Mix Restaurant & Bar

eating out_5  eating out_4  eating out_3  eating out_2

eating out_8  eating out_9  eating out_11  eating out_13

          ပရိသတ်ကြီးရေ မိုးတွေဖြိုင်ဖြိုင်ကျတဲ့ ဒီတစ်လမှာ Eating Out အပြင်ထွက်စားစရာ ဆိုင်ကောင်းကောင်း အတွက် ရွေးချယ်တင်ပြပေးချင်တာကတော့ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းပေါ် ဝိတိုရိ ယ ဆေးရုံကြီးအရှေ့ဘက်တန်းက အသစ်ဖွင့်လိုက်တဲ့ MIX Restaurant ဆိုင်လေးအကြောင်း ဖြစ်ပါတယ်။ Feel Group ကနေ အသစ်ဖွင့်လိုက်တဲ့ ဒီဆိုင်လေးက ထိုင်းနိုင်ငံအခြေစိုက်တဲ့ Franchise ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ ဘန်ကောက်၊ ချင်းမိုင်၊ ခိုရတ်၊ ဗီရန်ကျင်းစတဲ့ ထိုင်းနဲ့ လာအို နိုင်ငံများမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ခုဆိုရင် ရန်ကုန်မြို့ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ထိုင်း၊ တရုတ်နဲ့ နိုင်ငံတကာ အစားအစာများကို ပိုမိုခေတ်မှီဆန်းသစ်တဲ့ ချက်ပြုတ်နည်းစံနစ်များနဲ့ ချက်ပြုတ်တည်ခင်းပေးနေတာလည်း ဖြစ်ပါတယ်။

          ဝိတိုရိယဆေးရုံကြီး အပြင်ဘက်တန်းမှာ Feel, Taste 2 တို့ရဲ့ဘေးမှာ အသစ်ထပ်ပေါ်လာတဲ့ ဒီဆိုင်လေးဟာ အပြင်အဆင်ထူးခြားပြီး အထက်တန်းကျကျ ခင်းကျင်းထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ စားသောက်ခန်းမကြီး နဲ့ ခန့်ညားလို့နေပါတယ်။ ဘေးဘက်က Feel နဲ့ Taste 2 ဆိုင်တွေလိုပဲ အထဲကို လမ်းမဘက်ကရော ဆေးရုံဘက်ကပါ နှစ်ဖက်စလုံးက ဝင်လို့ရပါတယ်။ ခုနောက်ပိုင်း အဆင့်မြင့် စားသောက်ဆိုင်ကြီးတွေရဲ့ အပြင်အဆင်မျိုးဖြစ်တဲ့ မှန်ချပ်အကြည်တွေနဲ့ ကာရံထားတဲ့ ဆိုင်နံရံတွေကနေ အပြင်ဘက်မြက်ခင်းပြင်မြင်ကွင်းကို ကြည်ရှု့ခံစားရင်း စားသောက်နိုင်အောင် ပြင်ဆင်ပေး ထားပါတယ်။ ထူးခြားဆန်းပြားလှတဲ့ ဆိုင်ခန်းအတွင်းပိုင်း အပြင်အဆင်ကတော့ ထိုင်းနိုင်ငံမှ ဗိသုကာဒီဇိုင်းပညာရှင်များရဲ့ လက်ရာဖြစ်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ဘားကောင်တာကြီးကတော့ ဆိုင်ရဲ့အစွန်းဘက်တစ်နေရာမှာ နေရာယူထားပါတယ်။ ဘားကောင်တာရဲ့ ညာဘက်ခြမ်းအစွန်းကနေစပြီး နေရာယူထားတာကတော့ ဝိုင်ပုလင်းမျိုးစုံကို တင်ပေးထားတဲ့ Wine Stand ဖြစ်ပါတယ်။ ပြင်သစ်၊ အီတလီ၊ သြစတေးလျ၊ ကာလီဖိုးနီးယား စတဲ့ ဝိုင်ထုတ်လုပ်ရာဒေသများက ကမ္ဘာ့နာမည်ကြီးဝိုင် အမှတ်တံဆိပ်များကို တွေ့ရပါတယ်။ ခန်းမအပြင်အဆင်နဲ့ စားပွဲကုလားထိုင်များရဲ့ အပြင်အဆင်ကတော့ ရှေးမကျလွန်း၊ ခေတ်ရှေ့မပြေးလွန်းတဲ့ ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်။ စားပွဲဝိုင်းအမြင့်များအပြင် ဆက်တီဆိုဖာပုံစံ အနိမ့်ထိုင် စားပွဲဝိုင်းများကိုလည်း အတွင်းဖက်ဘေး မှန်ချပ်ကြီးတွေနဲ့ကပ်လျက် ခင်းကျင်းပေးထားသလို အပြင်ဘက် မြက်ခင်းပြင်ဘေးမှာလည်း စားပွဲဝိုင်းများ ခင်းကျင်းပြင်ဆင်ပေးထားပါတယ်။

