Vol 6, No 12, December, 2017 Issue

အယ်ဒီတာ့စကား

          ပီပီသသမရှိလှတဲ့ “ဆောင်း”ဆိုတဲ့စကားလုံးဟာ အပူရှိန်ကြားမှာ ဝေ၀ါးသထက်ဝေ၀ါးလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ငယ်ငယ်ကဆို ဒီအချိန် အမေတို့က အနွေးထည်လေးတွေ ခေါက်သိမ်းထားရာကနေထုတ်ပေးတဲ့ အခိုက်အတံ့လေးမှာ တော်မှတော်သေးရဲ့လားဆိုတဲ့ ရင်ခုန်ခံစားမှုမျိုးများ ရှိခဲ့လေမလားမပြောတတ်။ ကျွန်တော်ကတော့ ငါထွားလာပြီ။ ငါနဲ့ မတော်တော့ဘဲ အသစ်ဝယ်ပေးပါစေလို့ စိတ်ထဲ အမြဲတွေးမိပါတယ်။ တဖြည်းဖြည်း အသက်ကြီးလာတော့ ဆောင်းရာသီဟာ Romance အဆန်ဆုံးရာသီဆိုတာ လက်ခံလာမိတယ်။ မြန်မာပြည်မှာ မိုးတွင်း မိုးသည်းသည်းမှာ ထီးကလေးတစ်ချောင်းအောက် ချစ်သူနှစ်ယောက်ပူးကပ် လျှောက်ကြတဲ့ မြင်ကွင်းမျိုးရှိသလို အနောက်နိုင်ငံတွေမှာလည်း ဆောင်းတွင်းမှာ အနွေးထည်ထူထူ၊ လည်ပတ်ထူထူ၊ ခေါင်းစွပ်အမွေးပွပွတွေဝတ်ပြီး ခရစ္စမတ်တေးသံလွင်လွင်တွေ လွှမ်းနေတဲ့ ပတ်ဝန်းကျင်နဲ့ မီးသီးရောင်စုံတွေ ချိတ်ဆွဲထားတဲ့ ခရစ္စမတ်ပင်တွေကြား တစ်ယောက်လက်ကို တစ်ယောက်ကိုင်လို့ လျှောက်သွားရတဲ့မြင်ကွင်းကလည်း  ဒီရာသီရောက်တိုင်း မရိုးရတဲ့မြင်ကွင်းဖြစ်လို့နေပါတယ်။ မြန်မာပြည်မှာ သင်္ကြန်ပြီးရင် ဟာတာတာ လွမ်းသလို၊ ဆွေးသလို ကျန်နေခဲ့ပေမယ့် ခရစ္စမတ်အပြီးမှာတော့ လုံးဝမခံစားရအောင် နောက်ကနေ ကပ်လိုက်လာတာက ပိတ်ရက်ရှည်တွေနဲ့အတူ ပါလာတဲ့ New Year အချိန်အခါပဲဖြစ်ပါတယ်။ ဒီအချိန် မှာတော့ အသောက်လွန် အမူးလွန်ကြပြီး နောက်ရက်မှာ လွမ်းဖို့၊ ဆွေးဖို့ မတွေးနိုင်ဘဲ ကိုယ့်ခေါင်းကိုတောင် မနည်းထောင်နိုင်အောင် ကြိုးစားကြရ တာဖြစ်ပါတယ်။

          ဒီတစ်လအတွက်တော့ ပြောခဲ့တဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပါတီတွေအတွက် စားကောင်းသောက်ဖွယ်တွေကို Food Magazine အဖွဲ့သား စားဖိုမှူးတွေက ဝိုင်းဝန်းပြီးတော့ ကြိုးစားတင်ဆက်ထားပါတယ်။  စားဖိုမှူးတွေအကြောင်း ပေါ်လာတော့ ပြီးခဲ့တဲ့ ၂ ရက်က မြန်မာပြည်ကို နှစ်နိုင်ငံ ဆက်ဆံရေးအထိမ်းအမှတ်ပွဲအတွက် ရောက်လာတဲ့ အစ္စရေးစားဖိုမှူး Chef Shaul Ben Aderet နဲ့ အတူ Chef Life အစီအစဉ် ရိုက်ခဲ့တဲ့အကြောင်းလေး သတိရမိပါတယ်။ နိုင်ငံတကာမှာရှိတဲ့ အစ္စရေးသံရုံးတွေရဲ့ ပွဲလမ်းတော်တော်များများမှာ တင်ဆက်ပေးနေတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပြီး TV Show များစွာ ရိုက်ကူးခဲ့တဲ့သူလို့ မထင်ရအောင်ကို မာန်မာနနည်းပါးပြီး စကားအပြောအဆိုမျှတတဲ့ စားဖိုမှူးတစ်ယောက်ရဲ့ ဆက်ဆံရေး  အရည်အချင်းကောင်းက သတိပြု အတုယူစရာဖြစ်ခဲ့ပါတယ်။ စားဖိုမှူးငယ်များ အပါအဝင် စားဖိုမှူးတိုင်း အတုယူသင့်တဲ့သူ့ရဲ့အကြောင်းကို နောက်လမှာ တင်ပြပေးဖို့ စီစဉ်ထားပါတယ်။

          ကဲ . . . ဒီတစ်လအကြိုက်ဆုံး ဟင်းလျာများကို ရွေးချယ်ရမယ်ဆိုရင် အားလုံးရဲ့ တစ်ယောက်တစ်မျိုးမတူညီအောင် ထူးခြားလှတဲ့ လက်ရာတွေကိုပဲ ညွှန်းဆိုပါရစေတော့။ ဒီတော့ ၂၀၁၇ နှစ်ရဲ့ နောက်ဆုံးထုတ် စာအုပ်လေးကို မျက်နှာဖုံးရှင် May Grace Perry ရဲ့ပုံလေးနဲ့ ပရိသတ်တွေရဲ့ လက်ထဲအရောက် ပို့ပေးလိုက်ပါပြီ။ အစားကောင်းကြိုက်သူ စာဖတ်ပရိသတ်များ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ခင်ဗျာ . . . ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments