ကြက်တောင်ပံပျားရည်ကြော်

by May Thu for Food Magazine

Food Magazine ပရိသတ်အားလုံး မင်္ဂလာပါရှင်။ ဒီလအတွက် ရွေးချယ်ဖြစ်တာကတော့ ကိုရီးယားကြက်ကြော်ကို ကုန်ကြမ်းအလွယ်တကူရနိုင်အောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပြောင်းပြီး ကြော်ထားတဲ့ ကြက်တောင်ပံကြော်လေးပါ။ အရသာကတော့ တော်တော်ဆင်တူပြီး စားပြီးရင်း စားချင်ဖြစ်စေမှာပါ။ အသားမစားတဲ့ အိမ်က သမီးကတောင်စားတဲ့ ကြက်ကြော်လေးဖြစ်လို့ မေမေတို့ရဲ့ သားသား၊ မီးမီးတွေလည်း အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။

ကြက်တောင်ပံ ၂၅  ကျပ်သား နယ်ရန်

ကြက်သွန်ဖြူလတ်လတ်ဆတ်ဆတ်ကို အနှစ်တိုက်ထားသော

ကြက်သွန်ဖြူအနှစ်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ချင်းလတ်လတ်ဆတ်ဆတ်အရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  သင့်တော်ရုံ

ငရုတ်ကောင်းအဖြူ  –  အနည်းငယ်

ကြက်ဥ  –  ၁ လုံး

နွားနို့အအေး  –   ထမင်းစားဇွန်း ၂ ဇွန်း

          အားလုံကိုရောနယ်ပြီး ၁ နာရီခန့် အနည်းဆုံး ရေခဲသေတ္တာထဲ ထည့်နှပ်ထားပါ။ မနက်ကြော်မယ်ဆိုလျှင် ညကတည်းက နှပ်ထားလျှင် ပိုကောင်းပါတယ်။

ဆော့စ်လုပ်ရန်

သကြားအညို  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဗနီကာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျားရည်  –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ခရုဆီ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ  –  ပန်းကန်လုံး လေးပုံသုံးပုံ

ပျားရည်မှလွဲပြီး အားလုံးကို နှံ့အောင် ရောသမမွှေထားပါ။

နှမ်း

နှမ်းဆီ

  ပြောင်းကော်မှုန့်  –  ကြက်သားကိုလူးရန် လိုသလောက်

ပြုလုပ်နည်းအဆင့်ဆင့်

          ကြက်သားနှပ်ပြီးသားကို ပြောင်းကော်မှုန့်နှင့် လူးပါ။ တစ်တုံးစီ အမှုန့်ကို ကြက်သားထဲထည့်ဖြူးပြီး မနယ်ပါနှင့်။ ဆီပူပူမှာ ကြက်သားမြုပ်အောင်ကြော်ပါ။ (နှစ်ခါပြန် ကြော်ပါ)

* ပထမတစ်ခါကြော်ပြီး ဆီစစ်ပါ။ နောက်တစ်ခါ မိနစ်အနည်းငယ်ခန့် ပြန်ကြော်ပြီး ဆီစစ်ထားပါ။

          ဆော့စ်အတွက် မွှေထားတာကို ဆူပွက်ပြီး ပျစ်လာသည်အထိ မီးအေးအေးဖြင့် ကျိုပါ။ ထို့နောက် ပျားရည်ထည့်မွှေပြီး ဆီစစ်ထားတဲ့  ကြက်ကြော်ထည့်ကာ ဆော့စ်များ နှံ့အောင်ကြော်၍ နှမ်းဖြူးပြီး သမအောင်မွှေကာ မီးအနည်းဆုံးဖြင့်သာ ကြော်ပါ။ ထို့နောက် မီးပိတ်ပြီး နှမ်းဆီဆမ်းကာ မွှေပြီးသုံးဆောင်နိုင်ပါပြီ။ ကြက်သားအပြင်က ကြွပ်ပြီး အတွင်းသားက အိအိလေးနှင့် ချင်း၊ ကြက်သွန်ဖြူအရသာလေး မွှေးမွှေးချိုချိုလေးနဲ့ ကလေးတို့အကြိုက် ကြက်သားကြော်လေးရပါပြီ။

          အားလုံးပဲ ကောင်းသောနေ့လေး ပိုင်ဆိုင်နိုင်ကြပါစေ။

Facebook Comments