Lady Chefs အောင်မြင်နေသော အမျိုးသမီးစားဖိုမှူးကြီးများ

chef_1

Lady Chefs

အောင်မြင်နေသော အမျိုးသမီးစားဖိုမှူးကြီးများ

Lanshu Chen

            ထိုင်ဝမ်သူတစ်ဦးဖြစ်တဲ့ Lanshu Chen ဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ Ferrandi School of Culinary Arts မှာ တက်ရောက်ပြီးတဲ့အခါ ပြင်သစ်ရဲ့ နာမည်ကျော် စားဖိုမှူးတွေလုပ်ကိုင်နေတဲ့ Les Ambassadeursvdk California’s The French Laundry လို စားသောက်ဆိုင်တွေမှာ သူမရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စတင်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ ထိုင်ဝမ်နိုင်ငံအနောက်ပိုင်း Taichung City မှာ တည်ရှိတဲ့ သူမရဲ့ ကိုယ်ပိုင်စားသောက်ဆိုင် Le Moût မှာ တာဝန်ခံစားဖိုမှူး တစ်ယောက်အနေနဲ့ ယဉ်ကျေးမှုမတူတာတွေ အရသာမတူတာတွေကို တီထွင်ဆန်းပြားတဲ့ အသစ်အသစ်စားသောက်ဖွယ်ရာတွေ ဖန်တီးလျက်ရှိပါတယ်။ ၂ဝဝ၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ Le Moût မှာ ပြင်သစ်အစားအစာတွေကို သူမ ကြီးပြင်းရာ ထိုင်ဝမ်ဒေသထွက် ပါဝင်ပစ္စည်းတွေ၊ အငွေ့အသက်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပါတယ်။ အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ Chen ဟာ အဆင့်အတန်းမြင့်ပြီး တီထွင်ဆန်းသစ်မှုတွေနဲ့ ဟင်းလျာတွေ ဖန်တီးတယ်လို့ နာမည်ကျော်ပါတယ်။

            Chen ဟာ အာရှရဲ့ အကောင်းဆုံးစားသောက်ဆိုင်တွေထဲမှာမှ Veuve Clicquot Asia’s BESt Female Chef for 2014 အဖြစ် သတ်မှတ်ခြင်းခံရသလို အမျိုးသမီးစားဖိုမှူးတွေထဲမှာ တီထွင်ဆန်းသစ်နိုင်တဲ့သူအဖြစ်လည်း သတ်မှတ်ကြပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်ပြီး ပြစ်ချက်မရှိတဲ့ ချက်ပြုတ်နည်းတွေကို ပြသနိုင်တဲ့သူတစ်ယောက်အဖြစ်နဲ့လည်း စံထားကြပါတယ်။

            “အစားအသောက်တွေကနေတစ်ဆင့် ကျွန်မရဲ့ အတွေးတွေ၊ စိတ်ကူးတွေ၊ အမှတ်တရတွေကို ဖြန့်ဝေခွင့်ရတဲ့အတွက် စားဖိုမှူးတစ်ယောက်ဖြစ်ရတာ အရမ်းကောင်းပါတယ်။”

Helena Rizzo

            ၁၉၇၈ ခုနှစ် ၊ ဘရာဇီးနိုင်ငံ Porto Alegre မှာ မွေးဖွားခဲ့တဲ့ Helena Rizzo ဟာ အသက် ၁၇ နှစ်အရွယ်ကတည်းက ချက်ပြုတ်ခြင်းနဲ့သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဘက်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်အထိ ဘရားဇီးမှာ အလုပ်လုပ်ခဲ့ပြီး ဥရောပဘက်ကို ပြောင်းရွှေ့ကာ စပိန်နိုင်ငံရဲ့ နာမည်ကျော် စားဖိုမှူး Joan Roca လက်အောက်မှာ အလုပ်စတင်လုပ်ကိုင်ခဲ့ပါတယ်။

