Hush puppies

kid_5

Hush puppies

            Hush puppies ကတော့ မြန်မာလူမျိုးတွေ ကြိုက်လောက်မယ့်မုန့်လေးပါ။ နာမည်ကျော် KFC စားဖိုမှူးကြီး Col.Harland Sanders ကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်ထဲမှလေ့လာပြီး လုပ်ထားတဲ့နည်းလေးပါ။ စာအုပ်ထဲမှာတော့ Cornmeal, Cornflour ကိုသုံးထားပေမယ့် Cornmeal ရှာမရတာကြောင့် ပြောင်းဖူးနဲ့ ဂျုံတို့ကို အစားထိုးအသုံးပြုထားပါတယ်။ ပြောင်းဖူးအရသာကြောင့် ကလေးငယ်တို့ အကြိုက်တွေ့မှာပါ။ လုပ်ကြည့်ရအောင် . . .။

►   ပါဝင်ပစ္စည်းများ

♦   ဂျုံ –   ၈ဝ ဂရမ်

♦   ပြောင်းဖူး   –   ၂ ဖူး (၈ဝ ဂရမ် အသုံးပြုရန်)

♦   Baking powder   –   လက်ဖက်စားဇွန်း ၁ ဇွန်း

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ဆား   –   လက်ဖက်စားဇွန်း ၁ ဇွန်း

♦   သကြား   –   လက်ဖက်စားဇွန်း ၁ ဇွန်း

♦   ကြက်ဥ   –   ၁ လုံး

♦   နွားနို့   –   ၁ဝဝ ဂရမ်

♦   အရောင်တင်မှုန့် (Paprika)   –   အနည်းငယ်

♦   ဆီ (ကြော်ရန်)

kid_6 kid_7 kid_8

►   ပြုလုပ်နည်း

၁။        ပြောင်းဖူးကိုပြုတ်ပါ။ အစေ့ခြွေပြီး ခပ်ကြမ်းကြမ်း ဓားနဲ့စဉ်းပေးပါ။ ကြက်သွန်နီကို နုပ်နုပ်စဉ်းထားပါ။

၂။        ဂျုံ၊ ပြောင်းဖူး၊ Baking powder နဲ့ ဆားတို့ကို ဇလုံကြီးတစ်လုံးထဲတွင် ရောပြီး သမအောင် မွှေပေးပါ။ ကြက်ဥ၊ ကြက်သွန်နီနဲ့ နွားနို့ကို ထည့်ပြီး နာနာမွှေပေးပါ။

၃။        ကြော်မယ့်အိုးထဲသို့ ဆီကို Hush puppies မြုပ်နိုင်လောက်တဲ့ထိ ထည့်ပေးပါ။ ဆီအပူကိုတော့ 190ံC လောက်နဲ့ကြော်ပေးပါ။ (ဆီကိုတော့ အစမှာ ပူပူလေးနဲ့ကြော်ပြီး တဖြည်းဖြည်း မီးလျော့ပြီး ကြော်ပေးပါ။ မီးများသွားလျှင် အပေါ်ခွံတူးပြီး အတွင်းမကျက်ဖြစ်နိုင်တာကြောင့်ပါ။)

၎။        မုန့်နှစ်ကို စားပွဲဇွန်းနဲ့ခတ်ပြီး ဆီပူထဲထည့်ပြီး ကြော်ပါ။

၅။        မုန့်များအညိုရောင်ပြောင်းလာလျှင် အပေါက်ပါတဲ့ဇွန်း (သို့) ဆန်ခါနဲ့ ဆယ်ပြီး ဆီစုပ်စက္ကူ (သို့) တစ်ရှူးနဲ့ဆီစစ်ပေးပါ။ ပြောင်းဖူးအရသာကဲကဲ ကလေးငယ်တို့ အကြိုက် Hush Puppies ရပါပြီ။

Facebook Comments