Vol 5, No 7, July, 2016 Issue (Editorial)

06_June_2016

Vol 5, No 7, July, 2016 Issue (Editorial)

            ဇူလိုင်လထုတ်မဂ္ဂဇင်းအတွက် ဖောင်ပိတ်ဖို့စီစဉ်ရမယ့် ဒီအချိန်ရောက်လာပြီဆိုတော့ စာဖတ်ပရိသတ်များကို နှုတ်ခွန်းဆက်ဂါရဝပြုရမယ့်အချိန် ရောက်လာပြန်ပါပြီ။

Food Magazine ပရိသတ်များ မင်္ဂလာပါခင်ဗျာ . . . ။

            မိုးလေးနေ့စဉ် ရက်ဆက်ဆိုသလို ရွာလိုက်တော့ အေးအေးချမ်းချမ်းလေး သွားလာလှုပ်ရှားလို့ရလာပါပြီ။ မိုးထဲလေထဲမှာကျင်းပခဲ့တဲ့ Food and Hotel Myanmar 2016 ပွဲကြီးကလည်း အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပြန်ပါပြီ။ ဒီတစ်ခေါက်ပြပွဲမှာတော့ အရင်နှစ်ကလောက် ကျွန်တော်တို့အဖွဲ့တွေ အားလပ်ချိန်မရှိတာကြောင့် Food Magazine ပြခန်းမှာ အချိန်ပိုင်းလောက်လေးဝင်ထိုင် တွေ့စရာရှိတဲ့သူတွေနဲ့တွေ့ လုပ်စရာရှိတာလေးတွေ ပြေးလုပ်လိုက်နဲ့ ပရိသတ်များနဲ့တွေ့ရတဲ့အချိန် အလွန်နည်းပါးခဲ့ပါတယ်။ လူလည်း စုံစုံလင်လင်မရှိခဲ့ပါဘူး။ လူမစုံရတဲ့ အကြောင်းအရင်းလေးကို အသိပေးတဲ့အနေနဲ့ Food Magazine စာမျက်နှာပေါ်ကနေ ခဏပျောက်သွားခဲ့ကြတဲ့ မအိသက်နဲ့ မချိုဝတ်ရည်တို့က ခုလထုတ်မှာ ပရိသတ်ကြီးကို သတင်းစကားပြောထားပါတယ်။

            ဒီတစ်လမှာတော့ မိုးရာသီ၊ ဝါဝင်လဖြစ်တာနဲ့ အညီရာသီဥတုနဲ့ လိုက်ဖက်မယ့် အစားအစာချက်ပြုတ်နည်းတွေကို Food Magazine စာရေးသူစားဖိုမှူးများက တင်ဆက်ပေးထားပါတယ်။ ဗုဒ္ဓဘာသာဓလေ့အရ ဝါဝင်ပြီဆိုတာနဲ့ ဥပုသ်နေ့တိုင်း သီတင်းသီလ ဆောက်တည်ကြသူများရှိသလို ဒီလိုနေ့တိုင်းမှာလည်း ဥပုသ်ကျောင်းမှာ အလှူအတန်း၊ ဒါနပြုခြင်း တွေရှိတဲ့အတွက် ဒီတစ်လရွေးချယ်တင်ပြပေးလိုက်တဲ့ ချက်ပြုတ်နည်းတွေက စာဖတ်သူပရိသတ်များရဲ့ အလှူဒါနအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်နေမယ်လို့လည်း ယုံကြည်ပါတယ်။ ချက်ပြုတ်နည်းတွေအပြင် မုန့်လုပ်နည်းတွေကလည်း ဒီရာသီအလှူအတန်းများအတွက် အဆင်ပြေလွယ်ကူမယ့် နည်းလေးတွေဆိုတာ အသိပေးလိုက်ပါတယ်။ ထူးခြားတဲ့အစီအစဉ်များအဖြစ် တစ်လောလေးကမှ ကန်တော် ကြီးဥယျာဉ်ထဲမှာ အသစ်ဖွင့်လိုက်တဲ့ ကချင်အစားအစာ ‘ချဉ်ငံစပ်’ဆိုင်ရဲ့ တည်ထောင်သူ အဆိုတော်အားတီနဲ့ တွေ့ဆုံမေးမြန်းထားရင်း အစားအစာချက်ပြုတ်ခြင်းအပေါ် သူ့အမြင်လေးတွေကိုလည်း အာဂက Celebrities in the Kitchen မှာ တင်ဆက်ပေးထားပါတယ်။ Time မဂ္ဂဇင်းရဲ့ ၂ဝ၁၆ ခုနှစ် လွှမ်းမိုးမှုအရှိဆုံး အယောက် ၁ဝဝ စာရင်းဝင်ခဲ့တဲ့ စားဖိုမှူးကြီး Roy Choi ရဲ့ အကြောင်းကိုလည်း စားဖိုမှူးလူငယ်များ လေ့လာအတုယူနိုင်ဖို့ ဘာသာပြန် တင်ဆက်ပေးထားပါတယ်ဆိုတာကို အသိပေးတင်ပြရင်း Food Magazine ဇူလိုင်လထုတ်ကို စာဖတ်ပရိသတ်များလက်ထဲ အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။ ပရိသတ်များအားလုံး စိတ္တ၊ ကာယသုခနှစ်ဖြာ ပြည့်စုံကြပါစေ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments