Vol 5, No 10, December, 2016 Issue

12_dec_2016_s

အယ်ဒီတာ့စကား

            Food Magazine ဖတ်ရှုအားပေးကြတဲ့ ပရိသတ် ကြီးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ တကယ်မကုန်သေးတဲ့ မိုးရာသီကုန်ဖို့အချိန်ရောက်လာပြီး ပွဲလမ်းများကျင်းပဆင်နွဲရာ ပွင့်လင်းရာသီကို ရောက်လာခဲ့ပါပြီ။ ဒီလိုအချိန်ရောက်တိုင်း အင်းစိန်ဇာတိဖြစ်တဲ့ကျွန်တော့်မှာ ငယ်ဘဝအမှတ်ရစရာလေးတွေကို ပြန်လွမ်းရစမြဲပါ။ ကျွန်တော်တို့ ငယ်ငယ်ကအခုအင်းစိန် က.ည.န နဲ့ ကုန်စိမ်းကုန်လှောင်ရုံနေရာမှာ လွတ်လပ်ရေးကွင်းဆိုတဲ့ ကွင်းအကျယ်ကြီးနဲ့ ရေကန်ကြီးတစ်ကန်ရှိပါတယ်။ ပွင့်လင်းရာသီရောက်ပြီဆို ဒီနေရာမှာဇာတ်ပွဲတွေ ရုံသွင်းပါတယ်။ ဇာတ်ပွဲဆိုတဲ့အတိုင်း ဇာတ်ရုံတစ်ခုတည်းမဟုတ်ဘဲ ဇာတ်ရုံကြီးအဝင်လမ်းမှာ ဈေးတန်းတွေရှိပါတယ်။ လွတ်လပ်ရေးကွင်းကြီးနဲ့အပြည့် မျက်လှည့်ရုံ၊ သိုင်းကားတွေကို ကြည့်ကောင်းအောင် ခပ်တိုတိုဖြတ်ပြီး ပြတတ်တဲ့ ရုပ်ရှင်ရုံ၊ တုတ်ထိုးရုပ်သေးရုံစတာတွေလည်း ဇာတ်ရုံကြီးရဲ့ မလှမ်းမကမ်းမှာ ဇာတ်ပွဲမစခင်နဲ့ ဇာတ်ပွဲကနဦးပိုင်းကနေချိန်တွေမှာပါ အပြိုင်တင်ဆက်လေ့ရှိပါတယ်။ ဈေးတန်းဆိုင်ခန်းတွေဟာလည်း ကွင်းထဲမှာရောင်းချခွင့်ရတဲ့အပြင် နောက်ထပ်ဘယ်လောက်တောင် များသလဲဆိုရင် မြောက်ဘက်ဘီအိုစီကွေ့အထိရှိတတ်ပြီး တောင်ဘက်ကိုသွားရင် အခုရွှေယုံလေး ကြေးအိုးဆိုင်နားလောက်အထိ ရှိတတ်ပါတယ်။ ဒီလောက်များတဲ့ဆိုင်ခန်းတွေမှာ အရုပ်ဆိုင်၊ အထည်ဆိုင်၊ အိမ်သုံးပစ္စည်းဆိုင်တွေ အပြင်တွေ့ရမှာက မြန်မာ့ရိုးရာမုန့်တွေကို ရောင်းတဲ့ဆိုင်တွေပါ။ အုန်းသီးကြော်ကြွပ်ကြွပ်လေးနဲ့ ထမင်းနဲ၊ ခပ်ဝေးဝေးကတည်းက အနံ့သင်းသင်းလေးရနေတဲ့ ရေမုန့်၊ အထဲမှာ ဘာတွေများပါပါလိမ့်လို့ ကလေးတိုင်းစပ်စုကြတဲ့ မုန့်သိုင်းခြုံ၊ အချပ်ကြီးကြီးတွေကို ဝါးခြမ်းပြားတန်းကြီးပေါ်မှာ ခေါက်တင်ထားရင် ပျားအုံကြီးနဲ့တူလို့ မုန့်ပျားသလပ်လို့လည်းခေါ်တဲ့ မုန့်ဆီကြော်၊ နံနံပင်တွေအများကြီးပါတဲ့ မန်ကျည်းချဉ်ရည်နဲ့ တို့စားလို့မဝတဲ့ အကြော်စုံကစပြီး လက်သုပ်စုံ၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ထမင်းကြော်စတဲ့ဆိုင်တွေအထိ စုံနေတဲ့ ပွဲဈေးမုန့်တန်းတွေဟာ ဒီဘက်ခေတ်မှာတော့ အထိန်းအသိမ်းအား နည်းလွန်းတာကြောင့် ရိုးရာပုံစံနဲ့ တဖြည်းဖြည်း အလှမ်းဝေးလာခဲ့ရပါပြီ။ အနီးဆုံးဥပမာအနေနဲ့ အကြော်စုံဆိုရင် ရောင်စပ်၊ အက်စစ်ရောတဲ့ ငရုတ်ဆီနဲ့ မာတောင့်တောင့်ဘူးသီးကြော်ကိုပဲ အဟုတ်ထင်စားနေကြရတာတွေ တွေ့နေရတာ စိတ်မကောင်းစရာဖြစ်ရပါတယ်။ ဒီထက်ဆိုးတာက ဘာအသားကိုလုပ်ထားမှန်းမသိတဲ့ ထုံချိုင်းဆိုတဲ့အစားအစာပါ။ ကိုရီးယားကင်လို့လည်း နောက်တစ်မျိုးခေါ်ပါသေးတယ်။ ဒါလေးက ပွဲဈေးတန်းအကြောင်း အမှတ်ရမိရာက ပြောဖြစ်တဲ့စကားပါ။ ဒီနေ့ ကျွန်တော်ရေးတဲ့ ဒီစာလေးအနည်းငယ်ကိုဖတ်မိရင်ပဲ စားသုံးသူများအနေနဲ့ ကိုယ်စားမယ့် အစားအသောက်တွေပေါ်မှာ သတိထားစားသုံးမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ မြန်မာစားဖိုမှူးများအနေနဲ့လည်း မိမိတို့သိရှိထားတဲ့အသိပညာ၊ အတတ်ပညာများကို အသုံးချပြီး တတ်နိုင်သလောက် ရိုးရာနည်းများကို ရှေးမူအတိုင်း ပြန်လည်ဖော်ပြပေးသူတွေလည်း ရှိနေသလို၊ ဒီဘက်ခေတ်နဲ့ ကိုက်ညီအံဝင်မယ့်နည်းတွေနဲ့လည်း ဆန်းသစ်တီထွင်ပြီး တင်ဆက်ပေးနေသူတွေ ရှိနေပါတယ်။ ဒီဇင်ဘာလမှာ ရိုးရာပွဲလမ်းများအပြင် Christmas, New Year စတဲ့ပွဲလမ်းတွေလည်း ရှိနေတာကြောင့် ဒီရက်တွေမှာ အသုံးတည့်မယ့် ချက်ပြုတ်နည်းတွေကိုလည်း ဒီလထုတ်မှာ လေ့လာမှတ်သားနိုင်မှာဖြစ်ပါတယ်။

            ၂ဝ၁၆ ခုနှစ်ရဲ့ နောက်ဆုံးလတစ်လ ဒီဇင်ဘာလထုတ်ကို ပရိသတ်လက်ထဲ အရောက်ပို့ပေးလိုက်ပြီး လာမည့် ၂ဝ၁၇ ခုနှစ်မှာ ဘယ်လိုတင်ဆက်မှုအသစ်တွေနဲ့ တွေ့ရမလည်းဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြဖို့ အမှာပါးရင်း ဒီတစ်လတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Magazine

Facebook Comments