Butter Mashed Potatoes & Salmon with Lemon Sauce

by May’s Healthy Food for Food Magazine

          Food Magazine ပရိသတ်ကြီးအားလုံး မင်္ဂလာပါနော်။ ဒီလတော့ ကလေး ထမင်းမစားလို့ စိတ်ညစ်နေတဲ့  မေမေတို့အတွက် အဆင်ပြေအောင် ထမင်းအစားထိုးအာလူးလေး လုပ်ကျွေးနိုင်စေဖို့ ရေးပေးမယ်နော်။ အာဟာရပြည့်ပြီး လုပ်ရတာလည်းလွယ်၊ အချိန်လည်းမကုန်တဲ့ ခြေထားတဲ့အာလူးလေး လုပ်ကြည့်ရအောင်။ ထမင်းမစားချင်တဲ့ ကလေးတွေအတွက် ထမင်းအစားထိုးအဖြစ် ကျွေးလို့ရသလို ထမင်းဘူးထည့်ဖို့လည်း အဆင်ပြေစေပါတယ်။ တစ်နှစ်အောက် ကလေးတွေကိုတော့ နွားနို့၊ ထောပတ်အစား ဖော်မူလာနို့ကို ဖျော်ထည့်လို့ရပါတယ်။ ဆားနဲ့ ငရုတ်ကောင်းကိုတော့ တစ်နှစ်အောက် ကလေးအတွက် ထည့်ဖို့ မသင့်တော်ပါဘူး။ ရှစ်လအရွယ်ကလေးတို့အတွက်တော့ ချိစ်ထည့် ပြီး မွှေပေးလို့ရပါတယ်။

Butter Mashed Potato ပြုလုပ်ရန်

အာလူး  –  လက်သီးဆုပ်အရွယ် ၃ လုံး

[အခွံနွှာ၊ နူးအောင်ပြုတ်၊ အာလူးနူးလျှင် စက်နဲ့ကြိတ် (သို့) ခက်ရင်း/အာလူး ခြေတံဖြင့်ခြေ]

ကြက်စွပ်ပြုတ်  –  ပန်းကန်လုံး ၁ လုံး (လက်ဖက်ရည် ပန်းကန်လုံး)

နွာနို့  –  တစ်ခွက်စာ (လက်ဖက်ရည် ပန်းကန်လုံး)

ငရုတ်ကောင်း  –  အနည်းငယ်

ဆား  –  အနည်းငယ်

ထောပတ်  –  ၁၀ ဂရမ်

          ထောပတ်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများကို မီးအလယ်အလတ်ဖြင့် ပျစ်ပြီး အရည်ကုန်သည်အထိ မကပ်အောင်မွှေကျိုပါ။ ပျစ်လာပြီဆိုလျှင် မီးပိတ်၊ ထောပတ်ထည့်မွှေပေးပါ။

Salmon with Lemon Sauce ပြုလုပ်ရန်

          ဆော်လမွန်ငါးကတော့ ကလေးတို့ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ အမြင်အာရုံကောင်းစေဖို့အပြင် စဉ်းစားတွေးခေါ်ရာမှာ အထောက်အကူဖြစ်စေတဲ့ Omega 3 များစွာပါဝင်တဲ့ ငါးတစ်မျိုးပါ။ ဆော်လမွန်ငါးကို ပုံစံအမျိုးမျိုး ချက်ပြုတ်စား သောက်ကြတဲ့အထဲမှာမှ  ဒီနေ့တော့ ကိုယ်ခံစွမ်းအားကို တိုးမြင့်စေပြီး အအေးမိနှာစေးတာတွေကိုပါ အမြန်ပျောက်ကင်းစေတဲ့ Vitamin C  ပါဝင်တဲ့ Lemon Juice ကို အသုံးပြုပြီး ပြင်ဆင်ချက်ပြုတ်ပေးထားပါတယ်။ ကလေးတို့အတွက် Vitamin C ပါဝင်တဲ့ အစားအစာကလည်း မရှိမဖြစ် အရေးပါတယ်ဆိုတာ မိဘတော်တော်များများ သိကြပြီးဖြစ်မှာပါ။ Mashed Potatoes ကို အအီပြေစေဖို့ဆိုတဲ့ အတွေးနဲ့လည်း အသုံးပြုထားတာဖြစ်လို့ ကလေးတို့အကြိုက် ဖြစ်စေမှာပါ။ ဆော်လမွန်ငါး ၁၀ဝ ဂရမ် သုံးတုံးကို အသုံးပြုထားပါတယ်။ ဆော်လမွန်ငါးကို အကြေးခွံနဲ့ အညစ်အကြေးသန့်စင်ပြီး ဆားအနည်းငယ်၊ ငရုတ်ကောင်း အနည်းငယ်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာတို့နှင့် ခပ်ဖွဖွနယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။

လီမွန်ဆော့စ်လုပ်ရန်

လီမွန်အရည်  –  လက်ဖက်ရည်ပန်းကန် တစ်ဝက်စာ

ပျားရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

လီမွန်အခွံ  –  အနည်းငယ်

(အပေါ်ခွံ အဖြူအဖတ်မပါ၊ ပါးပါးအချောင်းလေးလှီးပြီးသား)

ရိုးရိုးရေအေး  –  လက်ဖက်ရည်ပန်းကန် တစ်ဝက်စာ

ပြုလုပ်နည်း

၁။       ပါဝင်ပစ္စည်းများအားလုံးကို အိုးတစ်အိုးထဲထည့်ပြီး မီးအေးအေးဖြင့် ပျစ်လာအောင် ကျိုပေးပါ။

၂။       ဆော်လမွန်ငါးကို မကပ်သောအိုးဖြင့် အိုးကင်းပူတိုက်သလို မီးအေးအေးဖြင့် ကြော်ပါ (ဆီထပ်ထည့်ရန်မလို)။ ဆော်လမွန်ငါး အခွံကြွပ်လာသည်အထိ ကြော်ပြီး ဆော်လမွန်ငါးအသားကို ကြွပ်မသွားစေရန် ဂရုစိုက်ပါ။

*        ဆော်လမွန်ငါးကို အခွံဘက်ခြမ်းမှစပြီး ကြော်ဖို့ သတိပြုပါ။ တစ်နှစ်အောက်ကလေးများအတွက် ဆား၊ ငရုတ်ကောင်း စသည်တို့ကို အသုံးမပြုဘဲ ချက်ပြုတ်ရပါမယ်။ ပျားရည်ကိုတော့  အသက် နှစ်နှစ်အောက် ကလေးများအား လုံးဝမကျွေးသင့်သေးပါ။

*        အခွံကြွပ်ကြွပ်ရွရွ အသားပျော့ပျော့လေးဖြင့် ဆော်လမွန်ငါးကို လီမွန်ဆော့စ်ဆမ်းပြီး အာလူးလေးဖြင့် ကျွေးမည်ဆိုလျှင်  ကလေးတို့အကြိုက် နေ့လယ်စာလေး ဖြစ်စေမှာပါ။

Facebook Comments