Vol 4, No 3, March, 2015 Issue (EDITORIAL)

03_Mar_2015

      ချစ်စွာသောစာရှုသူများ မင်္ဂလာပါ Food Magazine မတ်လထုတ်ကို အဖွဲ့သားများအားလုံး တောင်ကြီး၊ အင်းလေး၊ ပင်းတယ ခရီးစဉ်အပြီး ပြေးပြေးလွှားလွှားနဲ့ ချစ်စွာသော စာရှုသူများလက်ထဲ အရောက်ပို့လိုက်ပါပြီ။ ခုလမှာ ပူးပြင်းတဲ့နွေရာသီနဲ့ လိုက်ဖက်မယ့် Bartender Kelvin လက်စွမ်းပြထားတဲ့ Smoothie (၇) မျိုး Cocktail (၃)မျိုးနဲ့ မျက်နှာဖုံးထုတ် တင်ဆက်လိုက်သည်။

      Green land လို့ အမည်ပေးထားတဲ့ Smoothie ကတော့ အကြိုက်တွေ့စရာပါ။ ပူပူအိုက်အိုက် အားလပ်ရက်တစ်ရက် မှာ ဖျော်သောက်ဖြစ်အောင် ဖျော်သောက်ကြည့်စေချင်သည်။ Wutyee Food House က မတ်လ နွေရာသီအားလပ်ရက်များမှာ ချက်စားနိုင်ဖို့ ဗီယက်နမ်စတိုင်လ် ချက်နည်းများ မျှဝေထားသည် သူက ခုလ သူ့လက်ရာတွေထဲက အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်းနဲ့ ပုစွန်ကော်ပြန့်လိပ်ကြော်တို့ကို သဘောကျနှစ်ခြိုက်မှာ အသေအချာလို့ဆိုသည်။ ဇန်နဝါရီလက သူသွားခဲ့တဲ့ တာချီလိတ်၊ ကျိုင်းတုံ ခရီးစဉ်အကြောင်းကိုလည်း Food and Travel ကဏ္ဍမှာ တင်ဆက်ထားသည်မှာ ပျော်စရာကောင်းသလို ခရီသွား ဗဟုသုတလည်း ရသည်။ Evy’s Kitchen ကတော့ မုန့်လုပ်နည်း(၄) မျိုး၊ အစပ်ဟင်း(၂)မျိုးတင်ဆက်ထားပြီး သူရဲ့ Coffee tea & snack မှာ လုပ်ပြထားတဲ့ Chocolate Mille Crepes အလွှာပေါင်းများစွာပါဝင်တဲ့ ကိတ်လုပ်နည်းက ရိုးရိုး Whipping Cream နဲ့ ခရင်မ်ချိစ် ၂ မျိုး သုံးထားတာကြောင့် အရသာကောင်းပြီး လိုက်လုပ်ချင်စရာကောင်းတဲ့ မုန့်လုပ်နည်းလို့ ဆိုချင်သည်။

      Htet Family Creation ရဲ့ နွေရာသီနေ့လယ်နေ့ခင်းမှာ လုပ်စားချင်စရာကောင်းတဲ့ မြန်မာမုန့်လုပ်နည်းလေးများ၊ှ Syilwin Foods Garden ကတော့ လွယ်ကူသက်သာဟင်းလျာများ တင်ဆက်ထားပြီး သူ့လက်ရာတွေထဲက ငရုတ်သီးရှလကာရည်စိမ်ကို ညွှန်းချင်သည်။ ကောင်းမွန်တဲ့အရသာကြောင့် ဘယ်လိုဟင်းပွဲနဲ့မဆို လိုက်ဖတ်၊ ပါဝင်ဖြည့်စွက် အရသာထူးစေတယ်လို့ဆိုသည်။ လက်ရှိ USA ဆန်ဖရန်စစ္စကိုမှာနေတဲ့ ကိုဒက်စတာက Pound Cake နဲ့ပတ်သက်ပြီး မြန်မာပြည်က ငယ်ဘဝကို သတိတရနဲ့ သူ့စတိုင်လ်အတိုင်း ကိတ်မျိုးစုံကို လုပ်ပြထားသည်။ ကိုမြင့်ဦးသာက ဝက်သားဟင်းချက်နည်းများ၊ My Foodies နဲ့ ကိုဆန်နီတို့ရဲ့ လက်စွမ်းကလည်း ပရိသတ်အတွက်ဆို ဘယ်တော့မှ အားလျော့သည်မရှိပါ။ USA ဟာဝိုင်အီမှာနေတဲ့ မီးမီးတို့ဖူးတင်ဆက်ထားတဲ့ လက်ရာသုံးမျိုးထဲက ဟာဝိုင်အီဒေသစာတစ်မျိုးဖြစ်တဲ့ ဟာဝိုင်အီမူဆူဘီကလည်း လေ့လာ စိတ်ဝင်စားဖို့ကောင်းသည်။

      ဆရာကြီးဒေါက်တာလှကြည်ရဲ့ အချိုမှုန့်စားသင့် မစားသင့်အကြောင်း၊ ဆရာမ နန်းစန်းစန်းအေးရဲ့ ကန့်ကူရံအုန်းနိ့ချက် နဲ့ မြန်မာထမင်းဝိုင်းလက်ရာ၊ ‘ချစ်စွာသောစာရှုသူများရှင်’လို့ အမြဲနှုတ်ဆက်လေ့ရှိတဲ့ ဆရာမဒေါ်ဆန်းဆန်းဦး (မြန်မာအသံ) ရဲ့ မြန်မာ့ရိုးရာဘိန်းမုန့်၊ အာဂမေးမြန်း တင်ဆက်ထားတဲ့ ခြေလေးချောင်းမစားဘူးဆိုတဲ့ မုဏ်း၊ ရန်ကုန်မြို့လည်ကောင်မှာ အစား အသောက် ကောင်းကောင်း၊ ပတ်ဝန်းကျင်ကောင်းကောင်းနဲ့ Casual Dining ဆိုင်ကောင်းကောင်းဆိုရင်တော့ ကိုသစ်ထူး တင်ဆက်တဲ့ Eating Out က ကမ်းနားလမ်း ၄၁ လမ်းနဲ့ ၄၂ လမ်းကြားမှာရှိတဲ့ The Manhattan FISH MARKET ကို ညွှန်းချင်သည်။ Cheesy Chips, Cream Soup, Spaghetti in the Sea, Country Style Fried Checken, Spicy Baked Fish ဟင်းပွဲတွေရဲ့ အရသာက ကောင်းမွန်သလို ရိုက်ကူးတင်ဆက်ဖို့ ရောက်ခဲ့တုန်းက လက်ကမချတမ်းစားဖြစ်ခဲ့တဲ့ အချိုပွဲ Sizzling Brownie With Ice Cream ကိုလည်း မြည်းစမ်းကြည့်စေချင်ကြောင်းပြောရင်း ခု မတ်လထုတ်ကိုလည်း စာရှုသူများ နှစ်သက်သဘောကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါသည်။ ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ။

သုတ

အယ်ဒီတာချုပ်

Facebook Comments