Vol 5, No 10, October, 2016 Issue

10_oct_2016

အယ်ဒီတာ့စကား

            Food Magazine ကို ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီးကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါတယ်။ မကြာခင်မှာ မိုးရာသီကုန်ဆုံးပြီး ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ပွဲတော်ကြီး ရောက်လာတော့မှာဖြစ်ပါတယ်။ ဒါနဲ့ နောက်ဆက်တွဲ တန်ဆောင်တိုင်ပွဲတော်များနဲ့ ဆောင်းရာသီကလည်း အတူပါလာမှာဖြစ်ပါတယ်။ ပွဲတော်တွေရဲ့ ပျော်စရာရွှင်စရာတွေနဲ့အတူ သတိထားစောင့်ကြည့်ရမယ့် ရာသီဥတုပြောင်းလဲခြင်းတွေကိုလည်း မမေ့စေချင်ပါဘူး။ စာဖတ်ပရိသတ်များအပါအဝင် အားလုံးလည်း ပညာရှင်များသတိပေးထားတဲ့အတိုင်း လာနီညာရာသီဥတုကြီးအတွက် ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်။ ကျွန်တော်တို့ လူသားတွေအပါအဝင် သက်ရှိအားလုံးရဲ့ ရှင်သန်ဖြစ်တည်မှုအတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရအားလုံး မျှတဖို့လိုအပ်တာကြောင့် စာဖတ်သူများအတွက်လည်း လိုအပ်ချက်တစ်ခုဖြစ်နေတဲ့ အာဟာရနဲ့ပတ်သက်ပြီး တွေကြုံနေရတဲ့ဥတုရာသီအလိုက် အစပ်အဟပ်ညီအောင် ဖန်တီးတင်ပြပေးနေကြတဲ့ စားဖိုမှူးစာရေးသူတွေရဲ့ လက်ရာကောင်းတွေကိုလည်း ဒီတစ်လမှာ ယခင်လများနည်းတူ ရိုးအီသွားတယ် မရှိရအောင် လေ့လာဖတ်မှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့တော့ ဟင်းချက်နည်းသက်သက်ကိုသာမဟုတ်ဘဲ ပညာရပ်ဆိုင်ရာဗဟုသုတများ ကိုလည်း ယခင်လများထက် ပိုမိုတင်ဆက်ပေးထားပါတယ်။ ဝိုင်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ဒီတစ်လမှာ ဆက်လက်ဖတ်ရှုရမှာဖြစ်ပြီး ဝိုင်ဖောက်နည်းများကိုလည်း တင်ပြပေးထားပါတယ်။ စားဖိုမှူးများအားလုံးအတွက်ရော အိမ်ရှင်မများအတွက်ပါ မသိမဖြစ်သိထားသင့်တဲ့ ဗဟုသုတဖြစ်တဲ့ ဓားများအကြောင်းကိုလည်း ဒီတစ်လမှာ ဖတ်ရှုရမှာဖြစ်ပါတယ်။ Macaroon မုန့်လေးများဟာ လုပ်ရတာလည်းတန်ဖိုးကြီးပြီး လက်ဝင်လှတဲ့မုန့်လေးတွေဖြစ်ပါတယ်။ ကာလာစုံ ဆွဲဆောင်မှုကောင်းကောင်းနဲ့ မျက်နှာဖုံးပေါ်က Macaroon လက်ရာကိုတော့ Kitchen for kids ကဏ္ဍအတွက် Food Magazine က တင်ဆက်ပေးထားတာဖြစ်ပါတယ်။ မကြာခင်မှာရောက်လာတော့မယ့် သီတင်းကျွတ်ပွဲတော်ကြီးရဲ့ အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲများမှာ လက်တွေ့အသုံးချပြုလုပ်နိုင်မယ့် ဆန်းသစ်တဲ့မုန့်လုပ်နည်းများနဲ့ အရသာရှိပြီး ထူးခြားဆန်းပြားပေမယ့် လွယ်ကူစွာ ပြင်ဆင်ချက်ပြုတ်နိုင်မယ့် ဟင်းချက်နည်း၊ ထမင်းချက်နည်းများကို အောက်တိုဘာလထုတ်မှာ စုပေါင်းပြီး ပရိသတ်များထံ အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။ ပျော်ရွှင်စရာ သီတင်းပွဲတော်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments