အယ်ဒီတာ့စကား

          Food Magazine ပရိသတ်ကြီးရေ… ပူပြင်းတဲ့ နွေရာသီ ကလည်း ဧပြီလထက် ပိုမိုပူပြင်းလာပါပြီနော်။ ရှေးလူကြီးသူမတွေ ပြောဆိုခဲ့ကြတဲ့ “တန်ခူး- ကဆုန် စွေ့စွေ့ခုန်” ဆိုတဲ့ စကားအတိုင်း ပါပဲ။ ဧပြီလမှာ အတာသင်္ကြန်ရေနဲ့ အေးချမ်းခဲ့ပေမယ့် မေလက အလွန်ပူပြင်းတာကြောင့် အစားအသောက်တွေကို ရွေးချယ် စားသောက်ရာမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တာလေးတွေကို ရွေးချယ်ကြဖို့နဲ့ နေပူထဲသွားလာမယ်ဆိုရင်လည်း အပူဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အသုံးအဆောင်တွေကို ယူဆောင်သွားလာဖို့ မမေ့ပါနဲ့နော်။

          မေလထုတ် Food Magazine မှာတော့ ပူပြင်းတဲ့ နွေရာသီနဲ့ ကိုက်ညီပြီး အပူဒဏ်ကို အန်တုနိုင်မယ့် သောက်စရာ အအေးလေးတွေ၊ မမေဖြိုးသီရဲ့ အခုမြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ ဟင်းလေးဖြစ်တဲ့ ကွန်းထန့်၊ တီလားပီးယားမွကြော်သုပ်အပြင် ဆိုဖီယာရဲ့ လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်မယ့် ပုစွန်ကင်ချီစတူးနဲ့ အသစ်အဆန်း ပြုလုပ်ရတာကို ဝါသနာပါတဲ့ အိမ်ရှင်မတွေအတွက် ရှမ်းပဲပုပ်ပီဇာပြုလုပ်နည်းတို့ကိုလည်း ရေးသားဖော်ပြပေးထားပါတယ်။

          မြန်မာနိုင်ငံမှာ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ များပြားလာပြီး စားသုံးသူ ပြည်သူများ အသိပညာ တိုးပွားလာ တာနဲ့အမျှ အစားအသောက်များရဲ့ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များကိုလည်း စိတ်ဝင်တစား ရှိလာကြပါတယ်။ အစားအသောက်နဲ့ပတ်သက်တဲ့ အသိအမှတ်ပြု လက်မှတ်များအကြောင်းကို စုံလင်စွာ မေးမြန်းတင်ပြထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များနှင့် စားသုံးသူများ၏ကျန်းမာရေးဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များက ကမ္ဘာတစ်ဝန်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီး မြန်မာနိုင်ငံက စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်များကလည်း ဒီလိုထောက်ခံချက် လက်မှတ်လေးတွေ ရရှိဖို့ ကြိုးပမ်းလာကြတယ်။ ထောက်ခံချက်လက်မှတ်များရရှိဖို့ ကြိုးပမ်းနေကြသူများနှင့် စာဖတ်ပရိသတ်ကြီးအတွက် FDA (မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) နှင့် မိတ်ဆက် တွေ့ဆုံခြင်းဆိုတဲ့ စိတ်ဝင်စားစရာ အသိပညာပေး ဆောင်းပါးလေးအပြင် တခြားဗဟုသုတရဖွယ်ရာများကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်လို့ ပြောကြားရင်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ နွေရာသီလေးကို ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။

Hsu Myat Oo

Food Editor

Facebook Comments

Menu