Vol 6, No 10, October, 2017 Issue

အယ်ဒီတာ့စကား

သစ်ထူး

Food Editor

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

            Food Magazine စာဖတ်ပရိသတ်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

            ရာသီအလိုက် သင့်တင့်တဲ့ ဟင်းချက်နည်းမုန့်လုပ်နည်းများကို  အစဉ်မရိုးရအောင် စီစဉ်တင်ဆက်ပေးနေတဲ့ Food Magazine အောက်တိုဘာလမှာ အကြိုက်ဆုံးတွေကတော့ စာရေးသူစားဖိုမှူး ဆုမြတ်ဦးနဲ့ Dexter Ng တို့ရဲ့ မုန့်လုပ်နည်းကဏ္ဍလေး ၂ ခုက ကျွန်တော့်အပေါ်  ဒီတစ်လရဲ့ဆွဲဆောင်နိုင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ကာလမှာ လူကြီးမိဘများကို ကိုယ်တိုင်လုပ်တဲ့ မုန့်လေးတွေနဲ့ ဂါရဝပြုနိုင်ဖို့ စိတ်ကူးကောင်းလေးတွေ ရစေမှာဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ Food Magazineရဲ့ မုန့်ဝါသနာရှင်တွေကတော့ တကယ်ပဲ လိုက်လုပ်ကြတော့မှာပါ။

            ပြီးခဲ့တဲ့ လလယ်ပိုင်းက ကျွန်တော်သွားရောက်ခဲ့တဲ့ ခရီးစဉ်လေးအကြောင်းကို Food & Travel ကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။ ခရီးစဉ်ရက်များတာကြောင့် ၂ လစာ အခန်းဆက်ဖြစ်သွားရတာကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီခရီးစဉ်ရဲ့ အစားအသောက် အတွေ့အကြုံတွေထဲက မန္တလေးမှာစားဖြစ်ခဲ့တဲ့  အစားအစာတွေနဲ့ စားသောက်ဆိုင်တချို့ရဲ့ အကြောင်းကို လေ့ လာတင်ပြပေးထားပါတယ်။ Food & Travel ကဏ္ဍရဲ့ ခရီးသွား ဓာတ်ပုံအများစုကိုတော့ ကျွန်တော့်ခရီးစဉ်မှာ အတူလိုက်ပါခဲ့တဲ့  အမေရိကန် ဓာတ်ပုံဆရာ FELIX URIBE JR ကနေပြီး ကူညီပေးထားပါတယ်။ ခရီးသွားရင်းမိတ်ဆွေကောင်းတွေနဲ့ တွေ့ဆုံရပြီး ဝါသနာပါရာ ကိစ္စတွေ ဆွေးနွေးရတာလည်း ဘဝရဲ့ပျော်စရာ အမှတ်ရစာလေးတွေရော မှတ်တမ်းလေးကျန်ခဲ့ပါတယ်။

            ယခု အောက်တိုဘာလမှာလည်း စာရေးသူစားဖိုမှူးတွေကတက်ညီလက်ညီနဲ့ တင်ဆက်ပေးထားတာ စာဖတ်သူများအားရ ကျေနပ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်းနဲ့ စာဖတ်သူများ စိတ်ချမ်းသာပြီး ကျန်းမာတဲ့ ဘဝနေ့ရက်များစွာကို အရသာရှိရှိ အစားအသောက်များနဲ့ ပျော်မွေ့ပြီး ဖြတ်ကျော်နိုင်ပါစေလို့ ဆုမွန် ကောင်းတောင်းပေးရင်း အောက်တိုဘာလထုတ်လေးကိုလည်း အချိန်မီ ပို့ဆောင်ပေးလိုက်ပြန်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments