သင်္ကြန်စာထဲမှာဆိုရင် မုန့်လုံးရေပေါ်ကို အရမ်းကြိုက်တယ်ဆိုတဲ့ မေမီကိုကို

by အာဂ for Food Magazine
အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီး တော့ ဝါသနာပါခဲ့သလဲ။

အချက်အပြုတ်ကို ညီမက ငယ်ငယ်လေးကတည်းက အမေတို့ခိုင်းတာတွေကို လိုက်လုပ်၊ သင်ပေးတာတွေ လိုက်လုပ်ရင်းနဲ့ ဝါသနာပါခဲ့တာပါ။

ပင်လယ်စာပီဇာကို ပရိသတ်ကိုလုပ်ပြဖို့ စီစဉ် ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

မေမီက ကြက်၊ ဝက်၊ ဆိတ်၊ အမဲ ဘာမှမစားဘူး။ ပင်လယ်စာပဲ စားတယ်။ ပင်လယ်စာပဲကြိုက်လို့ အခုဟာလေးကို စီစဉ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်သားဟင်းပါ။ ၅ တန်းလောက်ကပေါ့။ အိမ်က မိဘတွေက ချက်ကြည့်ဆိုပြီး လွှတ်ပေးထားတာနဲ့ ချက်ဖြစ်သွားတာပါ။ အရသာကလည်း ကောင်းတယ်။ ရှယ်ပဲ။

မေမီကိုကို ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

ညီမချက်တဲ့ ဟင်းထဲမှာ လူကြိုက်အများဆုံးဆိုရင်တော့ ပင်လယ်စာဟင်းရည် တုံယမ်းတို့၊ ပြီးရင် အိမ်မှာလည်း ခဏခဏ ဟော့ပေါ့လုပ်စား ဖြစ်တယ်။ ကဏန်းချက်။ ဒါတွေကိုတော့ လူကြိုက်များပါတယ်။

အဲဒီလို ညီမချက်တာကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

အဲဒီလိုချီးမွမ်းရင်တော့ အရမ်းပျော်သွားတာပေါ့။ ကိုယ်က အပင်ပန်းခံချက်ကျွေးတာကို သူတို့ကကြိုက်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ အချက်အပြုတ်ကတော့ အမေနဲ့ အစ်မဆီက သင်ဖြစ်ပါတယ်။ သူတို့က အိမ်ထောင်ရှင်မ အရမ်းပီသတယ်။ မေမီကို အစစအရာရာ သင်ပေးတယ်။

ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှကြိုက်တာမျိုးဆိုရင်ရော…။

ငယ်ငယ်တုန်းက ကြိုက်တာဆို အခုအချိန်ထိလည်း ကြိုက်ပါတယ်။ မစားဖြစ်တာပဲ ရှိပါတယ်။ ဒါပေမဲ့ ငယ်ငယ်ကဆိုရင် ပင်လယ်စာ စားလို့မရဘူး။ ပုရစ်တို့၊ ဘာတို့ စားလို့မရဘူး အလက်ဂျိတ်ရှိတယ်။ အခုအသက်ကြီးလာတော့မှ သွေးသားပြောင်းလို့လား မသိဘူး စားလို့ရသွားတာပါ။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော…။

မနက်စာကို အိပ်ရာထတဲ့အချိန်မှာ စားဖြစ်တယ်။ အလုပ်ရှိရင်တော့ မနက် အစောကြီးထဖြစ်တော့ အစောကြီးစားဖြစ်တယ်။ အလုပ်မရှိရင်တော့ မနက် ၉ နာရီလောက်မှ စားဖြစ်တယ်။ နေ့လယ်စာကတော့ ထုံးစံအတိုင်းပါပဲ။ ညစာကတော့ ရှောင်ဖြစ်တာ များပါတယ်။ စားဖြစ်ရင်တောင် အိမ်မှာထက် အပြင်မှာစားဖြစ်တာ များပါတယ်။

စားခဲ့ဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

တစ်သက်မမေ့လောက်တာမျိုးဆိုရင် ကဏန်းချဉ်စပ်နဲ့ပတ်သက်တာမျိုးတွေကို တော်တော်ကြိုက်တယ်။ နောက်ပြီးတော့ အဘွားချက်ကျွေးတဲ့ ငါးခေါင်းနဲ့ ချဉ်ပေါင်ဟင်းဆိုရင် မေမီတင်မကဘူး၊ မိသားစုလိုက်ပါ တစ်သက်မမေ့လောက်တဲ့ အစားအစာပါ။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

ထူးထူးဆန်းဆန်း အစားအအသောက်ဆိုရင်  ညီမက သိပ်မစားဖြစ်ဘူး။ ငယ်ငယ်က အဘိုးရှိစဉ်တုန်းကပေါ့။ သူများတွေက ကြွက်သားဆိုရင် လယ်ကြွက်၊ မြေကြွက်တို့ စားတာတွေရှိတယ်။ ညီမရဲ့အဘိုးက ကရင်ဆိုတော့ အိမ်မှာရှိတဲ့ ကြွက်ကို အရေခွံစုတ်ပြီး မီးဖိုထဲပစ်ပြီး ကင်ကျွေးတာတော့ စားဖူးတယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

အားလပ်ရက်တွေမှာတော့ hot pot လုပ်စားဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန် ဘယ်မှာရှိမလဲ။ နောက်ပြီး သင်္ကြန်စာထဲမှာ ဘယ်လိုဟာမျိုးကို ကြိုက်လဲ။ သင်္ကြန်မှာ ဘယ်ဒေသတွေကို လည်ချင်လဲ။

အခုလောလောဆယ်တော့ သင်္ကြန်မှာ ဘယ်မှာရှိမယ်မှန်း မသိရသေးပါဘူး။ နယ်ရှိုးတစ်ခုခုမှာ ရှိဖို့တော့ များပါတယ်။ သင်္ကြန်စာထဲမှာဆိုရင် မုန့်လုံးရေပေါ်ကို အရမ်းကြိုက်တယ်။ ဒီအတိုင်း လည်ချင်တာဆိုရင် ရှမ်းပြည်နယ်ဘက်တွေမှာ လည်ချင်ပါတယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့် ယူသွားလေ့ရှိလား။

ရှုတင်ဆိုရင်တော့ ထမင်းချိုင့်မယူဘူး။ ရှုတင်ထမင်း စားဖြစ်တာများတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။ ဘယ်လိုအရသာမျိုးကို မြည်းစမ်းချင်လဲ။

ကိုယ်မစားဖူးတဲ့ အစားအသောက်ဆို မြည်းစမ်းချင်စိတ် မရှိပါဘူး။ ကိုယ့်စိတ်ထဲမှာ ကြိုက်နှစ်သက်တယ်၊ စားချင်စဖွယ်လေးဖြစ်နေရင်တော့ စားလိုက်တယ်။ လုံးဝစားချင်စရာ မကောင်းတဲ့ ပုံစံမျိုးဆို မစားဘူး။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမကရော…။

တစ်ခါတလေတော့ စိတ်ညစ်လို့ရှိရင် အစားအများကြီး စားဖြစ်သွားတာမျိုး ရှိတယ်။ တစ်ခါတလေကျရင် လုံးဝမစားတာရှိတယ်။ ပုံမှန်တော့မရှိပါဘူး။

ညီမရဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှု ပြောပြပေးပါဦး။ နောက်ပြီး အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်လေးရော…။

ညီမက အရင်က ဝတယ်။ သက်သတ်လွတ် ၂ နှစ်လောက် စားဖြစ်လိုက်သေးတယ်။ ရာသက်ပန်စားမယ်လို့ ရည်ရွယ်ထားပေမယ့် တတိယမြောက်စုံမှတ် ဇာတ်ကားအတွက် Training ဆင်းရတော့ လူက တော်တော်အားပြတ်နေတယ်။ အက်ရှင်ဇာတ် ဝင်ခန်းတွေဆိုတော့လေ။ အဲဒီလို အားပြတ်တဲ့အခါကျတော့ ထိုင်းဒါရိုက်တာတွေဘက်က အားရှိအောင် ပြန်စားပေါ့နော်။ ငါးလေးတော့ စားပေါ့ဆိုတာနဲ့ ပင်လယ်စာတွေ ပြန်စားဖြစ်တာပါ။ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်ဆိုရင်တော့ အဖေတို့၊ အမေတို့ကို ကြည့်နေတာပေါ့။ သူတို့က ဆီးချို၊ သွေးချို ရှိတယ်။ အမေဆိုရင် အချိုစားမိရင် အိပ်ရာထဲ လဲသွားတယ်။ ပြောချင်တာက ဆီးချို၊ သွေးချိုတို့ရှိတဲ့လူတွေက အစားအသောက်ကို ဆင်ခြင်ပြီးတော့ စားသင့်ပါတယ်။ မဆင်ခြင်မိဘဲ စားလိုက်ရင် ငေါက်ခနဲဆိုတော့  ထိန်းထိန်းသိမ်းသိမ်း စားသင့်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

ညီမ အမေချက်တာဆိုရင် အရင်က ညီမ ကြက်သား၊ ဝက်သားစားတုန်းက အမေ လုပ်ကျွေးတဲ့ ကြက်သားပေါင်းကို ကြိုက်တယ်။ အခုနောက်ပိုင်းဆိုရင်တော့ ငါးကို ချိုချဉ်ကြော်ပေးတာလေးကို ကြိုက်တယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကို ကြိုက်သလဲ။

နိုင်ငံတကာအစားအသောက်တွေကျတော့  ဂျပန်စာ ဆူရှီ ကြိုက်တယ်။ ကိုရီးယားစာဆိုရင် ထမင်းလိပ်ကို ကြိုက်ပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီးသတိရတာမျိုးပေါ့။

အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင်  အခုအချိန်အထိ အိမ်က မေမေနဲ့ မမတို့က ငါးခေါင်းဟင်းချိုချက်ကျွေးရင် အဘွားကို သွားပြီးသတိရတယ်။ အဘွားက ဆုံးသွားပြီဆိုတော့လေ။ နောက်ပြီးတော့ မေမီ ကချင်ပြည်နယ်ပြန်သွားလို့ မောင်ဝမ်းကွဲလေးတွေကို ကျောင်းသွားကြိုရင် ချဉ်စော်ခါးသီးကို ငါးပိနဲ့တို့စားတာလေး မြင်လို့ရှိရင် ကချင်မှာ ငယ်ငယ်က ၁ တန်းကနေ ၃ တန်းလောက်အထိ တက်ခဲ့တဲ့ အချိန်လေးကို သတိရမိပါတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးစားချင်လဲ။

၂ မျိုးစလုံး စားချင်ပါတယ်။ တစ်ခါတလေကျရင် မေမီက စားသောက်ဆိုင်ရွေး

တယ်။ သူများ ဘယ်လောက်ကောင်းတယ်ပြောပြော မေမီခံတွင်းမတွေ့ရင် မကြိုက်ဘူး။ ဒါပေမဲ့ မေမီက ဆုံမှတ်ဟော့ပေါ့ဆိုင်က အရသာတော့ တော်တော်ကြိုက်တယ်။ တချို့ သူငယ်ချင်းတွေကတော့ မကြိုက်ဘူးလို့ပြောပေမယ့် မေမီကတော့ အဲဒီဆိုင်လေးကို တော်တော်ကြိုက်တယ်။

ညီမ စားခဲ့ဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာဆိုရင်ရော…။

ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာတွေကတော့ ကြုံတော့ကြုံဖူးတယ်။ တချို့ဆိုင်တွေကကြီးပြီး စားလိုက်တဲ့အခါ လမ်းဘေးဆိုင်လောက်တောင် မကောင်းတာမျိုး ကြုံဖူးပါတယ်။ အဲဒီလိုဆိုရင် အရမ်းစိတ်ဆိုးတာပေါ့။

ညီမ အကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေရောပေါ့။

အကြိုက်ဆုံးအသီးအနှံဆိုရင် ဒူးရင်းသီးပါ။ ဒူးရင်းသီးကလည်း အသက်ကြီးလာမှ ကြိုက်တာ။ ငယ်ငယ်ကဆိုရင် ဒူးရင်းသီးအနံ့ကို အရမ်းမုန်းတာ။ တစ်နေ့မှာ အဒေါ်က နည်းနည်းလေး မြည်းကြည့် ပါလားဆိုပြီး ပါးစပ်ထဲအတင်းထိုးထည့်လို့ စားပြီး ကြိုက်သွားတာ။ အသီးအရွက်ကတော့ အကုန်ကြိုက်ပါတယ်။ အဓိကကတော့ မုန်ညင်းရွက်ကို ပိုပြီးသဘောကျတယ်။ သားငါးထဲမှာ ကဏန်းကြိုက်တယ်။ ဖျော်ရည်လည်း အကုန်သောက်ပါတယ်။

ညီမနဲ့ မတည့်တာတို့၊ မကြိုက်တာဆိုရင်ရော…။

ကြက်ဟင်းခါးသီးပါ။ ငယ်ငယ်ကတည်းကလည်း မစားဘူး။ အခုအချိန်အထိလည်း မစားပါဘူး။

အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရောတွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

အဲဒီလိုမျိုးတော့ တွေ့ဖူးပါတယ်။ တစ်ခါတလေ ကိုယ်စားနေရင် ပိုးကောင်ပါလာတာမျိုးတော့ မြင်ဖူးတယ်။ အဲဒါဆိုရင် ရွံပြီးတော့ ဆက်မစားဖြစ်တော့ဘူး။ သက်သတ်လွတ်စားတုန်းကဆိုရင် ပန်းကန်ထဲမှာ ပုရွက်ဆိတ်ကျနေရင်တောင် ဆက်ပြီးမစားဖြစ်တော့ဘူး။ သူငယ်ချင်းတွေ စနောက်ရင်တော့ မရွံတတ်ပါဘူး။ မြိန်တယ်။ စားကောင်းတယ်။ မေမီက ကိုယ်တွေ့ မြင်မှ မစားတတ်တော့တာ။ အပြောနဲ့တော့ ဘာမှမဖြစ်ဘူး။ အေးဆေးပဲ။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့   ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာမုန့်တွေဆိုရင်လည်း မေမီကြိုက်တယ်။ နိုင်ငံတကာမှာလည်း သူ့မုန့်၊ သူ့အစားအစာဆိုပြီး ရှိကြတယ်လေ။ ဂျပန်ဆို ဆူရှီ၊ ကိုရီးယာဆို ကင်ချီက နာမည် ကြီးတယ်။ မြန်မာမှာဆိုရင် ကောက်ညှင်းပေါင်းတို့၊ မုန့်ဟင်းခါး၊ လက်ဖက်သုပ်တို့က နာမည်ရှိသလိုမျိုးပေါ့။

အခုလတ်တလော ညီမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း ပြောပြပေးပါဦး။

အခု၂၀၁၉ မှာဆိုရင် Toxic Season 2  အဆိပ်သွေးဇာတ်ကားကို CANAL+ မှာ ည ၈ နာရီတိုင်း လွှင့်နေပါတယ်။ တတိယမြောက် ဆုံမှတ်ကားထဲမှာလည်း ဒုရဲအုပ် မေပန်းချီအနေနဲ့ သရုပ်ဆောင်ထားတဲ့ ရဲကားလေးရှိမယ်။ ပြီးရင် လိပ်ပြာနှောင်ကြိုးဆိုတဲ့  ဇာတ်လမ်းတွဲလေး ထပ်ရိုက်ဖို့ရှိပါတယ်။ အားပေးကြပါဦးနော်။

အခု ပီဇာလေးကို လိုက်လုပ်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

ပီဇာကတော့ မကြိုက်မယ့်သူ ရှားပါလိမ့်မယ်။ အခုက ပင်လယ်စာလေးနဲ့ လုပ်ထားတယ်ဆိုပေမယ့် ပင်လယ်စာမကြိုက်တဲ့သူတွေကလည်း တခြားအသားတွေနဲ့ အစားထိုးပြီး စားသုံးလို့ရပါတယ်လို့ …။

Facebook Comments

Menu