            ၂ဝဝ၄ ခုနှစ် ဘရာဇီးကို ပြန်ရောက်တဲ့အခါ သူမခင်ပွန်းရယ် သူငယ်ချင်းတွေရယ်နဲ့ပေါင်းပြီး Maní အမည်ရှိ စားသောက်ဆိုင်လေး ဖွင့်လှစ်ခဲ့ပါတယ်။ ငြိမ်သက်အေးဆေးတဲ့ ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ထားတဲ့ သူမတို့ဆိုင်လေးဟာ ပြည်ပမှာ သင်ယူလာတဲ့ ဟင်းချက်နည်းတွေရယ်၊ ဘရာဇီးနိုင်ငံရဲ့ ဟင်းလျာတွေရယ် ပေါင်းစပ် ဖန်တီးမှုတွေရယ်ကြောင့် အမည်ကျော်ပါတယ်။ ဒီဆိုင်လေးဟာ The World’s 50 Best Restaurants, 2016 နဲ့ Latin America’s 50 Best REStaurants, 2014 တို့မှာလည်း စာရင်းဝင်ခဲ့ပါတယ်။ ဆုတွေနဲ့ပတ်သက်ပြီး “ဒီဆုတွေဟာ ကျွန်မတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ ကျွန်မတို့ အဖွဲ့သားတွေအားလုံး ကြိုးစားမှုကြောင့် ဖြစ်ပါတယ်။ Maní မှာ ကျွန်မတို့နေ့တိုင်းဧည့်သည်တွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်။ တစ်ခါတစ်ရံအမှားတွေရှိတယ်။ တစ်ခါတစ်ရံမှန်တာတွေလည်း ရှိတယ်။ ဒီဆုတွေဟာ အမျိုးသမီးတွေရဲ့ အချက်အပြုတ်နည်းလမ်းတွေအတွက် အခွင့်အလမ်းတွေ ပေါ်ထွက်လာစေသလို ဘရာဇီးမှာရှိတဲ့ မီးဖိုချောင်လေးတွေဆီကနေလည်း အကောင်းဆုံးအရသာတွေ ရနိုင်တယ်ဆိုတာ ဖော်ပြနေသလိုပါပဲ။”လို့ ပြောပြပေးခဲ့ပါတယ်။

Janice Wong

            ၁၉၈၃ ခုနှစ်မှာမွေးဖွားခဲ့တဲ့ စင်ကာပူနိုင်ငံသူ Janice Wong ဟာ စင်ကာပူမှာရှိတဲ့ 2am : Dessert Bar ဆိုတဲ့ မုန့်ဆိုင်ကလေး ဖွင့်လှစ်ထားသူတစ်ဦး ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမှာရှိတဲ့ Monash University မှာ စီးပွားရေးပညာသင်ကြားပြီး ၂ဝဝ၅ ခုနှစ်မှာ ဘွဲ့ရပြီးနောက် အစားသောက်တွေနဲ့ ပတ်သက်ပြီး လေ့လာချင်တာကြောင့် ပဲရစ်မှာရှိတဲ့ Le Cordon Bleu ကျောင်းမှာ တက်ရောက်သင်ကြားခဲ့ပါတယ်။

            ၂ဝဝ၇ ခုနှစ်မှာ 2am : Dessert ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝ၁၄ မှာ အနုပညာမြောက်တဲ့ ဖန်တီးမှုတွေနဲ့ မုန့်ဆိုင်တွေ ထပ်ဖွင့်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ မဲလ်ဘုန်းမှာလညိးနျနမအ ဘမေ တစ်ခုဖွင့်ခဲ့သလို တိုကျိုနဲ့ ဟောင်ကောင်မှာလည်း 2am Brand တွေ ထပ်တိုးကာ ဒေသခံတွေကြိုက်နှစ်သက်မယ့် မီနူးတွေနဲ့ ပြင်ဆင်ခဲ့ ပါတယ်။

            MasterChef Australia season 7 မှာပါဝင်ခဲ့ပြီး ပါဝင်သူတွေကို သူမဖန်တီးထားတဲ့ အချိုပွဲတွေ ပြန်လည်ဖန်တီးဖို့ စိန်ခေါ်ခဲ့သူပါ။ ၂ဝ၁၁ ခုနှစ်မှာ Perfection in Imperfection ဆိုတဲ့ ကိုယ်တိုင်ရေး ချက်ပြုတ်နည်းစာအုပ်ထွက်ရှိခဲ့သလို ၂ဝ၁၃ မှာ Dim Sum ဆိုတဲ့ ချက်ပြုတ်နည်းစာအုပ်မှာ ပူးတွဲစာရေးသူအဖြစ် ပါဝင်ခဲ့ပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့မှာတော့ National Museum of Singapore မှာ ခေါက်ဆွဲနဲ့ ဒင်းဆမ်းရောင်းချပေးမယ့် စားသောက်ဆိုင်တစ်ဆိုင် ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ ဟင်းလျာအသစ်တွေဖန်တီးဖို့အတွက် သူမ ကြိုးစားပုံကတော့ အမျိုးမျိုးပဲလို့ ဆိုပါတယ် ။ “သဘာဝတရားရဲ့ အလှအပတွေ ၊ ပတ်ဝန်းကျင်တွေ ၊ ဈေးတွေကိုသွားတာ၊ သူငယ်ချင်းတွေနဲ့စကားပြောတာတွေ ၊ အိမ်မက်တွေ အစရှိသဖြင့် အမျိုးမျိုးပါပဲ။”

Anne-Sophie Pic

            ၁၉၆၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ပြင်သစ်စားဖိုမှူးတစ်ယောက်ဖြစ်သူ Anne-Sophie Pic ဟာ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိသားစုပိုင် Maison Pic စားသောက်ဆိုင်နဲ့ ပတ်သက်ပြီးလည်း ထင်ရှားပါတယ်။

            မိသားစုနဲ့အတူ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းစဉ်ကို မလိုက်ချင်တာကြောင့် ဂျပန်နဲ့ အမေရိကန်ကို ခရီးတွေထွက်ကာ ချက်ပြုတ်နည်းတွေ လေ့လာခဲ့ပါတယ်။

            ၁၉၉၂ ခုနှစ်မှာ မိသားစုပိုင်စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်ဖို့ ပြန်ရောက်လာသလို သုံးလအကြာ ဖခင်ကွယ်လွန်ပြီးနောက် ၁၉၉၅ ခုနှစ်မှာတော့ သူမတို့ရရှိခဲ့တဲ့ Michelin stars ကို ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာဆိုင်ကို ပြန်လည်အုပ်ချုပ်ခဲ့ပြီး၂ဝဝ၇ ခုနှစ်မှာ သူမတို့စားသောက်ဆိုင် Maison က Michelin stars ကို ပြန်လည်ရရှိခဲ့ပါတယ်။ ဒုတိယမြောက် စားသောက်ဆိုင်ကိုတော့ ဆွစ်ဇာလန်နိုင်ငံ Lausanne မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုင်ကလည်း ၂ဝဝ၉ ခုနှစ်မှာ Michelin stars ကို ရရှိခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် The World’s 50 Best Restaurants မှာ အကောင်းဆုံး အမျိုးသမီးစားဖိုမှူးအဖြစ် ရွေးချယ်ခံရသူလည်းဖြစ်သလို အဲဒီ့အချိန်မှာ Michelin stars 3 ပွင့်ရရှိထားတဲ့ လေးယောက်မြောက် အမျိုးသမီးစားဖိုမှူးလည်း ဖြစ်ပါတယ်။ စားဖိုမှူးကောင်းတစ်ယောက် ဖြစ်ချင်တဲ့သူတွေအတွက် သူ့ရဲ့ စကားလက်ဆောင်ကတော့ “စနေနေ့ မနက်စောစောထပြီး ဈေးသွားပါ။ တနင်္ဂနွေ မနက်လည်း စောစောထပြီး ရယ်ဒီဖြစ်အောင် ပြင်ဆင်ပါ” လို့ဆိုပါတယ်။

Elena Arzak

            ၁၉၆၉ ခုနှစ်မှာမွေးဖွားတဲ့ စပိန်နိုင်ငံသူ Elena Arzak ဟာ သူမရဲ့ဖခင်ဖွင့်လှစ်ထားတဲ့ Michelin Star ရရှိထားတဲ့ Arzak စားသောက်ဆိုင်မှာ စားဖိုမှူးအဖြစ် ပူးတွဲတာဝန်ယူနေသလို ၂ဝ၁၂ ခုနှစ်အတွက် Best Female Chef in the World အဖြစ်လည်း သတ်မှတ်ခံရသူဖြစ်ပါတယ်။ အသက် ၁၁ နှစ်အရွယ်ကတည်းက မိသားစုပိုင် စားသောက်ဆိုင်မှာ အလုပ်လုပ်လာခဲ့သူဖြစ်သလို လန်ဒန်လိုမျိုး ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ရင်း ပညာသင်ယူဖို့အတွက် ဖခင်ကစေလွှတ်ခဲ့ပါတယ်။ ဖခင်နဲ့အတူတူ မိသားစုပိုင် စားသောက်ဆိုင်မှာ စားဖိုမှူးအဖြစ် အတူတူတာဝန်ယူရင်း ၂ဝ၁၁ ခုနှစ်မှာတော့ The Restaurant Show in London မှာ ပါဝင်ခဲ့ပါတယ်။ ဆုတွေအနေနဲ့ World’s Best Female Chef ဆုကို ၂ဝ၁၂ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

            “ကျွန်မတို့တွေ စားသောက်နေတဲ့အရာတွေ၊ ဘယ်လိုစားသောက်နေလဲ ဆိုတာတွေက ကျွန်မတို့နေ့စဉ် ကျင့်သုံးနေတဲ့ အလေ့အထတွေ ဖြစ်လာပါတယ်။ ၉ဝ ပြည့်နှစ်တွေတုန်းက ဒီမှာရှိတဲ့ စားဖိုမှူးတွေက သရက်သီးတွေကို ချက်ပြုတ်တဲ့အခါ အသုံးပြုခဲ့တယ်။ ကျွန်မလည်း ဒေသထွက်ငရုတ်သီးကအစ တခြားအရာတွေကို ခေတ်စားနေတဲ့ အစားအသောက်ထဲထည့်ပြီးဖန်တီးရင် ဘယ်လိုဖြစ်မလဲတွေးမိတယ်။ နောက်ထပ် ၄ နှစ်အကြာမှာ ကျွန်မဖန်တီးမှုကို ကျွန်မရှာတွေခဲ့တယ်”

Facebook Comments