Vol 5, No 9, November, 2016 Issue

10_oct_2016_s

အယ်ဒီတာ့စကား

Food Magazine ကို အားပေးကြတဲ့ စာဖတ်သူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုလိုက်ပါတယ်။

နိုဝင်ဘာလဟာဖြင့် မိုးလွတ်၊ ဆောင်းဝင်လဖြစ်တာကြောင့် မကြာမီမှာ ချမ်းအေးတဲ့ရာသီဥတုကို ရောက်ရတော့မှာဖြစ်ပါတယ်။ ထုံးစံအထိုင်း ညပိုင်းတွေမှာအေးပြီး နေ့လည်နေ့ခင်းဆိုရင်တော့ အလွန်ပူပါတော့မယ်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းကို ခံစားလာရတာလည်း နှစ်ပေါင်းကြာခဲ့ပါပြီ။

ဝေးဝေးကြည့်စရာမလိုပါဘူး ကျွန်တော်တို့ငယ်ငယ်က ပတ်ဝန်းကျင်မှာ မြင်ခဲ့ရသမျှတွေထဲက သဘာဝတရားတွေဟာ တဖြည်းဖြည်းပျောက်ကွယ်လို့နေပါပြီ။ နေ့ဘက်တွေမှာတွေ့ရတဲ့ ရောင်စုံလိပ်ပြာ လေးတွေ၊ မြက်ခင်းတွေရဲ့အထက်နားလေးမှာ အုပ်စုလိုက်မြင်ရလေ့ရှိတဲ့ ပစဉ်းကောင်လေးတွေ၊ ညဦးပိုင်းတွေမှာ မှိတ်တုတ်မှိတ်တုတ် ပိုးစုန်းကြူးလေးတွေ ဒါတွေအားလုံးမတွေ့ရတော့တာ အင်မတန်ကြာခဲ့ပါပြီ။ လူသားတွေကြောင့် ပျက်စီးယိုယွင်းလာတဲ့ သဘာဝတရားကြီးကို ပြန်လည်ထိန်းသိမ်းဖို့ လူသားတွေရဲ့ တာဝန်ဖြစ်ပါတယ်။

တချို့နိုင်ငံတွေမှာတော့ သစ်ပင်တွေစိုက်ကြဖို့၊ ရှိပြီးသစ်ပင်တွေကို ကာကွယ်ကြဖို့နဲ့ ကာဗွန်ထုတ်လုပ်မှုလျော့ကျအောင် စွမ်းအင်ချွေတာသုံးစွဲဖို့တွေကို အစိုးရတွေ၊ လူမှုရေးအဖွဲ့အစည်းတွေကနေ ကြိုးပမ်းလာကြတာတွေ့ရပါတယ်။ သို့သော် တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတတ်ဖို့ ဘယ်ဟာကို ဦးစားပေးမလဲဆိုတာကတော့ အငြင်းပွားစရာတွေရှိနေတုန်းပါ တချို့စက်မူဖွံဖြိုးဆဲနိုင်ငံကြီးတွေက ဒါဟာ မီဒီယာတွေရဲ့ ပုံကြီးချဲ့ရေးနေကြတာလို့ ဆိုနေကြဆဲပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Food Magazine ပရိသတ်တွေအနေနဲ့လည်း ပူပေါင်းပါဝင်နိုင်မယ့် နည်းလမ်းလေးတွေရှိရာမှာ သစ်ပင်စိုက်၊ စွမ်းအင်ချွေတာရေးအပိုင်းတွေမှာ လွယ်လွယ်ကူကူ ပါဝင်ပတ်သက်နိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်ပါလည်း Food Magazine ရဲ့ စားဖိုမှူးစာရေးသူတွေ တင်ဆက်ထားတဲ့ လျင်မြန်လွယ်ကူတဲ့ ဟင်းချက်နည်းတွေဟာ တစ်နည်းအားဖြင့် Eco Friendly ဖြစ်စေတယ်လို့ပဲ လိုရာဆွဲပြောပါရစေ။ တကယ်လည်း ဒီအတိုင်းပါ။ လျင်မြန်လွယ်ကူတဲ့ ချက်ပြုတ်နည်း တွေကြောင့် လောင်စာစွမ်းအင်နဲ့ လျှပ်စစ်သုံးစွဲမှုလျှော့ချနိုင်ခြင်းဟာ စာဖတ်သူများရဲ့မိသားစု တစ်စုကစလို့ မိသားစုများစွာပါဝင်လာမှာ ဖြစ်တာကြောင့် Food Magazine ကို အားပေးသူပရိသတ်များလေ ပိုမိုထိရောက်လေဖြစ်ပါတယ်။

ပိုမိုကောင်းမွန်အောင် အမြဲတမ်းကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့သားများဟာ Food Magazine ရဲ့ လူမူကွန်ယက် Facebook Fan Page နဲ့ Website, You Tube တွေမှာ ဟင်းချက်နည်းတွေကို Video Clip တွေအနေနဲ့ပါ တင်ဆက်ထားတာဖြစ်လို့ ပရိသတ်များအနေနဲ့လည်း ဝင်ရောက်ကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ လိုအပ်ချက်များအတွက်လည်း ဆက်လက်ပြီး ဝေဖန်အကြံပြုပေးဖို့ တောင်းဆိုပါတယ်။

ဒီတစ်လတော့ အလေးထားဂရုပြုစရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့ အကြံပြုချက်လေးနဲ့ Food Magazine Website နဲ့ Facebook စာမျက်နှာ၊ Youtube တို့မှာ ထပ်မံကြိုးစားထားတာလေးတွေကို အသိပေးပြောကြားရင်း အစဉ်အလာမပျက်တဲ့ စားဖိုမှူး စာရေးသူတွေရဲ့ ထူးခြားဆန်းသစ်တဲ့ လက်ရာကောင်းတွေပါဝင်တဲ့ နိုဝင်ဘာလထုတ်စာအုပ်လေးကို ချစ်ခင်ရတဲ့ပရိသတ်များထံ ပို့ဆောင်ပေးလိုက်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments