Vol 7, No 8, August, 2018 Issue

          မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရမယ့်အချိန် ရောက်လို့လာပြန်ပါပြီ . . .

          ကျန်းမာချမ်းသာကြပါရဲ့လားဗျာ… ဒီတစ်လအတွက် အယ်ဒီတာ့စကားကို ရေးရတော့မယ်ဆိုတော့ အရင်လို ကျန်းမာရေးကိစ္စ သတိပေးစာလေး ရေးမလား၊ ဒါမှမဟုတ် ရာသီအကြောင်း အဖွဲ့အနွဲ့လေးရေးမလား၊ ရှေးဟောင်း နှောင်းဖြစ်တွေများ ရေးမလားလို့ စဉ်းစားမိပါတယ်။

          အခုလိုလတွေမှာ အလုပ်များကြတဲ့အခါ ပြောချင်တာတွေကို ထိထိမိမိ မပြောဖြစ်မှာလည်း စိုးရိမ်မိ ပါတယ်။

          ကျွန်တော်တို့ စားဖိုမှူးတွေ မြန်မာအစားအစာတွေကို နိုင်ငံတကာ အဆင့်မီအောင် ချက်ပြုတ်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြသလို တစ်ဖက်မှာလည်း ပြိုင်ပွဲမျိုးစုံကျင်းပပြီး အစားအသောက်တွေရဲ့ ချက်နည်းမျိုးစုံကို ပြန်လည်ပေါ်ထွက်လာအောင် ကြိုးစားကြပါတယ်။ အခုဆိုရင် နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Master Chef Myanmar ပြိုင်ပွဲကြီးကို မကြာခင် ကြည့်ရတော့မှာဖြစ်ပါတယ်။ မြန်မာအစားအစာတွေနဲ့ ပြိုင်ကြမှာလား၊ နိုင်ငံတကာကနာမည်ကြီးနေတဲ့ အစားအသောက်တွေနဲ့ ပြိုင်ကြမှာလား၊ မြန်မာအစားအစာဆိုရင်ရော မြန်မာချက်နည်းကို ဘယ်လိုနည်းစနစ် အသစ်အဆန်းတွေ၊ ပြင်ဆင်ပုံအသစ်အဆန်းတွေနဲ့ ပြိုင်ကြမှာလဲ ဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ပြိုင်ပွဲအစီအစဉ်တွေကို စောင့်နေရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီပြိုင်ပွဲပြီးသွားရင်လည်း ကြည့်ရှုရသူ ကျွန်တော်တို့အတွက် ဘာတွေကျန်ခဲ့မလဲဆိုတာကလည်း အသစ်အသစ်တွေ သင်ယူလိုသူတွေအတွက် မျှော်လင့်ချက်ကောင်းတစ်ခုပါပဲ။ ဒီလိုအဆင့်မြင့်မြင့် စီစဉ်ပြီး ယှဉ်ပြိုင်ကြတဲ့အခါမျိုးမှာ တကယ်ကိုအရည်အချင်းရှိတဲ့ စားဖိုမှူးကောင်းတွေ ပေါ်ထွက်လာပြီး မြန်မာအစားအစာတွေကို နိုင်ငံ တကာမှာ အဆင့်တစ်ခုအထိရောက်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။ ဒီလိုပေါ်ထွက်လာမယ့်သူတွေကိုလည်း ကြိုဆိုနေပါတယ်။ Food Magazine လည်း ပါပါတယ်နော်။

          ဒီတစ်လ မြန်မာအစားအစာကို နိုင်ငံတကာက တဖြည်းဖြည်းလက်ခံလာအောင် ကြိုးစားပြပြီး အောင်မြင်လူသိများလာတဲ့ Rangoon Tea House က ဖွင့်လှစ်လိုက်တဲ့ ဘူးသီးတောဓလေ့ထမင်းဆိုင် အကြောင်းလေးသွား ရောက်ရိုက်ကူးပြီး ပြန်လည်ရေးသားပေးထားပါတယ်။

          မြန်မာလူမျိုးတွေအတွက် ကြွားစရာ မြန်မာဆိုင်ကောင်းကောင်းလေးဖြစ်တဲ့အတွက် ပြည်ပသားတွေကို ခေါ်သွားပြစရာ ဆိုင်ကောင်းလေးတစ်ခအဖြစ် Eating Out မှာ တွေ့ရမှာပါ။ နောက်ထပ်တစ်ခုက ပြည်တွင်းကရော ပြည်ပရောက် မြန်မာတွေပါ မြန်မာ့တိုင်းရင်းသားအစားအစာတွေ ချက်ပြုတ်ရာမှာ တန်ဖိုးရှိလှတဲ့ ရှမ်းဒေသအစားအစာ ချက်နည်း၊ ပြုတ်နည်းများဆိုတဲ့ ဟင်းချက်နည်း ၁၀၆ မျိုးပါတဲ့ စာအုပ်ကို စာရေးသူစားဖိုမှူး မဆိုဖီယာ (Sofia Food Paradise) ရေးထားတာလေး ထုတ်ဝေဖြန့်ချိပေးထားပါတယ်။ လစဉ်ထုတ်အနေနဲ့တော့ ထုံးစံအတိုင်း စားဖိုမှူးတွေရဲ့ လက်ရာဆန်းဆန်းလေးတွေနဲ့ ဆက်လက်တင်ပြပေးထားတာဖြစ်လို့ အချက်အလက် စုံစုံလင်လင်နဲ့ ပရိသတ်များလက်ထဲ ပို့ဆောင်ပေးလိုက်ပါပြီနော်။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments