ကင်းမွန်ချိုချဉ်ချက်

by May’s Healthy Food for Food Magazine

          ဒီတစ်လတော့ အိမ်က သမီးအကြိုက် ကင်းမွန်ချိုချဉ်ချက်လေး ရေးပေးပါမယ်။ တချို့ကလေးတွေကတော့ ပင်လယ်စာနဲ့ ဓာတ်မတည့်ခြင်းဖြစ်တတ်တာမို့ သတိထားပြီး ကျွေးစေချင်ပါတယ်။

          ကင်းမွန်ကို သန့်စင်တဲ့အခါ ဆားလေးပွတ်ပြီး အရေခွံကိုခွာ၊ အလယ်ကနေ ကတ်ကြေးနဲ့ညှပ်၍ ဆားလေးနယ်ပြီး သန့်စင်ပေးပါ။ သေချာရေဆေး၍ ဓားနဲ့မပြတ်သွားအောင် အမြှောင်းလေးတွေ ဘယ်ညာလှီးပြီး အနေတော်လှီးဖြတ်ပါ။

ပါဝင်ပစ္စည်းများ

ကင်းမွန်  –  ၅၀ ကျပ်သား (သန့်စင်ပြီးသား)

ကြက်သွန်ဖြူ  –  ၁ လုံး

ကြက်သွန်နီ  –  ၃ လုံး

ချင်း  –  လက်တစ်ဆစ်

ဂျပန် ဟင်းချက်ဆန်အရက်  –  ထမင်းစားဇွန်း ၁/၂ ဇွန်း (မထည့်လည်းရ)

ခရုဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းဖြူ  –  အနည်းငယ်

ဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ချယ်ရီ ခရမ်းချဉ်သီး  –  ၁၅ လုံး

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူ/နီ၊ ချင်းကို ထောင်းပြီး မွှေးလာအောင် ဆီသတ်ပါ။

၂။       မွှေးလာပြီဆိုလျှင် ကင်းမွန်ထည့်ပါ။ အဖုံးမဖုံးရ။

၃။       ကင်းမွန်ထည့်ပြီး ၁၀ မိနစ်ခန့်ဆိုလျှင် ရေခန်းလုနီးနီးဖြစ်ချိန်မှာ ခရမ်းချဉ်သီး ခြမ်းထည့်ပြီး ဆား၊ ခရုဆီ၊ ငရုတ်ကောင်းထည့်မွှေပါ။ ၃ မိနစ်ဆိုလျှင် ရပါပြီ။ ကင်းမွန်က ချက်ချိန်ကြာလျှင် မာသွားတတ်ပါတယ်။ ဆား၊ ခရုဆီကို အစကတည်းက ထည့်လျှင် ရေအများကြီးထွက်လာတတ်တာမို့ နောက်ဆုံးမှ ထည့်ပါ။

          ထမင်းဖြူပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ချိုချိုချဉ်ချဉ် ကင်းမွန်လေးက ကလေးတွေအကြိုက် ဖြစ်စေမှာပါ။

Facebook Comments

Menu