Vol 5, No 8, August, 2016 Issue (Editorial)

editorial

Vol 5, No 8, August, 2016 Issue (Editorial)

            Food Magazine စာဖတ်ပရိသတ်ကြီးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

            သြဂုတ်လ မိုးကာလဆိုတော့ မိုးကလည်း နေ့စဉ်နဲ့ရက်ဆက်ဆိုသလိုပါပဲ၊ ကျန်ခဲ့တဲ့လတွေထက် မိုးကပိုသည်းလာပါတယ်။ Food Magazine မှာ ပင်တိုင်ရေးသားနေတဲ့ စားဖိုမှူးတွေကလည်း ရာသီနဲ့ လိုက်ဖက်ညီတဲ့ အစပ်အဟပ်တည့်လှတဲ့ ဟင်းလျာတွေကို ချက်ပြုတ်တင်ဆက်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အစားအသောက်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို အစားအသောက်နည်းပညာပိုင်းဆိုင်ရာ ဆရာ၊ ဆရာမတွေရော၊ အစားအသောက်ပိုင်းဆိုင်ရာ ဌာနအသီးသီးတွေရော၊ စားဖိုမှူးတွေရော စတဲ့ အဘက်ဘက်က ပိုမိုတိုးတက်အောင် ဆောင်ရွက်လာကြပါတယ်။ အစား အသောက်စက်ရုံတွေကလည်း သန့်ရှင်းမှုကို ဦးစားပေးပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ထုတ်လုပ်လာတာကြောင့် မြန်မာနိုင်ငံရဲ့ အစားအသောက်တွေက အရင်ကထက် ပိုမိုစိတ်ချလာရပါပြီလို့ ယူဆမိပါတယ်။ နိုင်ငံတော် အစားအသောက်ပိုင်းဌာနတွေကလည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်များကို ပြန်လည်သိမ်းဆည်းခြင်း၊ ပြည်သူများကို အသိပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများကြောင့် မြန်မာပြည် သူ ပြည်သားများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတ များစွာရရှိနေပြီလို့ အသိအမှတ်ပြုရမှာဖြစ်သလို ရှေ့ဆက်ဖို့လည်း အများကြီးကျန်နေပါသေးတယ်။ ဒေသတွင်း အစားအသောက်များကိုသာမက နိုင်ငံတကာမှ အစားအသောက်များကိုပါ လေ့လာ၍ရနေပြီဖြစ်ပါတယ်။ ချက်ပြုတ်ပိုင်းဆိုင်ရာ နည်းပညာတွေရော၊ အစားအသောက် ဥပဒေတွေပါ မြန်မာနိုင်ငံမှာ ကျင့်သုံးလာတဲ့အတွက် စားသုံးသူတွေ ဘက်ကလည်း ပိုမိုယုံကြည်စိတ်ချစွာ စားသုံးလာကြသလို ရောင်းသူတွေဘက်ကလည်း ပိုမိုမျက်နှာပန်းလှလာနေကြပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ဖို့တော့ များစွာလိုအပ်ပါသေးတယ်။

            ခုလိုမြန်မာနိုင်ငံမှာ အဘက်ဘက်က အပြောင်းအလဲများစွာကို ကြိုးစားအားထုတ်နေကြတဲ့ကာလမှာ Food Magazine ကလည်း သက်ဆိုင်ရာအပြောင်းအလဲကဏ္ဍမှာ တစ်ထောင့်တစ်နေရာကနေ တစ်လထက် တစ်လ ဆန်းသစ်မူများနဲ့ ကြိုးစားတင်ဆက်နေပါတယ်။ ခုလမှာတော့ ပါဝင်နေကျအစီစဉ်များနဲ့အတူ ဆရာစောဆာမူလားရဲ့ Cup Cake အလှဆင်နည်းလေးလည်း တင်ဆက်ပေးထားတာကြောင့် အိမ်မှာလုပ်စားတဲ့သူတွေအတွက်လည်း ဗဟုသုတရသလို ဆိုင်မှာရောင်းမယ့်သူတွေအတွက်လည်း အများနဲ့မတူတဲ့ မုန့်လေးတွေလုပ်ထားတဲ့အတွက် ဝယ်သူတွေ စိတ်ဝင်စားကြမှာသေချာပါတယ်။ ဒေါက်တာလှကြည်ရဲ့ ကျန်းမာရေးအတွက် အပင်တွေကနေထွက်တဲ့ ဓာတုပစ္စည်း (Phytochemicals) တွေအကြောင်းကို ဖတ်ရှုရတာကြောင့် ဗဟုသုတတွေအများကြီးရမှာပါ။ ကျွန်မကိုယ်တိုင် တင်ဆက်ထားတဲ့ မီးခိုးကျပ်တိုက်ခြင်း (Smoking) အကြောင်းကလည်း စိတ်ဝင်စားစရာကောင်းမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ အခုတလော ရေပန်စားလာတဲ့ ဝိုင် (Wine) အကြောင်းကိုလည်း စုံစုံလင်လင်ဖတ်ရှုရမှာမို့ Food Magazine သြဂုတ်လကို စာဖတ်ပရိသတ်ကြီးလက်ထဲ အရောက်ပို့လိုက်ပါပြီ။ ပရိသတ်ကြီးလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ရင်း ပျော်ရွှင်နိုင်ကြပါစေ။

ဆုမြတ်ဦး

Asst. Food Editor

Facebook Comments