Peanut Butter

by May’s Healthy Food For Food Magazine

          Food Magazine  ပရိသတ်ကြီးရေ… ဒီတစ်လအတွက် နောက်တစ်မျိုး ရေးပေးချင်တာကတော့ ကလေးတို့အတွက် အာဟာရပြည့်စေမယ့် မနက်စာတွေထဲ မပါမဖြစ်တဲ့ မြေပဲယို (Peanut Butter) လေးပါ။ ပေါင်မုန့်နဲ့ သုတ်စားဖို့အတွက် အရသာရှိတဲ့ မြေပဲယိုကို အလွယ်တကူဝယ်လို့ရပေမယ့် အချိုများတာကြောင့် သမီးကို သိပ်မကျွေးဖြစ်ပါဘူး။ အိမ်မှာ လုပ်တဲ့အခါ ကိုယ်နှစ်သက်သလို အချိုကို အတိုးအလျှော့ လုပ်နိုင်ပါတယ်။ မြေပဲယိုလုပ်တဲ့အခါ မြေပဲဆီစစ်စစ်ကို သုံးမှသာ အနံ့လေးမွှေးပြီး ဆိုင်က မြေပဲယိုရဲ့ အနံ့နဲ့တူမှာပါ။ ကျွန်မကတော့ အညာက အမျိုးတွေ ပေးထားတဲ့ မြေပဲဆုံဆီကို အသုံးပြုထားပါတယ်။ လုပ်ရတာလည်း မခက်ဘဲ  အချိန်လည်း သိပ်မပေးရပါဘူး။ လုပ်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

မြေပဲသန့်သန့် (အခွံချွတ်ပြီးသား)

ဟင်းချိုပန်းကန် တစ်လုံးစာကို အမှုန့်ကြိတ်စက်ဖြင့် ကြိတ်ပါ။

မြေပဲဆီ  –  ဟင်းချိုပန်းကန်လုံး သုံးပုံတစ်ပုံ

ဆား  –  အနည်းငယ်

ပျားရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ

၁။       ပါဝင်ပစ္စည်းများကို ဖျော်စက် (သို့) Food Blender ဖြင့် ကြိတ်ပေးပါ။

၂။       မြေပဲယို (Peanut Butter) လေးကို ပုလင်းသန့်သန့်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ကာ အသုံးပြုမယ်ဆို တစ်ပတ်လောက်ခံပါတယ်။ ဓာတုပစ္စည်းများ၊ ကြာရှည်ခံဆေးများမပါဘဲ အိမ်လုပ်မြေပဲယိုလေးကို ကလေးတို့ ကြိုက်နှစ်သက်ကြမှာ အမှန်ပါပဲနော်။

Facebook Comments