          ပရိသတ်ကြီးရေ MIX ရဲ့အပြင်အဆင်ကို လေ့လာပြီးတဲ့နောက်မှာတော့ အစားအစာစာရင်းကို ကြည့်ရအောင်။ အဆင့်မြင့်စားသောက်ဆိုင်များရဲ့ အစားအစာ စာရင်းများအတိုင်း စနစ်တကျစီစဉ်ပေးထားတာ တွေ့ရပါတယ်။ ခံတွင်းဖွင့်စာလို့အများသိကြတဲ့ Appetizer စာရင်းထဲမှာတော့ Saffron ရနံ့ထမင်းကြော်နဲ့ အသားကင်တို့ကို Curry Sauce ၊ ချိုချဉ်ဆော့စ်များနဲ့ တွဲဖက်စားရတဲ့ Grilled Chicken or Pork with curry sauce ဆိုရင်တော့ ပရိသတ်များနှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ဟင်းခတ်ရနံ့များ မွှေးကြိုင်နေတဲ့ အသားကင်ကို တုတ်ချောင်းလေးကကိုင်ပြီး နှစ်သက်ရာဆော့စ်နဲ့ တို့စားနိုင်သလို ရနံ့မွှေးတဲ့ထမင်းကြော်နဲ့ တွဲဖက်ပြီးသုံး ဆောင်ရင်လည်း ခံတွင်းထဲမှာ မွှေးရနံ့မျိုးစုံခံစားရပြီး ကျေနပ်မှုအပြည့်အဝ ခံစားရမှာဖြစ်ပါတယ်။ ခံတွင်းဖွင့် စာဖြစ်တာနဲ့အညီ ပြည့်တင်းသွားစေမယ့် ပမာဏ မဟုတ်တာကြောင့် နောက်ထပ်မှာယူမယ့် အစားအစား များအတွက်လည်း အဆင်သင့်ဖြစ်နေစေမှာ ဖြစ်ပါတယ်။ မြောက်များစွာသော ခံတွင်းဖွင့်စာများထဲမှ ပရိသတ်ကြီး ရွေးချယ်မှု လွယ်ကူစေဖို့ အတွက် မျှဝေတင်ပြပေးလိုက်ပါတယ်။

          နိုင်ငံတကာအစားအစာတွေထဲက အသုပ်တစ်မျိုးဖြစ်တဲ့ Tuna and Australian Avocado Tatare လို့ နာမည်ပေးထားတဲ့ အသုပ်တစ်မျိုးကတော့ တူနာငါး၊ ကမာကောင်တွေကို အသုပ်ရည်တစ်မျိုးနဲ့အတူ ထောပတ်သီး အသားများနဲ့ ရောနှောသုပ်ထားတဲ့ အသုပ်ဖြစ်ပါတယ်။ ရပ်စ်ဘယ်ရီဆော့စ်၊ တာဘာစ်ကိုဆော့စ်များနဲ့ ပြင်ဆင်ပေးထားပါတယ်။ တွဲဖက်ပေးထားတဲ့ဆော့စ်များနဲ့ အသုပ်တို့ကို ရောနှောစားကြည့်တဲ့အခါမှာ ခံတွင်းအပြည့် အရသာများ ဖုံးလွှမ်းသွားတဲ့ခံစားမှုကို ရမှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများရဲ့ လတ်ဆတ်မှု၊ အသုပ်ဆော့စ်ရည်ရဲ့ ထိရှတဲ့အရသာများက စားသုံးသူကို ပြန်လည်လန်းဆန်းတဲ့ခံစားမှုမျိုးကို ရစေမှာဖြစ်ပါတယ်။ Salad စာရင်းထဲကနေ ရွေးချယ်တင်ပြချင်တာကတော့ ထိုင်းရိုးရာ ငှက်ပျောဖူးသုပ်တစ်မျိုးဖြစ်ပါတယ်။ Spicy Banana Blossom with slow cooked egg salad ဖြစ်ပါတယ်။ အုန်းနို့အရသာအနည်းငယ်နဲ့ နူးညံ့လတ်ဆတ်တဲ့ ငှက်ပျောဖူးအတွင်းသားနဲ့ ဝက်သား၊ ပုစွန်တို့ကိုပါ ရောသုပ်ထားတဲ့ ချဉ်ငန်စပ်အသုပ်ဟာ ပျော့ပျော့လေး ပြုတ်ထားတဲ့ ကြက်ဥပြုတ်၊ လတ်ဆတ်တဲ့ ငရုတ်သီးစိမ်းအရသာနဲ့ အုန်းနို့အရသာခပ်ပါးပါးဟာ မအီလွန်း၊ မစပ်လွန်း တွဲဖက်ညီလှပါတယ်။ ထိုင်းနိုင်ငံရောက်ဖူးကြတဲ့ စားသုံးသူများအနေနဲ့ ချက်ချင်း ထိုင်းနိုင်ငံရောက် သွားသလို ဒေသစာတွေကို ပြန်လည်အမှတ်ရစေတဲ့ အသုပ်ပွဲတစ်မျိုးဖြစ်ပါတယ်။ ပရိသတ်များအနေနဲ့လည်း Mix ကိုရောက်တဲ့အခါ ရွေးချယ်သုံးဆောင်နိုင်ဖို့ မျှဝေပေးလိက်ပါတယ်။

          နောက်ထပ် မိတ်ဆက်တင်ပြပေးလိုတာကတော့ အဓိကဟင်းလျာများထဲက Pork Spare Ribs Grilled ဟင်းလျာဖြစ်ပါတယ်။ အာဟာရမျှတအောင် အသား၊ အသီးအရွက်များနဲ့ ပေါင်းစပ်ပြင်ဆင်ထားတဲ့ ဒီနံရိုးဟင်းလျာဟာ ၃၆နာရီကြာအောင် အနှေးချက်နည်းပညာနဲ့ ချက်ပြုတ်ထားပြီး အာဟာရတန်ဖိုး မပျောက်ပျက်အောင်လည်း ချက်ပြုတ်ထားတာဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာချက်ပြုတ်ထားပေမယ့် နူးအိပျော့စိမသွားဘဲနဲ့ အသားများက တင်းတင်းရင်းရင်းဖြစ်နေတဲ့ အသားနဲ့ အတွင်းအထိစိမ့်ဝင်နေ တဲ့အရသာကို သိရှိခံစားရမှာ ဖြစ်ပါတယ်။ ဟန်ချက်မျှတစေမယ့် အာဟာရများကိုဖြစ်စေတဲ့ ချိစ်နဲ့ ဟင်းနုနယ်၊ မုန်လာဥနီနဲ့ ရှောက်ချိုသီးတို့ရဲ့ ကူညီအားဖြည့်မှုဟာလည်း အရသာအတွက်ပါ ထူးခြားကောင်းမွန်စေပါတယ်။ ဒီဟင်းပွဲကို ပိုမိုအရသာထူးစေတာကတော့ သစ်သီးခြောက်နဲ့ Brown Sauce တို့ဖြစ်ပါတယ်။ ဝက်နံရိုးမှာပါတဲ့အဆီ၊ ချိစ်ရဲ့အရသာတွေကြောင့် အီလည်လည်ခံစားမှုကို ရှောက်ချိုသီးနဲ့ သစ်သီး ခြောက်တို့ကြောင့် သက်သာစေပါတယ်။ ဒီလိုအစားအသောက်တွေနဲ့ အလွန်လိုက်ဖက်အောင် MIX အနေနဲ့ သူ့ရဲ့ Drink မီနူးကိုလည်း သေသေချာချာ ပြင်ဆင်ပေးထားပါတယ်။ အမေရိကန် ကယ်လီဖိုးနီးယား၊ အီတလီ၊ ပြင်သစ်နဲ့ သြစတေးလျဝိုင်တွေအပြင် ရန်ကုန်မှာ ရှားရှားပါးပါးနေရာ တစ်နေရာ၊ နှစ်နေရာလောက်သာ ရနိုင်သေးတဲ့ မျိုးစုံကိုလည်း ရနိုင်ပါတယ်။ အသားအရည်ကို တောက်ပစေလို့ အစားအသောက်တွေမှာ နောက်ပိုင်းထည့်ပြီး စားသုံးလာကြတဲ့ရွှေကို MIX ရဲ့ Molecular Cocktail မှာ တွေ့ရပါတယ်။ ကောက်တေးဖျော်စပ်မှုနည်းပညာတွေ တိုးတက်လာပြီး ကောက်တေးရဲ့ အနံ့၊ အရသာများကို နည်းပညာသစ်များ၊ အတွေးအခေါ်သစ်များသုံးပြီး ခွက်တစ်ခွက်တည်းမှာ အစုံအလင်ပါအောင် ဖျော်စပ်လာကြပါတယ်။ ရွေးချယ် မြည်းစမ်းကြည့်ဖို့ အကြံပေးလိုတာက Blue Planet ဆိုတဲ့ ရွှေပါဝင်တဲ့ ကောက်တေးတစ်မျိုးနဲ့ Smoke & Spicy Midori Magarita လို့ခေါ်တဲ့ ပန်းသီးရနံ့မီးခိုးထောင်း ထောင်းထနေတဲ့ ကောက်တေးတွေ ဖြစ်ပါတယ်။

          နောက်ထပ်မိတ်ဆက်ပေးချင်တာက MIX ရဲ့ အချိုပွဲတွေထဲက အအေးနဲ့အပူ၊ အချိုနဲ့အခါး ဆန့်ကျင်ဘက်တွေရောထားတဲ့ အချိုပွဲတစ်မျိုးဖြစ်ပါတယ်။ Baked Alaska လို့ခေါ်ပြီး ကိတ်မုန့်ပါးပါးလေးအောက်ခံပေါ်မှာ စတော်ဘယ်ရီရေခဲမုန့်တင်ပေးထားပြီး ခရင်မ်နဲ့အုပ်ပြီးမှ မီးပြင်းမှုတ်ပြီးဖုတ်ပေးထားတဲ့ အချိုပွဲတစ်မျိုးဖြစ်ပါတယ်။ စတော်ဘယ်ရီဆော့စ်များများနဲ့ တွဲဖက်ပြင်ဆင် ထားပြီး စားသောက်စားပွဲမှာရောက်တော့မှ သစ်သီးရနံ့ပါ အရက်တစ်မျိုးလောင်းပြီး မီးတောက်အဖြစ်ဖန်တီး ပေးထားတဲ့ Baked Alaska ကို သုံးဆောင်ရင်း ဟန်ချက်ညီတဲ့ ဆန့်ကျင်ဘက်အရသာများကို ခံစားရမှာဖြစ် ပါတယ်။

          MIX Restaurant & Bar ကို ဆန်းသစ်တဲ့ဒီဇိုင်း ဆန်းသစ်တဲ့လက်ရာများနဲ့ ပြင်ဆင်ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး အစားအသောက်ချက်ပြုတ်မှုနည်းစနစ်များကိုလည်း တီထွင်ဆန်းသစ်တဲ့နည်းပညာများ အသုံးပြုထား ပါတယ်။ အစားအစာချက်ပြုတ်မှုအပိုင်းမှာ နိုင်ငံတကာမှတင်သွင်းလာတဲ့ အသား၊ ငါး၊ ပင်လယ်စာ၊ ဟင်းခတ် အမွှေးအကြိုင်များကို အသုံးပြုပြီး ထိုင်းနိုင်ငံမှ စားဖိုမှူးများ ဦးဆောင်တဲ့ ခေတ်မှီစားဖိုဆောင်မှ ချက်ပြုတ်ပြင်ဆင်ပေးမယ့် ရသာထူးခြားတဲ့ အစားအသောက်များကို စားသုံးနိုင်မှာဖြစ်ပါတယ်။ ဝန်ဆောင်မှုအပိုင်းကို ကြည့်မယ်ဆိုရင်လည်း ဝန်ဆောင်မှု ကျွမ်းကျင်အောင် လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းများရဲ့ ကျွမ်းကျင်ယဉ်ကျေးပြီး တိကျတဲ့ ဧည့်ဝတ်ကျေပွန်မှုကို ရရှိမှာဖြစ်ပါတယ်။

          ပရိသတ်ကြီးရေ MIX Restaurant & Bar ကို ရောက်ခဲ့တဲ့အတွေ့အကြုံတွေကို အပိုအလိုမထားဘဲ မျှဝေပေးလိုက်ပါတယ်။ ရောက်အောင်သွားဖို့ကတော့ ပရိသတ်များရဲ့တာဝန်ပါ။ Food Magazine ကို ဖတ်ရှုအားပေးကြတဲ့ ပရိသတ်များအနေနဲ့ MIX ကို အရောက်သွားဖို့ ကြိုတင်နေရာယူထားမယ်ဆိုရင်တော့ (လိပ်စာ)ကို ဆက်သွယ်ပြီး နေရာကြိုယူထားနိုင်ပါတယ်။

Mix Restaurant & Bar

No.68, Tawwin Street, 9 Miles, Mayangone Township, Yangon.

Ph : + (959) 253059922 , 253059933 , 253059944 , 01 9663963

https//www.facebook.com/Mix Restaurant & Bar Myanmar

Facebook Comments

Menu