Vol 4, No 4, April, 2015 Issue (EDITORIAL)

04_April_2015

      FM ရေဒီယိုကလာနေတဲ့ သင်္ကြန်တီးလုံးနဲ့ သင်္ကြန်မိုးသီချင်းက နွေနေ့လယ် နေပူပူအပူရှိန်အောက်မှာ လူကို သင်္ကြန်ရေများဖြန်းပတ်လိုက်သလို ခံစားရသည်။ မြန်မာနှစ်သစ်ကူးသင်္ကြန် ပွဲတော်ရောက်လို့လာပြန်ပါပြီ။ ချစ်စွာသောစာရှုသူများ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်သည်။ ဒီနှစ်သင်္ကြန် ဘာလုပ်ဖြစ်မည်မသိသေး။ အရင်နှစ်များတုန်းကတော့ အနီးစပ်ဆုံး ပြီးခဲ့တဲ့ သုံးနှစ်ကို ကြည့်မယ်ဆိုရင် ပထမတစ်နှစ်တုန်းက သားကြီးနဲ့အတူစွန်းလွန်းဂူကျောင်းတွင် ဘုန်းကြီးဝတ်၊ တရားထိုင်ဖြစ်သည်။ ကျန်တဲ့နှစ်နှစ်ကတော့ သမီးငယ်နဲ့အတူ ရေကစားဖြစ်သည် ဒီနှစ်တွက်တော့ မသေချာသေး။ ဘုန်းကြီးဝတ်မယ်လို့လည်း စိတ်ကူးမိသလို၊ ဖတ်ချင်သောစာအုပ်များလည်း တန်းစီထားသည်။ ပင်လယ်ကမ်းစပ်သွား ဆားငန်ရေနံ့သင်းနေတဲ့ ပင်လယ်လေကိုရှူ၊ စာတွေတဝကြီးဖတ်ချင်သလို သမီးနဲ့အတူလည်း ရေကစားချင်သည်။ မြန်မာနှစ်သစ် တစ်နှစ်ကူးတော့မည်။ အကျိုးမပြုသောအတွေးအခေါ် အယူအဆနည်းစနစ် အဟောင်းတွေကို အကျိုးပြုသော အတွေးသစ် နည်းစနစ်အသစ်တွေနဲ့ တီထွင်အစားထိုးကြရမှာဖြစ်သည်။ အသစ် အသစ်တွေကို အမြဲတမ်းတင်ဆက်ဖို့ ကြိုးစားနေတဲ့ Food Magazine ဧပြီလထုတ် စာရှုသူများလက်ထဲ အရောက်ပို့လိုက်ပါပြီ။ ခုလထုတ်တွင် ပူပူအိုက်အိုက်ရာသီနဲ့လိုက်ဖက်မဲ့ ဟင်းလျာများ၊ အဖျော်များ (Cocktail and Mocktail) ကို ပါဝင်နေကျ နာမည်ကြီးလက်ရာရှင်များက တင်ဆက်ထားသည်။ Wutyee Food House လက်ရာများထဲက ကြက်သားအစပ်ကြော်နှင့် စင်္ကာပူစတိုင်လ် ရေခဲသုပ်ကမိုက်သည်။ Evy’s Kitchen ကဆိုရင်တော့ သရက်သီး၊ သာကူနဲ့ ကျွဲကောသီးပေါင်းစပ်ထားတဲ့ ရွှေရင်အေးဆန်ဆန် အချိုပွဲက သင်္ကြန်နဲ့လိုက်ဖက်သည်ဟု ထင်သည်။ ထို့အတူ Syilwin Foods Garden လက်ရာများထဲက အုန်းရည် အုန်းနို့ ကျောက်ကျော၊ သာကူမုန့်ထုပ်ကြီးနဲ့ မရမ်းသီးပုစွန်လှော် အစပ်သုပ်တို့ကလည်း သင်္ကြန်နဲ့လိုက်ဖက်မည်။ Htet Family Creation ကတော့ သူ့စတိုင်လ်အတိုင်း မြန်မာဟင်းလျာများကို လက်စွမ်းပြထားသလို ဆရာမကြီးဒေါ်ဆန်းဆန်းဦးက သူ့လက်ရာ ငါးထမင်းဆိမ့်ကို ဆိမ့်ဆိမ့်စပ်စပ် မွှေးမွှေးလေး အရသာရှိရှိ သုံးဆောင်နိုင်ကြပါတယ်လို့ဆိုသည်။ မြန်မာဟင်းလျာများအတွက်ဆို အဓိပတိမီးဖိုချောင်ရဲ့ မြန်မာထမင်းဝိုင်းလက်ရာကလည်း မပါမဖြစ်ပါ။ Meemeetotofu က လက်ရာများထဲက ထောပတ်သီးထမင်းလိပ်ကလည်း အားလပ်ရက်အတွက်ဆို စိတ်ဝင်စားစရာကောင်းသည်။ ခုလမှစပြီးလက်စွမ်းပြပါဝင်လာတဲ့ Sofia လက်ရာတွေထဲကတော့ မလေးရှားငရုတ်သီးငါးပိချက်၊ ရှမ်းပဲပုပ်ထောင်းတို့ကတော့ ပွဲဦးထွက် မြည်းစမ်းကြည့်စရာကောင်းသည်။ ပြုံးလက်ရာ Cocktail, Mocktail တွေထဲကတော့ Summer Soul နဲ့ Cooler of Coco ကမိုက်သည်။ My Foodies ရဲ့ အကင်များနဲ့ ဆော့စ်လက်ရာတွေကလည်း သင်္ကြန်အတွက်ဆို ချန်ထားခဲ့ဖို့မဖြစ်။ ကိုဆန်နီကတော့ ဖျူးရှင်းလက်ရာများကို စနစ်တကျ တင်ဆက်ထားသည်။ ကိုဒက်စတာ၊ ကိုမြင့်ဦးသာတို့ကလည်း အစဉ်အလာမပျက် သူ့တို့စတိုင်လ်အတိုင်း လက်စွမ်းပြထားသည်။ အခြားပါဝင်နေကျ ကဏ္ဍများကိုလည်း အားမလျော့တမ်း တင်ဆင်ထားတဲ့အကြောင်းနဲ့ Coffee Tea and Snack ကဏ္ဍက ကိုဇော်ဖုန်း (Coffee Cycle)ရဲ့ Icy Raspberry Americano နဲ့ Espresso ကို စူးစမ်းခြင်းတို့ကိုတော့ ကော်ဖီချစ်သူများ နှစ်သက်စေမှာဖြစ်တဲ့ အကြောင်းပြောရင်း ချစ်စွာသောစာရှုသူများအားလုံး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွင်လန်းကြစေကြောင်း ဆုတောင်းလိုက်ပါသည်။

သုတ

အယ်ဒီတာချုပ်

Facebook Comments