Vol 5, No 4, April, 2016 Issue (EDITORIAL)

04_april_2016

အယ်ဒီတာ့စကား

            မတ်လနဲ့  ဧပြီလတွေမှာတော့ နွေဟာပီပီပြင် ပြင် ပူပြနေပါတော့တယ်။ တလောလေးက ညဘက်နဲ့ နံနက်စောစောအချိန်လေးတွေ အေးပေးနေခဲ့သလောက် ခုတော့ နေ့လည်းပူ ညလည်းမအေးနဲ့ နွေရာသီရဲ့ ပူပိုင်ခွင့်ကြီးကို ရာနှုန်းပြည့်ပါဝါပြနေရုံမက အယ်လ်နီညိုဆိုတာကြီးကလည်း အဆင်းဘီးတပ်နေသည့်အလား . . . တစ်ပူပေါ်တစ်ပူဆင့်လို့ ပူပြီးရင်း ပူပြနေလိုက်တာများဗျာ . . . ။

            ကျွန်တော်တို့ငယ်ငယ်က ဒီလိုအချိန်ဆို စာမေးပွဲတွေပြီးလို့ မကြာခင်ရောက်လာတော့မယ့် သင်္ကြန်ရက်တွေအတွက် ကြိုတင်စိတ်လှုပ်ရှားနေရပြီပေါ့ဗျာ။ သူများတွေတော့ ဘယ်လိုမှန်းမသိပေမယ့် ကျွန်တော့်မှာ နှစ်တိုင်းနှစ်တိုင်း သီတင်းကျွတ်ပွဲပြီးရင် သင်္ကြန်ရက်တွေကို မျှော်နေခဲ့ပြီး သင်္ကြန်အတက်နေ့ ပြီးသွားတာနဲ့ သီတင်းကျွတ်ရက်တွေကို မှန်းဆနေခဲ့ရတာပါ။ သင်္ကြန်ဆိုတာ မြန်မာနိုင်ငံသားအားလုံး ပျော်ပါးကြ၊ လှူတန်းကြနဲ့ ကုသိုယ်ယူကြတဲ့ရက်တွေပါ။ ငယ်ငယ်ကဆို ရေပုံးတစ်ပုံးကို အိတ်ထဲထည့်လွယ်၊ ကြောင် ၂ ကောင်ရေပြွတ်တစ်ချောင်းကိုင်ပြီး မျက်လုံးကာတဲ့ မျက်မှန်တစ်လက်စတဲ့ Equipment အစုံအလင်ကိုယ်စီနဲ့ ကျွန်တော်တို့လမ်းထဲက အရွယ်တူသူငယ်ချင်းတစ်သိုက်ဟာ နောက်တစ်လမ်းမှာ နေကြတဲ့ အရွယ်တူလမ်းသားတွေနဲ့ ရေပြွတ်စစ်တိုက်ကြမယ့် ရေသဘင်စစ်သားကြီးတွေပေါ့ဗျာ။ တစ်ဖက်ကို ၁၅ ယောက် ၁၆ ယောက်လောက်ရှိကြတဲ့ လမ်းတိုင်းက ကလေးရေသဘင်တပ်စုတွေဟာ သူများလမ်းကို သွားတိုက်လိုက်၊ ကိုယ်လမ်းကို သူများက လာတိုက်လိုက်နဲ့ ရေပြွတ်စစ်တိုက်ကြတဲ့မြင်ကွင်းကို ခုထက်ထိ မျက်လုံးထဲမှာ မြင်ယောင်နေမိ တုန်းပါပဲ။ နောက်တော့ ရေပက်ခံကားနဲ့ လိုက်လည်တဲ့အရွယ်ရောက်ခဲ့ပြီး ခုများဆိုရင် သင်္ကြန်ရောက်တိုင်း ဒုလ္လဘရဟန်းခံရတဲ့အရွယ်ကိုတောင် ရောက်လာခဲ့ပြီလေ။ ကျွန်တော်တို့အသက်တွေ တစ်နှစ်ထက်တစ်နှစ် ကြီးလာသလို သင်္ကြန်ရဲ့ယဉ်ကျေးမှုပုံစံ၊ သင်္ကြန်ရဲ့ ပျော်ရွင်စရာ ဖန်တီးမှုတွေ၊ ဖျော်ဖြေမှုပုံစံတွေဟာ ခေတ်နဲ့အညီ လိုက်လျောညီထွေစွာနဲ့ ပြောင်းလဲလို့ လာခဲ့ပါတယ်။

            သင်္ကြန်ယဉ်ကျေးမှု ခေတ်မှီပြောင်းလဲလာတာနဲ့အညီ Food Magazine ကလည်း သင်္ကြန်အလှူ စတုဒီသာကျွေးပွဲတွေအတွက် ရိုးရာလည်းမပျက်၊ ခေတ်မှီဆန်းသစ်မှုများလည်း ဖြစ်ရလေအောင် သင်္ကြန်ထမင်းနဲ့ ဆန်းပြားတဲ့ မုန့်လုံးရေပေါ်လုပ်နည်း၊ မြန်မာ့ရိုးရာ မုန့်ပဲသရေစာလုပ်နည်းလေးတွေအပြင် အချိန်မမှန်နိုင်တော့တဲ့ ပိတောက်အတွက် ကောက်ညှင်းပိတောက်ပန်းကို အချိန်မရွေးလုပ်နိုင်အောင်လည်း ဧပြီလထုတ်မှာ တင်ပြပေးထားပါတယ်။ နောက်ထပ်လည်း Food Magazine ရဲ့ အစဉ်အလာမပျက် ထူးခြားဆန်းပြားတဲ့ ဟင်းချက်နည်း၊ မုန့်လုပ်နည်းများနဲ့တင်ဆက်ထားပါတယ်။ နွေရာသီအထူးထုတ်အနေနဲ့ ရေခဲမုန့်လုပ်နည်း (၅)မျိုး၊ သစ်သီးဖျော်ရည်မျိုးစုံလုပ်နည်း (၁၁)မျိုးတို့ကို သီးသန့်စာအုပ်အနေနဲ့ မေတ္တာလက်ဆောင် ထည့်ထားပါတယ်။

            Food Magazine ပရိသတ်ကြီးရေ။ နွေပူ၊ လေပူတွေထဲမှာ ကျန်းမာရေးကိုလည်း အထူးအလေးပေး ဂရုစိုက်ပေးကြဖို့ တိုက်တွန်းလိုက်ရင်း ဧပြီလထုတ် Food Magazine ကို ပရိသတ်များထံ အရောက်ပို့ပေးလိုက် ပါပြီ။ နှစ်သစ်ကူးအချိန်ကာလမှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေခင်ဗျာ . .

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments