နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ မြန်မာပြည်က မုန့်ဟင်းခါးကို လွမ်းမိတယ်။ မြန်မာပြည်ရောက်လို့ လေဆိပ်က ဆင်းဆင်းချင်း ကားကို မုန့်ဟင်းခါးဆိုင် မောင်းခိုင်းတဲ့အထိ သတိရတာပါဆိုတဲ့ အမြွှာညီအစ်မ ဒေါက်တာအိဖြူခိုင် နဲ့ ဒေါက်တာအိမွန်ခိုင် (Miss Earth Myanmar 2014)

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

အိဖြူခိုင်– ကျွန်မက အချက်အပြုတ်ကို သိပ် ဝါသနာမပါဘူး။ ညီမလေး အိမွန်ခိုင်က ပိုပြီး ဝါသနာပါပါတယ်။ ဒါပေမဲ့ နှစ်ယောက်စလုံး စပြီး ချက်ဖြစ်တာကတော့ ၁၀ တန်းအောင်ပြီးတဲ့

နှစ်မှာမှ စပြီး ချက်ဖြစ်သွားတာပါ။

အခု စပါကတီလေးကို ပရိသတ်ကိုလုပ်ပြဖို့ စီစဉ် ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

ဒါလေးက အလွယ်တကူလည်းဖြစ်တယ်။ စားလို့ကောင်းမယ့်ဟာမျိုးလေးဖြစ်တော့ ချက် ဖြစ်တာပါ။

ဘဝမှာ ပထမဆုံးစပြီး ချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

ပထမဆုံးလုပ်ဖြစ်တာဆိုရင် ချဉ်ပေါင်ကြော် ဖြစ်မယ်ထင်တယ်။ ညီမတို့နှစ်ယောက်စလုံးက ချဉ်ပေါင်ကြော်ကို ကြိုက်လို့လေ။ အဲဒီတုန်းက အရမ်းစားချင်လွန်းအားကြီးလို့ ချက်လိုက်တာ ချဉ်သွားတယ်။ အချဉ်ကိုလည်း သိပ်မထိန်းတတ် သေးတာလည်း ပါမှာပေါ့လေ။ (ရယ်လျက်)

ညီမလေးတို့ချက်တဲ့ဟင်းထဲမှာ လူကြိုက်အများ ဆုံးက ဘာဟင်းဖြစ်မလဲ။

အဲဒါဆိုရင်တော့ မာလာရှမ်းကောဟင်း ဖြစ်မယ်ထင်တယ်။ မာလာရှမ်းကောကြတော့ အိမ်မှာ လုပ်စားတော့လေ။ ညီအစ်မနှစ်ယောက် အတူ ဝိုင်းပြီးကူလုပ်ကြတာပေါ့လေ။ ဟိုဟာနွှာ၊ ဒီဟာနွှာပြီးတော့ အိုးထဲထည့်ချက်လိုက်တာပါပဲ။  အရသာကတော့  City Market က အနှစ်အထုပ်ဝယ်တာဆိုတော့ အရသာက သူ့အတိုင်းပဲ။ ကောင်းပြီးသားလေ။

ငယ်ငယ်က ကြိုက်ပြီး ကြီးမှမကြိုက်တာ၊ ငယ်ငယ်ကမကြိုက်ဘဲ အသက်ကြီးမှ

ကြိုက်တာမျိုးဆိုရင်ရော။

ငယ်ငယ်တုန်းကကြိုက်တဲ့ဟာဆိုရင် အသက်ကြီးတဲ့အထိ ကြိုက်တာများတယ်။ ဒါပေမဲ့ ငယ်ငယ်က ကြက်ဟင်းခါးသီးတို့ဘာတို့ကျတော့မစားဘူး။ ဒါပေမဲ့ အသက်ကြီးမှ ကျန်းမာရေးအတွက် စားဖြစ်ပါတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

အဲဒီလိုအစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်က မုန်လာဥနီ၊ သခွားသီး၊ ဆလတ်ရွက်၊ ခရမ်းချဉ်တို့ကို ဘာနဲ့စားစား တွဲစားရတဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေတော့ရှိတယ်။  နောက်ပြီးတော့ အိမ်မှာ ရေခဲမုန့်တို့၊ ချောကလက်တို့ စသဖြင့် အချိုနဲ့ပတ်သက်တာတွေကို ရေခဲသေတ္တာထဲထည့်ထားရင် မိဘတွေမသိအောင် သွားသွားပြီးတော့ ခိုးနှိုက်စားဖူးတယ်။ မိဘတွေက အချိုတွေအရမ်းမစားခိုင်းတော့လေ။(ရယ်လျက်)

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။နေလယ်စာနဲ့ ညစာကိုရော။

အိမွန်ခိုင်– မနက်စာကို  မုန့်ဟင်းခါး၊ အသုပ်၊ ထမင်းကြော် ပဲပြုတ်စားပါတယ်။ ခရီးတွေ ဘာတွေသွားဖြစ်မှ တခြားနိုင်ငံခြားမနက်စာတွေ စားဖြစ်တာများပါတယ်။ နေ့လယ်စာ ကတော့ အလုပ်ပြီးတဲ့အချိန် မွန်းလွဲ ၁ နာရီလောက်မှ စားဖြစ်တာများပါတယ်။ ညစာ ကတော့ ည ၇ နာရီလောက်မှာ စားဖြစ်ပါတယ်။

အိဖြူခိုင် – မနက်ကို ဆေးရုံမှာ တာဝန်ကျတော့ အိမ်ကပြင်ပေးတဲ့ဟာကို စားတယ်။ နေ့လယ်စာကျတော့ မှာစားရတာများတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်စသဖြင့်ပေါ့။ညစာကတော့ ပေါင်မုန့်လောက်ပဲ စားဖြစ်တယ်။

အိမွန်ခိုင်– ဆရာဝန်တွေဆိုတော့ အလုပ်များပြီး အစားငတ်တယ်။ အလုပ်များတော့ ဆာတဲ့အချိန်တိုင်းလည်း မစားရဘူး။ အိပ်ရေးလည်း မဝဘူးနော်။

ညစာကို အိမ်မှာ မိသားစုနဲ့အတူတူ စားဖြစ်တာများလား။

မများပါဘူး။ ဆုံဖြစ်တာနည်းတယ်။ မအိဖြူခိုင်ကလည်း ဂျူတီတွေများတော့လေ။

စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။

အဲဒါမျိုးဆိုရင်တော့ တခြားနိုင်ငံက အစားအစာတွေဖြစ်မယ်ထင်တယ်။ ဥပမာ- ထိုင်းသွားလို့ရှိရင် ထိုင်းကအစားအစာတွေကိုစားပြီး ဒီပြန်ရောက်ရင် အဲဒီလိုအရသာမျိုးက ပြန်မရဘူး။ အနံ့ကအစ ကွာတယ်။ သူတို့ရဲ့ ဟင်းခတ်အမွှေးအကြိုင်အနံ့တွေကအစ ကွာတယ်လေ။ ပြည်တွင်းက တချို့ထိုင်းဆိုင်တွေမှာတော့ ပြန်ရှာလို့ရပါတယ်။ ဒါပေမဲ့ အရသာချင်းက မတူဘူး။

ထူးထူးဆန်းဆန်းဖြစ်တဲ့ အစားအသောက်တွေကိုရော စားကြဖူးလား။

ထူးထူးဆန်းဆန်းဖြစ်တဲ့ အစားအသောက်တွေဆိုရင် ကျွန်မတို့ ညီမတွေက ကြောက်တယ်။ သူများတွေက အကောင် ရှင်တို့၊ အင်းဆက်တို့ဘာတို့ စားကြတယ်။ ကိုယ်က ပုရစ်ကြော် တောင် မစားဘူး။ ဒီတော့ ထူးထူးဆန်းဆန်းဖြစ်တာမျိုးဆိုရင် အကုန်ရှောင်တယ်။

အားလပ်ရက်တွေမှာ တစ်ခုခု လုပ်စားဖြစ်တာမျိုးရှိလား။

ညီမနှစ်ယောက်စလုံး အားတဲ့နေ့ဆိုရင် ဟော့ပေါ့တို့၊ မာလာရှမ်းကောတို့၊ ကိုရီးယားအစားအစာကြိုက်တော့ ကိုရီး ယားထမင်းသုပ်လိုဟာမျိုးလည်း လုပ်စားဖြစ်ပါတယ်။

အလုပ်တွေ ဘာတွေသွားတဲ့အခါမှာရော ထမင်းချိုင့်ယူလေ့ ရှိလား။

အိမွန်ခိုင်– ကျွန်မရဲ့အစ်မကတော့ ယူတဲ့အခါလည်း ယူတယ်။ မယူတဲ့အခါလည်း မယူဖြစ်ဘူး။ ဒါပေမဲ့ ညီမကတော့ အပြင်မှာ ဝယ်စားဖြစ်တာများပါတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေ

ဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီမတို့ကရော…။

အိမွန်ခိုင်– ကျွန်မရဲ့အစ်မကတော့ အဲဒီလိုမျိုးရှိတယ်။ သူက

တော့ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေများလာရင် အစား အများကြီး စားတယ်။  ညီမကတော့ စိတ်ညစ်စရာများရင် တခြား သောနည်းတွေဖြစ်တဲ့ သီချင်းနားထောင်တာတွေဘာတွေနဲ့ ဖြေရှင်းတယ်။ အစားနဲ့တော့ စိတ်ဖိစီးမှုက မပျောက်ဘူး။

ညီမလေးတို့ရဲ့  အစားအသောက်နဲ့ ကျန်းမာရေးပေါ် အမြင်

လေးကို ပြောပြပေးပါဦး။

အိဖြူခိုင်– အစားအသောက်နဲ့ ကျန်းမာရေးဆိုရင် ညီမက ကလေးကုတဲ့ဆရာဝန်ဆိုတော့ ကလေးတွေက ပုံမှန်အားဖြင့်

၂ နှစ်လောက်ဆိုရင် အစားကြေး (ဂျီး) များကြတယ်။ Snack

တွေ၊ မုန့်ထုပ်တွေ စားကြတာများတယ်။ အမေတွေကလည်း နားညည်းသက်သာရင် ပြီးရောဆိုပြီး ကျွေးကြတယ်။ အဲဒီ အရွယ်မှာ သေချာမလေ့ကျင့်ပေးထားတော့ အသက်ကြီးလာ တဲ့အခါမှာ အစားအသောက်ပုံစံ မှားသွားတဲ့အခါမှာ အဝလွန် တာတို့ ဘာတို့ ဖြစ်လာတဲ့ကလေးတွေ အများကြီးတွေ့တယ်။ ကိုယ်တွေကျတော့ ငယ်ငယ်ကတည်းက မိဘတွေက အသီး

အနှံစားတတ်အောင် လေ့ကျင့်ပေးထားတော့ အခုထိလည်း အသီးအနှံတွေ စားတတ်တယ်။ အဲဒီတော့ မိဘတွေအနေနဲ့

ကလေးတွေကို ငယ်ငယ်ကတည်းက သေချာလေ့ကျင့်ပေးသင့် ပါတယ်။ ညီမကတော့ ခန္ဓာကိုယ်ထိန်းသိမ်းမှုကတော့ အထူး အထွေ မလုပ်ဖြစ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က ဂျူတီချိန်တွေ အရမ်းများတယ်။ လေ့ကျင့်ခန်းလည်း မလုပ်

ဖြစ်ဘူး။ ဒါပေမဲ့ ဆေးရုံမှာ ထိုင်ရတယ်မရှိဘူး။ လမ်းလျှောက် နေရတာများတယ်။ လမ်းလျှောက်တဲ့အချိန်မှာလည်း ရေများ

များ သောက်ဖြစ်တယ်။

အိမွန်ခိုင်– ညီမကတော့ အစ်မလို မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဝိတ်တက်လာပြီ

ထင်ရင် ပေါင်ချိန်ကြည့်တယ်။ ပေါင်ချိန်တက်လာပြီဆိုရင် ညဘက် ၆ နာရီကျော် နောက်ပိုင်းမှာ မစားမိအောင် ထိန်းတာမျိုး၊ စားမယ်ဆိုရင်လည်း ဝိတ်မတက်စေမယ့် ဟာတွေ စားတာမျိုး၊ ပေါင်မုန့်ကြမ်း၊ အသီးအရွက်စားတာမျိုးတွေ လုပ်ပါတယ်။

များသေားဖြင့် မနက်၊ နေ့လယ်၊ ညစာကိုလျှော့လိုက်ရင် ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲ သွားလေပဲ။ ဒီတော့ လေ့ကျင့်ခန်းမလုပ်နိုင်ရင် ညစာကို လျှော့စေချင်ပါတယ်။ ပြီးတော့ ညီမက Mini Mr.,Miss လေးတွေကိုသင်ပေးရတော့ ကလေးတွေကို အစား အသောက် Plan နဲ့ပတ်သက်ပြီးတော့ Guide Line ပေးဖြစ်တယ်။ သူတို့လေးတွေက နောင်တစ်ချိန်မှာ Celebrity လိုင်းကို ကူးမယ့်ကလေးတွေဖြစ်တဲ့အတွက် သူတို့အတွက် အရပ်ရှည်အောင်၊ ခန္ဓာကိုယ်ဖွံ့  ဖြိုးမှုနှုန်းတိုးတက်အောင် ကျွန်မတို့ ဆရာမတွေဘက် ကလည်း အာဟာရဓာတ် တွေစုံလင်အောင် ဖြည့်ဆည်းပေးတယ်။ ကျွန်မအနေနဲ့

ကတော့ အစားအသောက်ကို ညအိပ်ရာဝင်ခါနီးမှ လျှော့ဖြစ်တာများပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှာ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

အမေချက်တဲ့ ကြက်သားအာလူး၊ ချဉ်ပေါင်ဟင်း၊ ငါးပိရည်တို့စရာကတော့

နှစ်ယောက်စလုံး အကြိုက်ဆုံးပါပဲ။ ဘယ်အချိန်စားစား မရိုးပါဘူး။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကိုကြိုက်လဲ။

နိုင်ငံတကာအစားအသောက်တွေကျတော့ ကိုရီးယားစာ၊ ထိုင်းစာ၊ အိန္ဒိယစာ တွေကို ကြိုက်ပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ် တမ်းတမိပါသလဲ။

နိုင်ငံခြားကိုရောက်နေတဲ့အချိန်မှာဆိုရင်တော့ မြန်မာပြည်က   မုန့်ဟင်းခါးကို လွမ်းမိတယ်။ မြန်မာပြည်ရောက်လို့ လေဆိပ်ကဆင်းဆင်းချင်း ကားကို မုန့်ဟင်းခါးဆိုင် မောင်းခိုင်းတဲ့အထိ သတိရတာပါ။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို

စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာ မျိုးပေါ့။

အဲဒါမျိုးဆိုရင်တော့ ညီမအစ်မ နှစ်ယောက်စလုံးက အစားအသောက် အကြိုက် ချင်းက တူနေတယ်။ တူနေတော့ အစားအသောက်အသစ်အဆန်းဆိုရင် နင်ကြိုက်လား စားကြည့်လိုက်၊ သူကြိုက်တယ်ဆိုရင်လည်း ကြိုက်တယ်။ နောက်တစ်ခုက ငယ်ငယ် တုန်းက ကျောင်းရှေ့မှာရောင်းတဲ့ ကပ်စေးနှဲလေးတွေကို တွေ့တယ်။ ကျွန်မတို့ ညီအစ်မ တွေကလည်း ဝယ်မစားရဲဘူး။ အိမ်က အမေ၊ အဒေါ်တို့ ကျောင်းကိုလာတွေ့တော့ ဝယ်ကျွေးလို့ စားဖူးတယ်။ အခုအချိန်မှာ အဲဒီကပ်စေးနှဲလေးကို မြင်လိုက်တိုင်း

ငယ်ငယ်က ကျောင်းတက်တုန်းက ဘဝလေးကို ပြန်သတိရမိပါတယ်။

ညီမလေးတို့စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအစာဆိုရင်ရော။

ဈေးကြီးပြီး မတန်ဘူးထင်တဲ့အစားအစာတွေကတော့ ကြုံဖူးတယ်။ ကြယ် ၅ ပွင့် အဆင့်ဆိုင်မှာ စလောင်းဖုံးကြီးနဲ့။ ဖွင့်ကြည့်လိုက်တော့ သေးသေးလေး။ ပေးရတော့ လည်း ဒေါ်လာနဲ့ ပေးရတယ်။ European Food လို့ ပြောထားတယ်။ ဆယ်မွန်တို့ တခြား ပါတာတွေက နည်းနည်းလေး။ ကိုယ်လည်း ဗိုက်မဝဘူး၊ ဈေးလည်း ကြီးကြီးပေးရတယ်။ ကိုယ့်အနေနဲ့ကျတော့ မတန်ဘူးလို့ထင်တယ်။

ညီမလေးတို့အကြိုက်ဆုံးအသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။

အကြိုက်ဆုံးအသီးအနှံဆိုရင် သရက်သီးကြိုက်တယ်။ အသီးအရွက်ထဲမှာဆိုရင် ချဉ်ပေါင်၊ မုန်ညင်း၊ ကန်စွန်းရွက်အကုန်စားပါတယ်။ သားငါးဆိုရင် ကြက်သားတစ်ခုပဲ စားတာများပါတယ်။ ခြေလေးချောင်းလည်း သိပ်မစားဖြစ်ပါဘူး။

ညီမလေးတို့နဲ့ မတည့်တာ၊ မကြိုက်တဲ့အစားအစာလေးတွေကရော။

မတည့်တာတော့မရှိဘူး။ မကြိုက်တာကတော့ အမဲသားလိုမျိုး ညှီတဲ့အနံ့တွေ ဆိုရင် အနံ့ကိုမခံနိုင်တာပါ။ ငါးဆိုရင်လည်း ညှီရင် မကြိုက်ဘူး။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ် လို့ ထင်မြင်မိပါသလား။

ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေရာဒေသတစ်ခုမှာ သူ့ရဲ့ ရိုးရာအစား အစာဆိုတာ ရှိတယ်။ ကိုယ့်နိုင်ငံမှာလည်း ကိုယ့်ရဲ့ရိုးရာအစားအစာတွေ ရှိတယ်။

ဥပမာ- မုန့်ဟင်းခါး၊ လက်ဖက်သုပ်၊ ရှမ်းခေါက်ဆွဲတို့ဆိုရင် တခြားနိုင်ငံတွေကလည်း Program တွေလာရိုက်ကြတယ်။ ကိုရီးယားဆိုလည်း Korean Wave အနေနဲ့ ဇာတ် လမ်းတွေမှာ အစားအသောက်နဲ့ပါ ကမ္ဘာကိုသိအောင် ဖောက်ထွက်တာလေ။ ကျွန်မတို့ အစားအစာလည်း စားလို့ကောင်းကောင်းနဲ့ ကျန်းမာရေးညီညွတ်တာတွေဆိုရင် ဖောက်ထွက်သင့်ပါတယ်။

အခုချက်ပြတဲ့ ပါစတာလေးကို လိုက်ချက်စားကြည့်မယ့်ပရိသတ်အတွက် အမှတ်တရ စကားလက်ဆောင်လေး ပြောပြပေးပါဦး။

ပါစတာတို့၊ စပါကတီတို့ကတော့ ခေါက်ဆွဲကြိုက်တဲ့သူ တော်တော်များများက ကြိုက်နှစ်သက်မှာပါ။ ထမင်းမစားချင်လို့ ခေါက်ဆွဲချည်းပဲ ၃ နပ်စလုံးစားတဲ့ သူတွေလည်း ရှိပါတယ်။ ပြီးတော့ ရိုးရိုးရှင်းရှင်းနဲ့ မြန်မြန်ဆန်ဆန်နဲ့ အခြားသူတစ်ယောက်ကို လုပ်ကျွေးချင်တဲ့အခါမှာပဲဖြစ်ဖြစ် ပါစတာချက်ထားတယ်၊ စပါကတီချက်ထားတယ်လို့ ပြောရင် ပြောလို့လည်း ကောင်းတယ်။ စားလို့လည်းကောင်းတော့ ကြိုက်ကြမှာပါ။

အာဂ မေးမြန်းရေးသားသည်

5 in 1 Steamboat Choice Pasta

ပါဝင်ပစ္စည်းများ

Steamboat အရသာ ၅ မျိုးအသားလုံး  –  ၃ဝဝ ဂရမ်

ပါစတာခေါက်ဆွဲ –  ၂ဝဝ ဂရမ်

ကြက်သွန်နီ –  ၁ လုံး (နုပ်နုပ်စဉ်း)

ကြက်သွန်ဖြူ –  ၄ မြွှာ (နုပ်နုပ်စဉ်း)

ပင်စိမ်းရွက် –  ၁၀ ရွက်ခန့်

သံလွင်ဆီ –  စားပွဲဇွန်း ၁.၅ ဇွန်း

ခရမ်းချဉ်သီးအနှစ် –  ၃ဝဝ ဂရမ်

ပါမီစန်ချိစ် –  ၁ဝဝ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁.၅ ဇွန်း

 

ပြုလုပ်နည်း

၁။        အရသာ ၅ မျိုး အသားလုံးများကို ၅ မိနစ်ခန့်ပေါင်းပြီး ဖယ်ထားပါ။

၂။         ပါစတာခေါက်ဆွဲကို ရေနွေးဆူဆူမှာ သံလွင်ဆီ အနည်းငယ်၊ ဆား အနည်းငယ်ဖြင့် ၇ မိနစ်ခန့် ပြုတ်ပြီး ရေစစ်ထားပါ။

၃။        အိုးတစ်လုံးကို အပူပေးပြီး ပူလာလျှင် သံလွင်ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်နီ/ ဖြူ ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ပင်စိမ်းထည့်ပြီး ဆီသတ်ပါ။ ထို့နောက် ပါမီစန်ချိစ်နှင့် ခရမ်းချဉ်သီးအနှစ် ထည့်ပြီး ဆားထည့်ပါ။ အရသာအနေတော်ရလျှင် ၂ မိနစ်၊ ၃ မိနစ်ခန့် အဖုံးအုပ်တည်ပါ။ ပြီးလျှင် ပေါင်းထားတဲ့ အသားလုံးများထည့်ပြီး ခေါက်ဆွဲထည့်ပါ။ သမအောင်မွှေပြီးလျှင် မီးပိတ်၍ သံလွင်ဆီ အနည်းငယ် ဆမ်းပြီး ပင်စိမ်းခက်နှင့် အလှဆင်ပြီးလျှင် အရသာရှိတဲ့ အရသာ ၅ မျိုး အသားလုံး

ပါစတာ ရပါပြီ။

Facebook Comments

Menu