Baking & Pastry Chef တစ်ယောက်ဖြစ်ဖို့ ဝါသနာအရင်းခံပါပြီး ကြိုးစားမှုရှိရမယ်ဆိုတဲ့ ကိုသန်းဇော်ဦး @A Ghee

FD-79

FD-76  FD-80  FD-77

ငယ်စဉ်က ဂီတကိုဝါသနာထုံခဲ့သော်လည်း ကံကြမ္မာရဲ့ အလှည့်အပြောင်းနဲ့ ဘဝတက်လမ်းအတွက်  အစားအသောက်သင်တန်းတစ်ခုကို တက်ရောက်ခဲ့ကာ ကော့သောင်းက Andaman Club Resort Hotel မှာ အောက်ခြေကနေပြီး ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သူ့ရဲ့ကြိုးစားမှုများကြောင့်  တဖြည်းဖြည်းနဲ့ Baking&Pastry ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်စွာ ရပ်တည်နိုင်ခဲ့ပြီး ယခုအချိန်မှာ  ကိုယ်ပိုင်Baking & Pastry သင်တန်း ကျောင်း တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သူ။ Baking & Pastry ပိုင်းမှာ အတွေ့အကြုံများစွာရှိခဲ့သူ ကိုသန်းဇော်ဦး(ခ) ကိုအဂီးရဲ့ ဘဝအစိတ်အပိုင်း အချို့ကို အခုလို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

*  ကိုသန်းဇော်ဦးရဲ့ ငယ်စဉ်ဘဝ ရည်မှန်းချက်။
ကျွန်တော့် ငယ်စဉ်ဘဝစိတ်ကူးနဲ့ ဖြစ်ချင်တဲ့ရည်မှန်းချက်ကတော့ အနုပညာနဲ့ပတ်သက်ပြီး ပီယာနိုအတီးသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့  အဲဒီလို အခွင့်အရေးမကြုံခဲ့တော့ သင်တန်း တစ်ခုတက်ပြီးတော့  & B Food Production သင်တန်းတစ်ခုကို တက်ဖြစ်ခဲ့တယ်။

*  အချက်အပြုတ်ကို စတင်ဝါသနာပါခဲ့ပုံ။

အချက်အပြုတ်ကိုတော့  ငယ်ငယ်က မိဘတွေနဲ့  ကူညီညာလုပ်ပေးရာကစပြီးတော့ ဝါသနာပါခဲ့ပါတယ်။ နောက် အိမ်မှာစိုက်တဲ့ သီးပင်စားပင်တွေကထွက်တဲ့ သီးနှံတွေကိုလည်း ကိုယ်တိုင်အမြဲချက်ပြုတ်ရင်းကနေပြီး ဝါသနာပါခဲ့တယ် ထင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် အချက်အပြုတ်ကို ၁ဝနှစ်သားလောက်ကနေစပြီးတော့ ဝါသနာပါခဲ့တာပါ။ ငယ်ငယ်က အချက်အပြုတ်အနေနဲ့ အမှတ်တရဆိုရင် ကျွန်တော့်မိဘတွေက စိုက်ပျိုးရေးလုပ်ငန်းလုပ်တယ်။ အဲဒီအမှာ စီးပွားရေးကလည်း သိပ်အဆင်မပြေဘူး။ ကျောင်းသွားတယ်ဆိုရင်တောင်  တစ်ပတ်မှာ ငါးရက်လောက်ကို နေ့တိုင်း ကျွန်တော့်ခြံထဲက ဒန့်သလွန်ရွက်နုလေးတွေနဲ့ ပဲပြုတ်ကို ကြော်ပြီးတော့ ထမင်းချိုင့်ထည့်သွားရတယ်။ အဲဒါလေး ကတော့ငယ်ငယ်က ကလေးဘဝ အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရပါပဲ။

*  အစားအသောက်သင်တန်း တက်ဖြစ်ဖို့ စိတ်ကူးမိခဲ့သွားပုံ။

သင်တန်းတက်ဖြစ်ဖို့ စိတ်ကူးမိသွားတာက ကျွန်တော်ကိုးတန်းနှစ်လောက်မှာ ကျွမ်းဘားကို ရုပ်ရှင်ဗီဒီယိုတွေ ရိုက်တဲ့အခါမှာ မင်းသားနေရာမှာ လူစားထိုး စတန့်ဝင်လုပ်ဖြစ်တယ်။ လူကြမ်းနေရာမှာလည်း အနည်းငယ်ဝင်လုပ်ဖြစ်ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့မှ ကလောမှာ ရုပ်ရှင်သွားရိုက်တဲ့အခါမှာ ကျွမ်းဘားထိုးရင်းနဲ့ ကျွန်တော့်မျက်နှာတစ်ခြမ်းဒဏ်ရာရ သွားတယ်။ အဲဒီမှာ ကျွန်တော်စဉ်းစားမိသွားတာက နောက်နှစ်ဆိုရင်လည်းကျွန်တော်က ၁ဝ တန်းဖြေရတော့မယ်လေ။ နောက်  ဒီအလုပ်မျိုးက ကျွန်တော့်အတွက်  အာမခံချက်မပေးနိုင်ဘူးဆိုတာ သိသွားတယ်။ ဒီလိုစဉ်းစားမိချိန်မှာ ဘဝအတွက် အာမခံချက်ရှိတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကို ပြောင်းဖို့စိတ်ကူးမိသွားတယ်။ ဒီအလုပ်က ကိုယ့်ဘဝအတွက်ရော ခန္ဓာကိုယ်အတွက်ပါ ကျိုးပဲ့သွားနိုင်တယ်ဆိုတော့လေ။ အဲဒါနဲ့ ဒီအလုပ်ကိုစွန့်လွတ်ပြီး အခုအစားသောက်လုပ်ငန်းဘက်ကို ပြောင်းဖို့ စိတ်ကူးမိသွားတာပါ။ အဲဒါနဲ့ ၁၉၉၅ ခုနှစ်မှာ M.S.C Institute of Catering
and Cookery  မှာ သင်္ဘောသားဆရာကြီး ဆရာဦးဌေးလွင်ရဲ့ ပထမဆုံးသင်တန်းကို တက်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒီသင်တန်းကြော်ငြာကို သတင်းစာထဲမှာတွေ့လိုက်တယ်။ ဒီအချက်အပြုတ် စားဖိုမှူးသင်တန်းကို တက်ထားရင် နိုင်ငံခြားသွားလို့ရတယ်။ ဟိုတယ်မှာလုပ်လို့ရမယ်။ သင်္ဘောလိုက်ရင် အဆင်ပြေနိုင်တာမျိုးလေးတွေရှိတော့ အဲဒီသင် တန်းကို စတက်ဖြစ်သွားတာပါ။

 *  ရုပ်ရှင်မှာ ကျွမ်းဘား စတန့်အလုပ်လုပ်ဖြစ်သွားပုံ။

ဒီရုပ်ရှင်မှာ စတန့်လုပ်ဖြစ်သွားတာကလည်း ကျွန်တော်က မင်္ဂလာဒုံ၊ သင်္ကန်းကျွန်းကြီးဘက်မှာနေတဲ့အခါမှာ အဲဒီမှာ လူကြမ်းမင်းသား ကိုမင်းစိန်တို့၊ ကိုမောင်မောင်တင် တို့စသဖြင့် တော်တော်များများက အဲဒီမှာနေကြတယ်။ ကျွန်တော် လည်းအဲဒီမှာ ကျောင်းတက်တဲ့အခါကျတော့သူတို့နဲ့ ခင်မင်ရင်းနှီးပြီး မင်းက ကျွမ်းတွေ ဘာတွေထိုးတက်တယ်။ ဒီတော့ ငါတို့နဲ့လိုက်လုပ် မလားဆိုရင်းနဲ့ လုပ်ဖြစ်သွားတာပါ။ အဲဒီတုန်းကလည်း ကျွန်တော်လည်း ကျွမ်းဘားအဂီး ဆိုပြီးတော့ နာမည်တစ်ခုရပ် တည်နိုင်ခဲ့ပါတယ်။ ကျွမ်းထိုးတာကိုတက်တာလည်း ကျွန်တော့်အိမ်နားမှာ ရေကန်ရှိတယ်။ အဲဒီမှာ သစ်ပင်ပေါ်ကနေပြီး ဒိုင်ဗင်ပစ်ပစ်ချပြီး ကစားရင်းနဲ့ တဖြည်းဖြည်းတတ်သွားခဲ့တာပါ။ နောက်ပိုင်းတော့ အမျိုးသားရေကူးကန်မှာလည်း သင်တန်းသွားတက်ခဲ့ပါသေးတယ်။ အဲဒီမှာတောင် ဒုလက်ထောက်နည်းပြအနေနဲ့ လုပ်ခဲ့ဖူးပါသေးတယ်။

 *  ပထမဆုံး ဟော်တယ်လုပ်ငန်းအတွေ့အကြုံ။

သင်တန်းပြီးတဲ့အချိန် ၁၉၉၆ ခုနှစ်Visit Myanmar Year မှာ ဟော်တယ်လုပ်ငန်းတွေတွင်ကျယ်လာတဲ့အခါမှာ သူဌေးကျွန်းက Andaman Club Resort Hote  ဟိုတယ်ကခေါ်တာကို သတင်းစာထဲမှာတွေ့ပြီးတော့ ကျွန်တော် ရန်ကုန်ကနေပြီးတော့ လျောက်လိုက်တယ်။ မရဘူး။ အဲဒါနဲ့ ဟော်တယ်အလုပ်ကို ကျွန်တော်က ဝင်ချင်တဲ့အခါမှာ ကော့သောင်းက ကျွန်တော့်အစ်ကိုဆီမှာနေပြီးတော့ လျောက်လိုက်တဲ့အခါမှာ  အလုပ်ရတယ်။ အဲဒီဟော်တယ်မှာ ကျွန်တော် Kitchen Helper  နဲ့စပြီးတော့ အလုပ်ဝင်လုပ်တယ်။ ၂ လလောက်လည်းကြာရော ကျွန်တော့်ရဲ့ ကြိုးစားမှုကို သိပြီးတော့ Main Kitchen ကို ပို့လိုက်တယ်။ အဲဒီကနေပြီးတော့မှ Baking & Pastry  ထဲကိုဝင်ပြီးတော့  အဲဒီမှာ Commis III နဲ့Baking, Pastry   အပိုင်းကို လုပ်ဖြစ်သွားခဲ့တာပါ။ အဲဒီမှာက ကျွန်တော်တို့ ဝါသနာပါတဲ့ အပိုင်းကို ရွေးချယ်လို့ရတယ်။ ဥပမာ Cool Kitchen ရှိတယ်၊ ယိုဒယားရှိတယ်၊ ဥရောပရှိတယ် စသဖြင့်ပေါ့။ ကျွန်တော်ကတော့ အသက်မွေးဝမ်းကျောင်းတစ်ခုနဲ့ ရပ်တည်ချင်တယ်။ အသက်မွေးဝမ်းကျောင်းတစ်ခုကတော့ တတ်ကိုတတ်သင့်တယ်ဆိုပြီးတော့  မုန့်လုပ်တဲ့အပိုင်းမှာလည်း လူလိုတယ်။ ဒီမုန့်လုပ်တဲ့အပိုင်းမှာ တတ်သွားရင်  ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလည်း လုပ်လို့ရမယ်ဆိုတဲ့ စိတ်ကူးနဲ့ အပိုင်းကို ရွေးဖြစ်သွားတာပါ။ ချက်ပြုတ်တဲ့အပိုင်းကနေ ဒီမုန့်အပိုင်းကို ပြောင်းလဲတဲ့အခါမှာ အခက်ခဲတော့ သိပ်မရှိပါဘူး။ ကိုယ်အလုပ်ကြိုးစားရင် ကြိုးစားသလိုExecutive Chef ကကြည့်ပြီးတော့ သူတို့ကနေရာတစ်ခုကို ပြောင်းပေးတာပါ။ တော်ရုံဆို သူတို့မပြောင်းပေးဘူး။

 *  ကိုသန်းဇော်ဦးရဲ့ လက်ဦးဆရာများနဲ့ လေ့လာသင်ယူမှုပုံစံ

ကျွန်တော့်လက်ဦးဆရာတွေကတော့ ယိုးဒယားစားဖိုမှူး ၃ ယောက်လောက်ပါ။ ပြီးတော့မှ မြန်မာစားဖိုမှူးတွေ ပါပဲ။ မြန်မာစားဖိုမှူးတွေကတော့ ကျွန်တော်တို့ကို ပထမဆုံးစပြီးတော့ သင်ပေးတာပေါ့။ နောက်မှာ နိုင်ငံခြားစားဖိုမှူးတွေက ထပ်ပြီးတော့သင်ပေးတာပါ။ အဲဒီအချိန်မှာတော့  ဆရာတွေပြတာကို လက်တွေ့ပိုင်းလည်း လေ့လာရတယ်။ ကိုယ့်ဘာသာ ကိုလည်း စာအုပ်တွေဖတ်ပြီးတော့ လေ့လာရတယ်။ ယိုးဒယားစာအုပ်ဖြစ်တော့ အင်္ဂလိပ်လို မရေးထားဘူး။ ဒီတော့ ပုံပဲကြည့်ပြီး လေ့လာရတယ်။ ကျွန်တော်က ယိုးဒယားစာလေး နည်းနည်းတတ်ထားတော့  ဘာတွေပစ္စည်းတွေ ဘယ်လိုထည့်သလဲဆိုတာကြည့်ပြီး ကိုယ်ပိုင်တီထွင်ပြီး လုပ်ရတဲ့အပိုင်းလေးတွေလည်းရှိတယ်။အဲဒီမှာလည်း ကိုယ်ဒီလိုလေ့လာပြီး လုပ်လို့ရပါလားဆိုတဲ့ အပိုင်းလေးတွေကို သိလာခဲ့ပြီး စိတ်ပါဝင်စားစွာနဲ့ ဆက်လုပ်ဖြစ်ခဲ့တာပါ။

*  ကိုသန်းဇော်ဦးလုပ်ခဲ့ဘူးသောလုပ်ငန်းများ။

စောစောက Andaman Club Resort မှာ ၂ နှစ်လောက်လုပ်ပြီးတဲ့အချိန်မှာ ရန်ကုန်ပြန်လာတယ်။ အဲဒီမှာကျွန်တော် ပထမလုပ်ဖူးတဲ့ အလုပ်ကExecitive Chef Myanamr LSG Sky Chef’s Yangon International Airport ကိုပြောင်းသွားတော့ ကျွန်တော့်ကို လှမ်းခေါ်တာနဲ့ အဲဒီမှာ Chef De’PARTIE(Bakery)နဲ့ ၁၉၉၈ ခုနှစ်လောက်မှာ ဝင်လုပ်ဖြစ်တယ်။ အဲဒီမှာ အချက်အပြုတ်လည်း လုပ်ရတယ်။ Pastry ပိုင်းအနေနဲ့လည်းလုပ်ရတယ်။ အဲဒီမှာ ၄ နှစ်လောက် လုပ်ပြီးတဲ့အခါမှာ ရန်ကင်းစင်တာက Season Bekery မှာ Pastry Sous Chef အဖြစ်လုပ်တယ်။ အဲဒီကနေ ၂ဝဝ၃ ခုနှစ် ကနေ ၂ဝဝ၇ ခုနှစ် အထိတော့Moon Bakery & Cafe မှာ Executive Pastry Chef  လုပ်ခဲ့ပါတယ်။ အဲဒီနောက် International Hotel မှာ Chef Instructor Pastry & Baking အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ်ပိုင် လုပ်ငန်းအဖြစ် Owner Chef အနေနဲ့ International Baking & Pastry Training Center ကို ဖွင့်လှစ်ခဲ့ လုပ်ကိုင်ခဲ့ ပါတယ်။

 *  Pastry & Baking Chef တစ်ယောက် ထားရှိသင့်တဲ့စိတ်ထား။

အဓိကကတော့ ဝါသနာပါပြီး လေ့လာသင်ယူချင်တဲ့စိတ်လေးရှိရမယ်။ အမြဲတမ်း အသစ်အဆန်းလေးတွေကို လေ့လာနေရမယ်။ အမြဲတမ်းလည်း တီထွင်ဖန်တီးနိုင်ဖို့ ကြိုးစားနေရပါမယ်။

 *  Pastry & Baking Chef  တစ်ယောက်အနေနဲ့ အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အမြင်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ။

ကျွန်တော်ကတော့ မုန့်တွေလုပ်တဲ့အခါမှာ ကြာရှည်ခံဆေးတွေ မသုံးဘဲနဲ့ မုန့်ကို လတ်လတ်ဆတ်ဆတ် ဖုတ်သင့်ပါတယ်။ တစ်နေ့စာတစ်နေ့ပဲ ရောင်းသင့်ပါတယ်။ အများဆုံး သုံးရက်လောက်ခံတဲ့ မုန့်လေးတွေဖုတ်ပြီးတော့ လုပ်သင့်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအတိုင်းပဲ လုပ်ရောင်းပါတယ်။ အချို့အပြင်တွေမှာတော့ ၁ ပတ်၊ ၁ဝ ရက်လောက်ခံဆေးတွေ ထည့်ပြီးတော့ လုပ်တယ်။ အခုထိကျွန်တော်လည်း တာရှည်ခံဆေးသုံးတာကို အားမပေးဘူး။ မုန့်ကို လတ်လတ်ဆတ်ဆတ် လုပ်တာကိုပဲ အားပေးခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း  မုန့်ကို လတ်လတ်ဆတ်ဆတ် ဖုတ်မယ်။ ဒီနေ့ပဲရောင်းမယ်။ တာရှည်ဆေးမသုံးဘဲ လုပ်ခဲ့ပါတယ်။ ကိတ်တို့ဘာတို့ကတော့ တစ်မျိုးပေါ့။

 *  Pastry & Baking Chef  တစ်ယောက်အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်များ။

မုန့်လုပ်တဲ့အခါမှာ ပေါင်မုန့်ပိုင်းလုပ်တဲ့အခါမှာ ကုန်ကြမ်းပစ္စည်းတွေ ကောင်းဖို့လိုပါတယ်။ ကုန်ကြမ်းမကောင်းရင် မုန့်တွေကလည်း ကောင်းကောင်းမထွက်ဘူး။ နောက် ရာသီဥတုလည်းလိုပါတယ်။ ပူတဲ့နေရာမျိုးဆိုရင်လည်း မုန့်ပွတဲ့ စက်လိုသလို၊ အေးတဲ့နေရာမှာဆိုရင်လည်း မုန့်ပွဖို့အတွက် ပွဆေးပိုထည့်ရတာမျိုးလည်း ရှိတယ်။ ဒါက ပေါင်မုန့်အပိုင်းပေါ့။ ကိတ်မုန့်မှာတော့ ပျက်ဆီးတာလွယ်ကူတဲ့အခါမှာ ကိုင်တွယ်တဲ့နေရာမှာ တစ်ကိုယ်ရည်သန့်ရှင်းရေးလိုအပ်ပါတယ်။ ဥပမာ လက်အိတ်တွေသုံးဖို့၊ အပြင်သွားပြီးပြန်လာရင် သန့်ရှင်းရေးလုပ်ဖို့တို့ လိုပါတယ်။ ရှောင်သင့်တဲ့ အဓိကအချက်ကတော့ မုန့်ဖိုထဲမှာ အဓိက မတော်မဆမှုတွေ ဖြစ်တက်တာများတယ်။ အခုနောက်ပိုင်း စက်ကြီးတွေသုံးရတာမျိုး၊ အာဗင်တွေ ကိုင်ရတဲ့အခါမှာ မီးအပူလောင်တာမျိုး စသဖြင့် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံရဆိုရင် ကျန်းမာရေးမညီညွတ်တဲ့ ဝန်ထမ်းတွေ မထားသင့်ပါဘူး။ Moon Bakery လုပ်တုန်းကဆို ကျွန်တော့်ဝန်ထမ်းတစ်ယောက်က အတက်ရောဂါရှိတာမသိဘူး။ သူက ဘောပွဲတွေကြည့်ပြီး အိပ်ရေးပျက်တဲ့အခါ လုပ်ငန်းခွင်မှာ  အတက်ရောဂါထပြီးတော့ အာဗင်ထဲကို လက်ထိုးပြီး အိပ်ပျော်သွားတယ်။ အဲဒီမှာ လက်တစ်ခုလုံးလောင် သွားတာမျိုး ဖြစ်ဖူးပါတယ်။

 *  International Baking & Pastry Training Center  လေး တည်ထောင်ဖြစ်သွားပုံ။

၂ဝဝ၇ ခုနှစ်လောက်မှာ စားသောက်ဆိုင်တွေ Pastry & Baking ဆိုင်တွေ များလာလိမ့်မယ်။ များလာတဲ့အခါကျရင် ဝန်ထမ်းတွေလည်း လိုအပ်လာလိမ့်မယ်လို့ တွေးမိတော့ သူငယ်ချင်းတွေနဲ့ ကျွန်တော်ပူးပေါင်းပြီးတော့ ဒီသင်တန်းလေး ဖွင့်ဖြစ်တယ်။ ဒါပေမဲ့ ၂ဝဝ၈ ခုနှစ်မှာ နာဂစ်ဖြစ်သွားတော့ သင်တန်းသားတွေ မတက်ဖြစ်တော့ဘူး။ အဲဒီမှာ ၃၊ ၄ လလောက် သင်တန်းကို ရပ်ထားလိုက်ရတယ်။ နောက်ပိုင်း မြို့ထဲမှာ ဆက်ဖွင့်ဖြစ်တယ်။ အဲဒီမှာနေရာ အခက်ခဲက ရှိတယ်။ နောက် မုန့်ဖုတ်တဲ့အနံ့အသက်ထွက် တယ်တို့ဘာတို့ ပေါင်းစုံပတ်ဝန်ကျင်ကပြောကြဆိုကြတယ်။ ကျွန်တော့်သင် တန်းက လည်း အဒီက လက်တွေ့ပိုင်းကို အဓိကထားပြီးသင်တာပါ။ လက်တွေ့ပိုင်း ပိုင်နိုင်မှပဲ သူတို့ပိုတတ်ကျွမ်း မှာလေ။ ကျွန်တော့်ဆီက ဆင်းသွားတဲ့ သင်တန်းသားမှန်သမျှလည်း တကယ့်လက်တွေ့မှာ လုပ်ကိုလုပ်တတ်ရမယ်။ အခုဆိုရင် သင်တန်းလေးက ၆ နှစ်ကျော်လောက်သက်တမ်းရှိပါပြီ။ သင်တန်းလေးစဖွင့်ကာ စတုန်းကလည်း   ငွေကြေးအခက်ခဲတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီလုပ်ငန်းမှာ လုပ်ကိုင်လာတာ သက်တမ်းက ၁ဝ နှစ်လောက်ရှိပြီဆိုတော့ စက်ရောင်းတဲ့ ကုမ္ပဏီတွေကလည်း ကျွန်တော့်အပေါ် ယုံကြည်မှုရလာတယ်။ အဲဒီမှာ မြန်မာပြည်မှာ ဘယ်သူမှမပေးတဲ့ အခွင့်အရေးအဖြစ် စက်ကုမ္ပဏီတွေက ကျွန်တော့်ကိုအကြွေးစနစ် နဲ့ ရောင်းချပေးခဲ့ပါတယ်။

*  ကိုသန်းဇော်ဦးရဲ့ စိတ်ဖိစီးမှုလျော့ချနည်း။
ကျွန်တော်က စာအုပ်တွေ ဖတ်တာဝါသနာပါတော့ စိတ်ဖီစီးလာရင် စာအုပ်တွေ ဖတ်တယ်။ နောက် ပီယာနိုတီးတယ်။ အဲဒီလိုလေးတွေ လုပ်လိုက်ရရင်တော့ ကျွန်တော်အတွက် လန်းဆန်းသွားတယ်။

 *  မိမိလက်ရာလေးကို အခြားသူစားသုံးပြီး ချီးမွန်းခံရစဉ်ခံစားချက်။

ကျွန်တော်ပထမဆုံး Season Bakery မှာစလုပ်ခါစက  (Mousses Cake)ကို တီထွင်ပြီးတော့ လုပ်လိုက်တယ်။ အဲဒီ  မုန့် လေးက စားလို့လည်းကောင်းတယ်။ လူကြိုက်လည်းများတယ်။ ချီးလည်းချီးကျူးခံခဲ့ရတယ်။ အဲဒီမှာ ကျွန်တော်တွေးမိတာ ဒီလိုမျိုး ချီးကျူးခံရကတည်းက လစဉ် တီထွင်ဆန်းသစ်မှုအသစ်နဲ့ မုန့်လုပ်ဖို့ဆိုတဲ့ စိတ်ကူးလေးရမိပါတယ်။ ဒီလိုမျိုး အသစ်အသစ်တွေကို လုပ်သင့်ပါလားဆိုတဲ့အတွေးကို မြင်လာခဲ့မိတယ်။ အဲဒီလို ချီးမွမ်းခံရတဲ့အပေါ်မှာလည်း ဝမ်းလည်း ဝမ်းသာမိတယ်။ ဒါမျိုးကိုယ်ပိုင် တီထွင်ဆန်းသစ်တာလေးတွေ လုပ်ရင်တော့ ချီးမွမ်းခံရပါလား ဆိုပြီးတော့ ပိုပြီး တော့ လေ့လာအားစိုက်သင်ယူခဲ့မိတယ်။ နောက်တစ်ခါ ချီးကျူးခံရတာကတော့ ပုဂံကို အလုပ်ကိစ္စသွားတဲ့အခါမှာ ဘာတီထွင်မှုလုပ်လိုက်လည်းဆိုတော့ ပေါင်မုန့်တစ်ခုလုပ်လိုက်တယ်။ အဲဒီပေါင်မုန့်က ဘာနဲ့လုပ်လည်းဆိုတော့ ပုန်းရည်ကြီးနဲ့လုပ်တာပါ။ မြန်မာ့ကောက်ပဲသီးနှံတွေနဲ့ ဒီလိုမျိုးလုပ်လို့ရတယ်ဆိုတာကို ကျွန်တော် သုတေသန သေချာလုပ်ပြီး  နိုင်ငံခြားသားတွေကို ချပြလိုက်တဲ့အခါမှာ တော်တော်လေး သူတို့ကြိုက်နှစ်သွားတယ်။ ချီးလည်းချီးမွမ်းကြတယ်။

 *  astry & Baking  တစ်ခုခုလုပ်တော့မယ်ဆိုရင် အရောင်နဲ့ အရသာစဉ်းစားပုံ။

အရင်တုန်းကတော့ ကျွန်တော် အရောင်ကိုသုံးဖြစ်တယ်။ နောက်ပိုင်းကျတော့  အရောင်တွေကကျန်းမာရေးနဲ့ မညီညွတ်တာတွေတွေ့လာတော့ အရောင်ကို အရမ်းသုံးတာကို မကြိုက်တော့ဘူး။ ဒီတော့ နောက်ပိုင်းကိတ်တွေကို အလှဆင်ရင် တကယ့်အသီးအနှံတွေရဲ့ အရောင်တွေကို အသုံးချပြီးပဲ လုပ်တော့တယ်။ အခုနောက်ပိုင်းကျတော့ Food Color ကိုသုံးတာကို နိုင်ငံတကာမှာရော ဒီမှာပါသုံးတာကို မကြိုက်ကြတော့ဘူး။ မုန့်တစ်ခုကောင်းဖို့အတွက်ဆိုရင်တော့ အဓိက ကုန်ကြမ်းပစ္စည်းတွေကောင်းဖို့ လိုအပ်ပါတယ်။ ဒီတော့ ကျွန်တော်ခံယူထားတာက ကုန်ကြမ်းကောင်းရင်၊ အရည်သွေးကောင်းမယ်။ အဆင့်မီမယ်ပေါ့။ ဒါပေမဲ့ တစ်ခါတလေ ကုန်ကြမ်းကောင်းတယ်။ နည်းပညာ၊ ပါဝင်ပစ္စည်း Recipe အချိုးအစားမကောင်းရင်လည်း မရဘူး။ အချိုးစား နည်းပညာကောင်းသော်လည်း စက်မရှိရင်လည်း မုန့်ကောင်းကောင်းမထွက်နိုင်ဘူး။ တစ်ချို့မုန့်တွေက လက်နဲ့ လုပ်လို့ရတာတွေ ရှိတယ်။ ဒါပေမဲ့ စက်နဲ့လုပ်ရင် ပိုပြီးတော့   ကောင်းတယ်။

 *  Chef တစ်ယောက်ဖြစ်ချင်တဲ့သူများအတွက် စကားလက်ဆောင်။

Food Production   အပိုင်းမှာ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် Chef တစ်ယောက်ဖြစ်ချင်တဲ့ လူငယ်တွေအတွက် အဓိကတော့ ဝါသနာပါမှုလိုပါတယ်။ တချို့က ဝါသနာကို ခဏပဲ ကောက်ရိုးမီးလို ဝါသနာပါတယ်။ နောက် တခြားလိုင်းပြောင်းသွားတယ်။ အဲဒီလိုမျိုးတော့ မဖြစ်စေချင်ဘူး။ အလုပ်တစ်ခုကို တစ်သမတ်တည်းလေ့လာသင့်ပါတယ်။ ဥပမာ Pastry ဆို Pastry ပိုင်းမှာ လေ့လာစရာတွေက အများကြီးပါပဲ။ Baking လည်း ဒီအတိုင်းပဲ။ လေ့ လာလို့တောင် မကုန်ပါဘူး။ လူငယ်တွေအနေနဲ့တော့ ဝါသနာပါရမယ်။ ဝါသနာပါတဲ့အပေါ်မှာလည်း ဆက်ပြီးတော့ လေ့လာသွားဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။

♦   အာဂမေးမြန်းရေးသားသည်   ♦

Facebook Comments