Vol 5, No 3, March, 2016 Issue (EDITORIAL)

Editorial

အယ်ဒီတာ့စကား

            Food Magazine မတ်လထုတ်အတွက် ဖောင်ပိတ်ရက်ကို ရောက်လာပြီဆိုပြန်တော့ ပရိသတ်များကို နှုတ်ခွန်းဆက်စကားနဲ့ သတင်းပါးချင်တာလေးတွေ ရေးရပြောရမယ့်အချိန် ရောက်ပြန်ပြီပေါ့။

မင်္ဂလာပါလို့ ပရိသတ်များကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။

            ကျွန်တော်တို့ Food Magazine အနေနဲ့ စာရေးသူစားဖိုမှူးများရဲ့  လုံးချင်းဟင်းချက်နည်း စာအုပ်တွေကို ထုတ်လုပ်ဖြန့်ချိလာခဲ့ရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာတော့ ကိုဆန်နီ (5 Plus Celebrity Chef) နဲ့ မခိုင်စည်သာအောင် (Syi Lwin Foods Garden) တို့ရဲ့ ဟင်းချက်နည်းစာအုပ်များ ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပါတယ်။ မခိုင်စည်သာအောင် (Syi Lwin Foods Garden) ရဲ့  အသစ်ထွက်လာတဲ့ စာအုပ်မှာ ပါဝင်တဲ့ ဟင်းချက်နည်းတွေဟာ Food Magazine မှာ တစ်ခါမျှဖော်ပြခြင်းမရှိသေးတဲ့ ဟင်းချက်နည်းအသစ်တွေ ဖြစ်ပါတယ်။ စာအုပ်အရွယ်အစားမှာလည်း ပိုပြီးကိုင်ဆောင်ရလွယ်တဲ့ အရွယ်အစားကို စီစဉ်ဖြစ်ခဲ့ပါတယ်။ ဒီလို ထူးခြားတဲ့ အပြင်အဆင်၊ အရည်အသွေးနဲ့၊ ပိုမိုဆန်းသစ်တဲ့ ဟင်းချက်နည်းအသစ်တွေကို လုံးချင်းစာအုပ်အဖြစ် ဆက်လက်စီစဉ်ထုတ်ဝေသွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။

            Food Magazine မတ်လထုတ်အနေနဲ့တော့ ပါဝင်ရေးသားနေကျ စာရေးသူစားဖိုမှူးများရဲ့ ဟင်းလက်ရာဆန်းများနဲ့အတူ လူသစ်စာရေးသူ စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ ကိုရဲထွေးအောင်ရဲ့ ဖန်တီးမှုလက်ရာတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ ကျန်းမာရေးဆောင်းပါးများကို အစဉ်ရေးသား ချီးမြှင့်ပေးတဲ့ ဆရာကြီးဒေါက်တာလှကြည်ရဲ့  ကစီကြွယ်ဝတဲ့ သစ်ဥသစ်ဖုများ၏ အာဟာရနှင့် ကျန်းမာရေး ဆောင်းပါးဟာ အထူးအလေးထား ဖတ်ရှုသင့်တဲ့ ဗဟုသုတအပြင် နေ့စဉ်စားသောက်နေထိုင်မှုတွေအတွက် ကင်းလို့မရတဲ့ ပညာပေးဆောင်းပါးတစ်ခုဖြစ်ကြောင်း ပြောလိုပါတယ်။ မြန်မာ့ရိုးရာ အစားအစာတစ်မျိုးချင်းစီကို ဒေသ၊ သဘာဝ၊ အာဟာရရှု ထောင့်မျိုးစုံကနေ ရေးသား တင်ပြလေ့ရှိတဲ့ ဆရာမကြီးဒေါ်ဆန်းဆန်းဦး (မြန်မာအသံ) ကလည်း ဒီတစ်လမှာ ရခိုင်မုန့်တီနဲ့ပက်သက်သမျှ ဗဟုသုတများနဲ့ ချက်ပြုတ်နည်းလေး တင်ဆက်ပေးထားပါတယ်။ ဟင်းချက်နည်းစနစ်တွေကို ရေးနည်းဟန်ပန်အသစ်နဲ့ ဘေးကနေ မိခင်တစ်ယောက်၊ အဒေါ်၊ အစ်မတစ်ယောက်က သင်ကြားပေးနေသလိုမျိုး ရသဖြစ်အောင် ရေးသားလေ့ရှိတဲ့ ဆရာမကြီး ဒေါ်နန်းစန်းစန်းအေး ရဲ့ ဟင်းချက်နည်းတွေဟာလည်း နွေးထွေးတဲ့မိသားစု အရိပ်အငွေ့များကို စာဖတ်သူများထံ ကူးစက်ခံစားစေမှာ အမှန်ဖြစ်ပါတယ်။

            ပရိသတ်ကြီးရေ Food Magazine အနေနဲ့ အိမ်ရှင်မများ၊ မိသားစုများနဲ့၊ ဟင်းချက်ဝါသနာရှင်များအတွက် အပြိုင်အဆိုင်များလှတဲ့ခေတ်ကြီးမှာ အချိန်ကုန်သက်သာ၊ လူပင်ပန်းသက်သာစေမယ့် နည်းလမ်းတွေကို အသုံးချပြီး နေ့စဉ်ဘဝမှာ အခက်အခဲမရှိ ပျော်ရွှင်သော စားသောက်နေထိုင်မှုပုံစံများအတွက် အထောင်အကူဖြစ်စေမယ့် အားထားရတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်အဖြစ် ဆက်လက်ရပ်တည်သွားပြီး လိုအပ်ချက်များကို စွမ်းသလောက် ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း သတင်းပေးရင်း Food Magazine မတ်လထုတ်ကို ပရိသတ်များလက်တွင်း အရောက်ပို့ပေးလိုက်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments