Vol 5, No 5, May, 2016 Issue (Editorial)

editorial

အယ်ဒီတာ့စကား

Food Magazine ကို ဖတ်ရှုအားပေးနေကြတဲ့ ပရိသတ်ကြီးကို မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုလိုက်ပါတယ်။

နှစ်သစ်မှာ ပျော်ကြရဲ့လားဗျာ . . .

            ပူလွန်းလှတဲ့ဒီနှစ်နွေရာသီမှာ ပြီးခဲ့တဲ့လက လက်ဆောင်အဖြစ် Food Magazine ရဲ့ နွေရာသီအထူးထုတ်စာအုပ်လေးကို ပရိသတ်များ ကြိုက်နှစ်သက်ကြတယ်ဆိုတာသိရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အားပေးကြတဲ့ ပရိသတ်များကိုလည်း ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါ တယ်ခင်ဗျာ။ ကျွန်တော်တို့ Food Magazine ကို ဖွဲ့စုစည်းထားတဲ့ပုံစံလေးကတော့ အိမ်ရှင်မစာဖတ်ပရိသတ်များအားထားရတဲ့ စာရေးသူ စာဖိုမှူးများ၊ အစားအစာချက်ပြုတ်ခြင်း အတတ်ပညာနဲ့ အသက်မွေးသူတွေအတွက် အထောက်အကူဖြစ်စေမယ့် Professional စားဖိုမှူးများ၊ အစားအစာအာဟာရပညာရှင်များ အပါအဝင် အစားအစာချက်ပြုတ်ခြင်းကိုချစ်မြတ်နိုးကြတဲ့ အနုပညာရှင်များကိုပါ အခွင့်သင့်သလို စုစည်းတင်ပြ ပေးထားပါတယ်။  Food Magazine မှာ ဖော်ပြသမျှကို Food Magazine ရဲ့  Facebook စာမျက်နှာ www.facebook.com/FOODMagazine နဲ့ www.foodmagazinemyanmar.com Website ပေါ်မှာ အမြဲတင်ဆက်ပေးနေပြီး စာဖတ်သူပရိသတ်များရဲ့ အကြံပြုချက်များကို လေးစားစွာ မှတ်တမ်းတင်ထားပြီး မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားပေး နေပါတယ်။ ရှေဆက်ပြီးလည်း ပရိသတ်များရဲ့ အကြံဥာဏ်များကို ဆက်လက်ကြိုဆိုနေမှာဖြစ်ကြောင်းနဲ့ လိုအပ်ချက်များရှိနေရင်လည်း ကြိုးစားပြီး ပြင်ဆင်သွားမယ်ဆိုတဲ့အကြောင်းကို အသိပေးလိုပါတယ်။

            ဒီတစ်လမှာ နွေရာသီအတွက် အထူးအကြံပြုရေးသားထားတဲ့ ဆရာကြီးဒေါက်တာဦးလှကြည်ရဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆောင်းပါးလေး တင်ပြပေးထားပါတယ်။ တိုင်းရင်းသားရိုးရာ၊ ဒေသတွင်း အစားအစာတွေကို လုပ်ငန်းအတွေ့အကြုံများနဲ့ အခြေခံပြီး စီပွားဖြစ်လုပ်ကိုင်နိုင်တဲ့အထိ အဆင်ပြေတဲ့ချက်ပြုတ်နည်းလေးတွေကို တင်ပြလေ့ရှိတဲ့ Sofia ရဲ့ အိန္ဒိယအချိုပွဲနှင့် အဆာပြေစာမုန့်လုပ်နည်းများကလည်း လေ့လာသူတွေ၊ စီးပွားရေးလုပ်ကိုင်ကြသူတွေအတွက် အထောက်အကူပြုပါလိမ့်မယ်။ ဟင်းလျာချက်ပြုတ်နည်းတွေအပြင် အဆန်းတကြယ်ဖြစ်တဲ့ မုန့်လုပ်နည်းတွေကို အမြဲတမ်းတီထွင်ဆန်းသစ်စွာ တင်ပြပေးနေတဲ့ EVY Kitchen ကတော့ မြန်မာနှစ်သစ်အတွက် မုန့်လုပ်နည်းလေးများ သီးသန့်တင်ဆက်ပေးထားပါတယ်။ တိုင်းရင်းသားရိုးရာစားသောက်ဆိုင်များကတောင် လေးစားအတုယူပြီး ပြောစမှတ်ဖြစ်ရတဲ့ Meemeetofu က ဟင်းလက်ရာများကလည်း တစ်မူဆန်းသစ်လို့ လာပြန်ပါတယ်။ အမြဲတမ်းကြိုးစားလျက် ကြိုးစားမြဲအရှိန်ကျမသွားတဲ့ Syi Lwin Foods Garden ကတော့ နေပူလေပူနွေရာသီနဲ့လိုက်ဖက်မယ့် ဟင်းလျာလေးများကလည်း ပူလွန်းလို့ အစားပျက်နေသူများအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာဖြစ်တာကြောင့် ဒီတစ်လဟာလည်း Food Magazine ရဲ့ ရိုးရာမပျက်တဲ့လဖြစ်ပါတယ်။  ဖော်ပြခဲ့တဲ့ အိမ်ရှင်မစားဖိုမှူး စာရေးသူများရဲ့လက်ရာတွေအပြင် နာမည်ကြီး၊ နာမည်ရ၊ တက်သစ်စ၊ ဝါသနာရှင် စသည်ဖြင့် ဆုံနေအောင် ပေါင်းစည်း ပေးထားတဲ့ မေလထုတ် Food Magazine ကို ပရိသတ်များလက်ထဲအရောက် အချိန်မှီပို့ဆောင်ပေးလိုက်ပါပြီ။ ချစ်ခင်ရတဲ့ပရိသတ်များအားလုံး နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments