပါတယ်။ အခုအချိန်မှာ ကွယ်ပျောက်လုဖြစ်နေတဲ့ မြန်မာ့လမ်းဘေးအစားအစာ ဈေးခင်း၊ တစ်နည်းဆိုရရင် မြန်မာ့လမ်းဘေးဈေးတန်းလေးတွေမှာ  ပြည်ပယဉ်ကျေးမှု လွှမ်းမိုးခံရမှုကြောင့် မြန်မာအစားအစာလေးတွေက နောက်ရောက်နေခဲ့ရပါတယ်။ ဒါတွေကိုလည်းပြန်လည်ပြီး ဖော်ထုတ်ဖို့နဲ့ ရည်ရှည်တည်တံ့နိုင်တဲ့ အရည်သွေးစံမျိုးရအောင် နည်းလမ်းရှာ ပံ့ပိုးပေးရမယ့် အချိန် ရောက်နေပါပြီ။ နောက်တစ်ခုကတော့ အစားအစာ ဘေးကင်းသန့်ရှင်း စင်ကြယ်ရေး ဖြစ်ပါတယ်။ ဒီအချက်က ပြည်တွင်းစားသုံးသူများကိုသာမက ပြည်ပက ဝင်ရောက်လာကြတဲ့ ခရီးသွားအများစုကပါ စိတ်ဝင်တစားရှိတဲ့ မြန်မာနိုင်ငံရဲ့ Street Food ကို ရဲရဲဝံ့ဝံ့ စားသောက်လာနိုင်အောင် ဆွဲဆောင်နိုင်မယ့် အချက်ဖြစ်ပါတယ်။ ဒီအချက်တွေဖြည့်ဆည်းပေးနိုင်ခဲ့ရင် မြန်မာ့အစားအစာကို ပြည်တွင်းနေပြည်သူများပါမက ပြည်ပဧည့်သည်များကပါ ယုံကြည်စိတ်ချစွာ စားသုံးလာမှာဖြစ်ပြီး ဒါဟာ အစားအစာရောင်းချသူများကိုလည်း ပိုမိုပြီး ဝင်ငွေတိုးတက်လာစေပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြင်တတ်မယ်ဆိုရင် အမျိုးသားဝင်ငွေတိုးလာစေမယ့် အဓိပ္ပာယ်ဖြစ်ပါတယ်။ Food Magazine ရဲ့ Food Editor တစ်ယောက်အနေနဲ့ ဒီကိစ္စကို တာဝန်ရှိသူအဆင့်ဆင့်က တာဝန်ယူ ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အစားအစာရောင်းချသူများရော စားသုံးသူများကပါ ပူးပေါင်းပါဝင်စေဖို့ တိုက်တွန်းလိုပါတယ်။ အစားအစာတွေအကြောင်းပြောရင်း ဒီတစ်လရဲ့ Editor အကြိုက် အစားအစာတွေအနေနဲ့ စားဖိုမှူးစည်လွင် (Syi Lwin Foods Garden)ရဲ့ ဟင်းချက်နည်းလေးတွေကို နှစ်သက်မိပါတယ်။ Terms အနေနဲ့ပြောရင် Culinary Item တွေနဲ့ Bakery Item တွေပေါင်းစပ်ထားတဲ့ ဖန်တီးမှုလေးတွေက စိတ်ဝင်စားစရာ သင်ယူလေ့လာစရာ အတုယူဖွယ်ရာလေးတွေ ဖြစ်ပါတယ်။ ဒီတစ်လမှာ ကျွန်တော့်ရဲ့ Food and Travel အစီအစဉ်လေး ဇယန်းရွာကိုရောက်ခဲ့ပြီး ဆောင်းပါးကိုလည်း အပြီးသတ်လိုက်ပါပြီ။ ကျန်စာရေးသူစားဖိုမှူးများရေးသားတင်ပြထားတဲ့ ဆန်းပြားထူးခြားတဲ့ ချက်ပြုတ်နည်း၊ မုန့်လုပ်နည်းတွေနဲ့အတူ နိုဝင်ဘာလထုတ်ကိုလည်း အစဉ်အလာမပျက် ပရိသတ်လက်ထဲ ပို့ဆောင်ပေးလိုက်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments