Israeli Celebrity Chef Avi Bitton နှင့် စကားစမြည်

Chef

——————————————-

မေးမြန်းသူ – သစ်ထူး (My Foodies)

——————————————-

     အစ္စရေးနိုင်ငံ Tel Aviv မြို့က Celebrity Chef တစ်ယောက်ဖြစ်တဲ့ Avi Bitton တစ်ယောက်တော့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးကစီစဉ်တဲ့ အစ္စရေးနိုင်ငံရဲ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပေးတဲ့ ညစာစားပွဲမှာ ရန်ကုန်မြို့ သံတမန်အသိုင်းအဝိုင်းကို အစ္စရေးနိုင်ငံရဲ့ အစားအသောက်များ တည်ခင်းမိတ်ဆက်ပွဲမှာ သူ့လက်ရာ အစ္စရေးရိုးရာအစားအစာများနဲ့ တည်ခင်းပေးဖို့ မြန်မာနိုင်ငံကို ရောက်လာခဲ့ပါတယ်။

     My Father and My Son နဲ့ Tell Chicken စတဲ့ ဟင်းချက်စာအုပ်များကို ရေးသားထုတ်ဝေထားပြီး အစ္စရေးနိုင်ငံတစ်ဝှမ်းမှာ နာမည်ကြီးစားသောက်ဆိုင်များ ဖွင့်လှစ်ထားခဲ့တဲ့ Chef Avi ဟာ အစ္စရေးနိုင်ငံရဲ့ ရုပ်မြင်သံကြားလိုင်းတွေမှာလည်း A Maximam of 24 နဲ့ Global Kitchan စတဲ့ လူကြိုက်များတဲ့အစီအစဉ်များ တင်ဆက်ပေးနေသူလို့ မထင်ရအောင် အနေအထိုင်ရိုးရှင်းပြီး ခင်မင်စရာကောင်းတဲ့သူတစ်ယောက်ဖြစ်တာကိုလည်း သတိထားမိခဲ့ပါတယ်။ ဒါကြောင့်လည်း Food Magazine ရဲ့ Chef Feature အစီအစဉ်အတွက် သူနဲ့ သွားရောက်တွေ့ဆုံစဉ်မှာ မေးဖြစ်ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာများကို စာဖတ်သူများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Food :  မင်္ဂလာပါ Avi ရေ။ ခင်ဗျားအကြောင်းလေး ကျွန်တော်တို့စာဖတ်သူတွေသိရအောင်၊ နောက်ပြီး စားဖိုမှူးဖြစ်ချင်ကြတဲ့ လူငယ်တွေလည်း အတုယူရအောင် တင်ပြပေးချင်တာနဲ့ ဒီနေ့တွေ့ဖြစ်တာပါ။ ခင်ဗျား ဘယ်အရွယ်လောက်မှာ ဒီအလုပ်ကို စပြီးစိတ်ပါဝင်စားခဲ့တာလဲ။

Avi :  ကျွန်တော် ခပ်ငယ်ငယ်ကတည်းကစပြီး အချက်အပြုတ်ကို စိတ်ဝင်စားခဲ့တာပါ။ သိတတ်တဲ့အချိန်မှာ စပြီးထားခဲ့တဲ့ရည်မှန်းချက်ကလည်း တစ်နေ့မှာ စားဖိုမှူးတစ်ယောက် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုတည်းကို ထားခဲ့ပြီး ကြိုးစားလာခဲ့တာပါ။

Food :  ခင်ဗျားပထမဆုံးချက်ဖူးတဲ့ အစားအစာအကြောင်းလေးနဲ့ ငယ်ငယ်က နှစ်သက်ခဲ့တဲ့ အစားအစာတွေကို ပြောပြပါလား။

Avi :   ကျွန်တော် ၅ နှစ်သား ဒါမှမဟုတ် ၆ နှစ်သားလောက်ကပါ။ Tuna Sandwich လုပ်ခဲ့တာပါ။ ဘာမှတော့ ထူးထူးခြားခြားမရှိပါဘူး။ သာမန်ကလေးတစ်ယောက်လုပ်တဲ့ Sandwich တစ်ခုပါဘဲ။ ငယ်ငယ်က မိသားစုတွေအများကြီးဆိုတော့ အမေကပဲ အချက်အပြုတ်တွေကို တာဝန်ယူပေးပါတယ်။ အမေကတော့ ရိုးရာ အစားအစာ တော်တော်များများ ချက်ပါတယ်။ အဲဒီ ခပ်ငယ်ငယ် အရွယ်ကတည်းကပဲ နေ့လယ်စာ၊ ညစာတွေကို ဝင်ကူရင်း ပြင်ဆင်ပေးခဲ့ပါတယ်။ Mediterranean Casserole ကိုကြိုက်ပါတယ်။ အီတလီအစားအစာတွေလည်း ကြိုက်ပါတယ်။ အသားတွေကို Slow Cook ပုံစံတွေ ချက်ထားတာတွေကိုလည်း ကြိုက်ပါတယ်။ ထိုင်းနိုင်ငံကို ၁၅ ခေါက်လောက် ရောက်ဖူးတော့ အာရှမှာဆိုရင် ထိုင်းအစားအစာတွေကို ကြိုက်ပါတယ်။

Food : ဒီအလုပ်ကို ဘယ်အချိန်လောက်ကစပြီး လုပ်ခဲ့တာလဲ။

Avi : ကျွန်တော် အသက် ၁၄ နှစ်သားမှာ စားသောက်ဆိုင်လုပ်ကို စပြီးဝင်လုပ်တာပါ။ နာမည်ကြီးစားသောက်ဆိုင်တော့ မဟုတ်ပါဘူး။ အဲဒီတုန်းက ကျွန်တော့်ကို ဓားအသုံးပြုတာကစပြီး အခြေခံ အချက်အပြုတ်နည်းစနစ်တွေ သင်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ပထမဦးဆုံးဆရာကတော့ ခုဆိုရင် စပိန်က နာမည်ကြီးစားသောက်ဆိုင်မှာ စားဖိုမှူးအဖြစ် ရောက်နေပါတယ်။

Food :  ဘယ်အချိန်လောက်မှာ ကိုယ့်ကိုယ်ကို ဒီလုပ်ငန်းမှာပဲ ပါရမီရှိတဲ့လူတစ်ယောက်လို့ သတိထားမိသွားတာလဲ။

Avi :   ကျွန်တော်ပြောခဲ့သလိုပေါ့။ ၁၄ နှစ်သားမှာ စလုပ်မိကတည်းက ဒီနယ်ပယ်ထဲကနေ ပြန်ပြီးမထွက်ဖြစ်တော့တာ အဲဒီအချိန်မှာပဲ ကျွန်တော့်ကိုယ်ကျွန်တော် ဒီအလုပ်ကိုပဲ လုပ်တော့မယ်ဆိုတာ သိလိုက်တာ။ ကျွန်တော့်အသက် ၂၄ နှစ်မှာ ပထမဦးဆုံး စားသောက်ဆိုင်ကို စပြီးဦးဆောင်ဖွင့်ပါတယ်။

Food :  အဲဒီတုန်းက ဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့လဲ။

Avi :   ကျွန်တော်သိခဲ့တာက စားသောက်ဆိုင်ဆိုတာ လိုတဲ့ပစ္စည်းဝယ်မယ်၊ ချက်မယ်၊ ကျွေးလိုက်မယ် ဒါလောက်ပဲ။ ဒါပေမဲ့ ပထမလမှာပဲ ကျွန်တော်သိတာ စားပွဲထိုးတွေ၊ ဘားဝန်ထမ်းတွေကို စီမံခန့်ခွဲရတာနဲ့ သူတို့တွေရဲ့လစာတွေကို စီမံခန့်ခွဲနေရတာတွေကို သိလာတယ်။ တကယ်တော့ စားသောက်ဆိုင်အလုပ်ဆိုတာ စစ်တပ်တစ်ခုလိုပါပဲ။ အရာရာပြည့်စုံနေအောင် ပြင်ဆင်ထားမလား ဒါမှမဟုတ် အားလုံးဆုံးရှုံးမလား ဒီနှစ်လမ်းပဲရှိပါတယ်။

Food :  ခင်ဗျားဘဝမှာ စားဖိုမှူးအလုပ်နဲ့ပက်သက်ပြီး မမေ့နိုင်ဆုံးအဖြစ်အပျက်ရှိရင် ပြောပြပေးပါ။

Avi :   ခပ်ငယ်ငယ်ကပါပဲ ကျွန်တော် Beef Stock လုပ်ရမှာပါ။ သိတဲ့အတိုင်းပဲ အသီးအရွက်တွေနဲ့ အရိုးတွေကို အကြာကြီးပြုတ်ထားပြီး အရည်ကို ဟင်းတွေချက်တဲ့နေရာမှာသုံးဖို့အတွက် ချက်ပြီးသိမ်းရတာပါ။ ဒါပေမဲ့ ကျွန်တော်က အရိုးတွေကိုချန်ထားပြီး အရည်တွေကို ပစ်လိုက်တယ်။ ကျွန်တော်အိမ်မှာစားတဲ့ပုံစံက အသီးအရွက်တွေကိုစားတာလေ ပစ်တာမှမဟုတ်တာ။ ဒီတော့ ဒီအရည်တွေက အလကားပဲဆိုပြီး အရည်တွေကို ပစ်လိုက်တာ။ နောက်ပိုင်းမှသိလာတာက Beef Stock, Fish Stock, Vegetable Stock တို့ဆိုတာ ကျွန်တော်သင်နေရတဲ့ French Cooking မှာ အရေးကြီးတယ်ဆိုတာပါ။ ဒီကိစ္စက ပြန်တွေးတိုင်းလည်း ရယ်စရာဖြစ်ရသလို ကျွန်တော် ဒီလိုအမှားမျိုးလုပ်မိတယ်ဆိုတာကို ဒီနေ့အထိ မမေ့သေးဘူး။

Food :  အစ္စရေးမှာ စစ်မှုမထမ်းမနေရ ဥပဒေရှိတာကြောင့် ခင်ဗျားလည်း စစ်မှုထမ်းခဲ့မယ်လို့ ယုံကြည်ပါတယ်။ စစ်တပ်ထဲမှာရော အချက်အပြုတ်နဲ့ပက်သက်ပြီး ဘာတွေလုပ်ဖြစ်သေးလဲ။

Avi :   စစ်တပ်မှာတော့ မချက်ပါဘူးဗျာ။ ကျွန်တော်က Tank Commander အဖြစ်နဲ့ အမြှောက်တပ်မှာ တာဝန်ထမ်းခဲ့ရတာပါ။

Food :  ခင်ဗျားရေးခဲ့တဲ့စာအုပ်တွေနဲ့ TV Show တွေအကြောင်းလည်း ပြောပြပါဦး။

Avi :   ကျွန်တော်ရေးခဲ့တာ မြေထဲပင်လယ် အစားအသောက်ချက်နည်းစာအုပ်၊ အစ္စရေးရဲ့ ပိတ်ရက်တွေနဲ့ ယဉ်ကျေးမှုအကြောင်းကို ဒီဘက်ခေတ်မှာ ဘယ်လိုကျင်းပတယ်၊ ဘယ်လိုဖြတ်သန်းကြတယ် ဆိုတဲ့အကြေင်း စာအုပ်ရယ်၊ နောက်ထပ် ဟင်းချက်နည်းစာအုပ်ကတော့ My Son and My Father ဆိုတဲ့ စာအုပ်နဲ့ Tell Chicken ဆိုတဲ့ ကြက်သားဟင်းချက်နည်းပေါင်း ၁၆၅ နည်းပါတဲ့ စာအုပ်ပါ၊ အစ္စရေးလူမျိုးတွေက ကြက်သားကြိုက်တယ်။ ဝက်သားမစားဘူး။

Food :  ခင်ဗျားစံထားလေးစားအားကျရတဲ့ စားဖိုမှူးတစ်ယောက်တစ်လေများ ရှိမလား။

Avi :   ပြင်သစ်က Chef Jacques Lameloise ပါ။ Michelin 3 stars ရတဲ့ စားဖိုမှူးတစ်ယောက်ပါ ။

Food :  ဒီနေ့ခေတ်မှာ လူငယ်တော်တော်များများဟာ စားဖိုမှူးဖြစ်ဖို့အတွက် ရည်မှန်းချက်တွေရှိလာတာကို တွေ့ရပါတယ်။ စားဖိုမှူးဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေအတွက် စားဖိုမှူးတစ်ယောက်က ပြောချင်တဲ့ စကားလေးများရှိမလား။

Avi :   စားဖိုမှူးအလုပ်ကို ရင်ထဲနှလုံးသားထဲက ချစ်မြတ်နိုးမှလုပ်ပါ။ TV Show တွေ ကြည့် Celebrity Chef တွေကို အားကျပြီး Celebrity Chef ဖြစ်ချင်ရုံနဲ့တော့ မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။

Food : Avi အခုလိုစကားပြောခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျား ရောက်တုန်းရောက်ခိုက်မှာ လက်စွမ်းပြထားတဲ့ ခင်ဗျားလက်ရာကိုလည်း Food Magazine စာဖတ်ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါ့မယ်။

Egg Shakshuka

     Chef Avi Bitton ရန်ကုန် Sedona Hotel မှာ သရုပ်ပြချက်ပြုတ်သွားတဲ့ ဟင်းလျာတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။

►    ပါဝင်ပစ္စည်းများ

♦    ကြက်ဥ   –   ၈လုံး

♦    ကြက်သွန်ဖြူ     –   ၄တက်

♦     ငရုတ်သီးခြောက်အပွ   –    ၂ ထောင့်

      (ကြက်သွန်ဖြူတစ်ဝက်နှင့် ရောကြိတ်ထားပါ)

♦     ဆီ    –    စားပွဲဇွန်း ၄ ဇွန်း

♦     ခရမ်းချဉ်သီး    –    ၅ လုံး

      (အတုံးသေးသေးလှီးထားပါ)

♦    ငရုတ်ပွအနီ   –   ၁ လုံး

     (အချောင်းရှည်လှီးပြီး)

♦    ဆား   –    အနည်းငယ်

♦    လှော်ပြီးထောင်းပြီး ငရုတ်ကောင်းအမည်း   –    အနည်းငယ်

♦     ဇီရာစေ့အမှုန့်   –    လက်ဖက်ရည်ဇွန်းတစ်ဝက်

♦    ကရဝေးအမှုန့်   –    အနည်းငယ်

♦     အရမ်းချဉ်သီးအနှစ်   –    စားပွဲဇွန်း ၂ ဇွန်း

►     ချက်ပြုတ်ပုံ

၁။  ဆီအိုးကိုအပူပေးပြီး ကြက်သွန်ဖြူများဆီသတ်ပါ။ ငရုတ်သီးရောကြိတ်ထားသော အနှစ်ကိုလည်း ဆီသတ်ပါ။ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ ဇီရာ၊ ကရဝေးအမှုန့်များ ထည့်မွေပေးပြီး အဖုံးအုပ်တည်ထားပါ။

၂။  ခရမ်းချဉ်သီးအနှစ်ထည့်ပြီး ရေခန်းသည်ထိ အဖုံးအုပ်ထားပြီး မိနစ်အနည်းငယ် တည်ထားပေးပါ။ အရသာအတွက် ဆား၊ ငရုတ်ကောင်းများထည့်ပြီး ဟင်းအနှစ်မှာ ရနံ့ပြင်းပြင်းနဲ့ ပျစ်လာရပါမယ်။

၃။  ကြက်ဥကို ဟင်းအနှစ်များပေါ် တစ်လုံးချင်းဖေါက်ပြီးတင်ပါ။ မီးလျှော့ချပြီး ကြက်ဥအဖြူများ ကျက်သည်အထိ အဖုံးအုပ်ပြီးတည်ထားပေးပါ။ ကြာကြာတည်လေ ကြက်ဥအသားမာလေဖြစ်တာကြောင့် တည်ချိန်ကို မိမိစိတ်ကြိုက်ထားပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments