Fish Fingers

by Khin Sabel Phyu (Healthy Kids Happy Life) for Food Magazine

          ဒီတစ်ခါတော့ ကလေးတွေရဲ့ အသည်းစွဲ ငါးရံ့အသားချောင်း ကြော်တဲ့နည်းလေးပါ။ ဒီကြော်နည်းလေးက အပြင်စားသောက်ဆိုင်တွေမှာ စားနေကျပုံစံမျိုးနဲ့ နည်းနည်း ကွဲပါတယ်။ ကိုယ်တွေ ငယ်ငယ်တုန်းက အဘွားကိုယ်တိုင်ကြော်ကျွေးခဲ့တဲ့  အဘွားရဲ့ကိုယ်ပိုင်နည်းလေးပါ။ ဒီလိုကြော်ကျွေးတဲ့နေ့ဆို ထမင်းနဲ့ဟင်း တွဲစားရတဲ့ အချိန်ထိတောင် မရောက်ဘဲ  ဒီအတိုင်း ထိုင်စားကြတာနဲ့ ကုန်သွားတာများပါတယ်။ အကြော်အနေနဲ့ အလွတ်မဟုတ်လည်း နာနတ်သီးလေးတွေ စိတ်ထည့်ပြီး  ချိုချဉ်လေးပြန်ချက်လို့လည်း ရပါတယ်။ ငါးကိုညှီလို့ မစားချင်တဲ့ သားသား၊ မီးမီးတွေအတွက် အများကြီး အဆင်ပြေပါတယ်။ အမြဲကြော်လေ့ရှိတာတော့ ငါးရံ့ကိုသုံးပေမယ့် အရိုးသေချာရှင်းလို့ရရင်တော့ ငါးကြင်းတို့၊ ကကတစ်တို့နဲ့ သုံးမယ်ဆိုရင်လည်း ရပါတယ်။ ငါးရံ့ကိုတော့ အချိုလေးပြီး အရိုးရှင်းရတာ လွယ်ကူလို့ ကလေးတွေကို ကြော်ကျွေးမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းများ

ငါးရံ့  –  ၂၅ ကျပ်သား (အသားလွှာပြီးသား)

ကြက်ဥအကာ  –  ၁ လုံး

ချင်း  –  လက်တစ်ဆစ် (အရည်ညှစ်ထား)

ကော်မှုန့်  –  ၁ ခွက်

ဆား  –  အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ငါးရံ့ အသားလွှာပြီးသားကို ကိုင်စားလို့ အဆင်ပြေစေမယ့်အရွယ် ကလေး လက်တစ်ကိုင်စာလေး တွေ ဖြတ်ပါတယ်။ ဖြတ်ပြီး တစ်ချောင်းချင်းစီကို သေချာ အရိုးစစ်ပါ။

၂။       ရလာတဲ့ အသားချောင်းလေးတွေကို ချင်းအရည်၊ ဆားအနည်းငယ်နဲ့ နယ်ပါ။

၃။       ပြီးလျှင် ငါးအသားချောင်းကို ကြက်ဥအကာရည်ထဲ နှစ်ပြီး ကော်မှုန့်ထဲလှိမ့်ကာ ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပါ။ ကျန်တဲ့ အသားချောင်းလေးတွေကိုလည်း အဲဒီအတိုင်း ဆက်ပြီး ကြော်ပါ။

၎။       ရလာတဲ့အကြော်ကို ဒီအတိုင်း စားလို့ရသလို ချိုချဉ်ချက်စားရင်လည်း အဆင်ပြေပါတယ်။

Facebook Comments