ကြက်ဥအကာကျက်လို ပျော့ဖတ်ဖတ်၊ ပျော့စိစိဖြစ်နေတဲ့အရာတွေကို သိပ်မကြိုက်ဘူး ဆိုတဲ့ ဟိန်းထက်

by အာဂ for Food Magazine

အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့သလဲ။

          အချက်အပြုတ်က ပြောရရင် ငယ်ငယ်လေးကတည်းက အိမ်မှာ မေမေနဲ့အတူတူ မီးဖိုချောင်မှာ ကူလုပ်ပေးရင်းနဲ့ အချက်အပြုတ်ကို စိတ်ဝင်စားသွားတာပါ။ အရမ်းကြီး ကျွမ်းကျွမ်းကျင်ကျင် သင်ထားတာတော့ မရှိပါဘူး။

အခုကိုရီးယား ဆန်းဒွစ်လေးကို ပရိသတ်ကို လုပ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦး။

          ဒီဟာလေးက ကျွန်တော့်အကြိုက်ဆုံးအစားအစာတွေထဲက တစ်ခုပါ။ ဒီဟာလေးက လုပ်ရတာလည်း လွယ်တယ်။ အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ အလွယ်တကူလုပ်လို့ရတဲ့ အစားအစာလေးတစ်ခုလည်း ဖြစ်တော့ ဗိုက်ဆာတဲ့အချိန်ကျရင် အလွယ်တကူ လုပ်စားလို့လည်း ရတဲ့အတွက် စီစဉ်ဖြစ်သွားတာပါ။

ဘဝမှာ ပထမဆုံး စချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာဆိုရင် ကြက်ဥကြော်ပါ။ အဲဒီတုန်းက တော်တော်လည်း ငယ်သေးတယ်။ ကိုယ်တိုင်ကြက်ဥကြော်စားချင်လို့ ကြော်လိုက်တာ ဘာမှမထည့်ဖြစ်တော့ ဘာအရသာမှမရှိဘူး ဖြစ်သွားတယ်။

ညီလေးချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

          ကျွန်တော်ချက်တဲ့ ဟင်းထဲမှာဆိုရင် အာလူးကတ်တလိပ်ဟင်းကို လူကြိုက်အများဆုံးပါပဲ။ သူငယ်ချင်းတွေ အိမ်လာလည်တဲ့အခါ အာလူးကတ်တလိပ်လေး လုပ်ကျွေးတော့ သူတို့တစ်တွေက တစ်အားကြိုက်ပြီးတော့ ကောင်းတယ်လို့ ပြောကြပါတယ်။ အချက်အပြုတ်ကတော့ အမေ့ဆီကပဲ သင်ယူဖြစ်ပါတယ်။

ငယ်ငယ်က ကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးဆိုရင်ရော။

          ငယ်ငယ်တုန်းက မေမေက ကြက်ဥအကာကျက်ကို ခလောက်ပြီးတော့ တိုက်တယ်။ အဲဒီလိုတိုက်ခဲ့လို့လား မသိဘူး။ ကြက်ဥအကာကျက်လို ပျော့ဖတ်ဖတ်၊ ပျော့စိစိ ဖြစ်နေတဲ့ အရာတွေကို သိပ်မကြိုက်ဘူး။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်တော့ ခရမ်းချဉ်သီးပါ။

အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင်လည်း ပြောပြပေးပါဦး။ ဥပမာ- တချို့သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုး စားတာတို့ပေါ့။

          အဲဒီလို အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင်တော့ ငယ်ငယ်က အဘွားရဲ့  ခြံထဲမှာ မောင်နှမတွေစုပြီး သရက်သီး၊ မာလကာသီး၊ စောင်းလျားသီးတွေကိုခူးပြီး သစ်ပင်အောက်မှာ ထိုင်ပြီးစားရတာတော့ အမှတ်တရပါပဲ။ ကျောင်းမှာတော့ မုန့်ခိုးစားတယ်။ ဒါပေမဲ့ ဆရာတွေမိတယ်ဆိုတာကတော့ မရှိဘူး။ ကျွန်တော်က အရမ်း ဗိုက်ဆာမှသာ တစ်ခါတလေ စားဖြစ်တာလေ။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်သလဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာကိုရော။

          အစားအသောက်က ပုံမှန်လူတစ်ယောက်က အားကစားလုပ်ပြီးတဲ့အချိန် မနက် ၇ နာရီလောက် စားသင့်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ရိုက်ကူးရေးနောက်ကျတဲ့ နေ့တွေဆိုရင် မနက်အိပ်ရာထ နောက်ကျတော့ မနက် ၁၀ နာရီလောက်မှ စားဖြစ်ပါတယ်။ တစ်ခါတလေ နေ့လယ်စာက မွန်းလွဲ ၂ နာရီလောက်လည်း ဖြစ်ရင်ဖြစ်သွားတယ်။ ဒီတော့ ကျွန်တော့်မှာ အစားအသောက်ကပုံမှန်အချိန်ဆိုပြီးတော့ မရှိဘူး။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်သလား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။

          ရှုတင်ရှိရင်တော့ ရှုတင်မှာပဲ ညစာစားဖြစ်တာ များပါတယ်။ မရှိရင်တော့ အိမ်မှာပဲ မိသားစုနဲ့ အတူတူစားဖြစ်ပါတယ်။

စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။

          အဲဒီလိုမျိုး တစ်သက်မေ့လို့မရတဲ့ အစားအသောက်ဆိုရင်တော့ အိမ်မှာ မေမေ ချက်ကျွေးတဲ့ ဟင်းတွေပဲ ဖြစ်မှာပါ။

ထူးထူးဆန်းဆန်းအစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်တော့  ကျွန်တော့်အတွက်က ပုရစ်ကြော်ပဲ ဖြစ်မှာပါ။ ကျွန်တော်က အဲဒီလိုအကောင်တွေကို စားလေ့စားထမရှိဘူး။ ဒါပေမဲ့ ဖေဖေက ပုရစ်ကြော်စားကြည့်ပါလားဆိုပြီး ကျွေးလို့ တစ်ခေါက်မှာတော့ ပုရစ်ကြော်စားဖြစ်ပါတယ်။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေဆို အိမ်မှာ မေမေက အကြော်တွေ၊ အသုပ်တွေကို တစ်မျိုးမျိုး လုပ်ကျွေးတယ်။ ကျွန်တော်လည်း တစ်မျိုးမျိုး လုပ်စားလေ့ရှိပါတယ်။

ရှုတင်တွေ ဘာတွေသွားရင်ရော ထမင်းချိုင့်ယူသွားလေ့ရှိလား။

          ရှုတင်ထမင်းဟင်းစားပါတယ်။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ကျွန်တော့်အမြင်မှာ စားချင်စိတ်ရှိတဲ့ ပုံစံမျိုးဆိုရင် မြည်းစမ်းချင်စိတ်ရှိပါတယ်။ ကျွန်တော်က အချိုပိုကြိုက်တော့ အချိုနဲ့ပတ်သက်တဲ့ အပိုင်းလေးတွေကို ပိုမြည်းချင်ပါတယ်။

တချို့က စိတ်ညစ်တာတို့၊ ပျော်တာတို့၊ ဝမ်းနည်းတာတို့တွေဖြစ်ရင် အစားအများကြီး စားဖြစ်တာရှိတယ်။ ညီလေးကရော…။

          ကျွန်တော်က အဲဒီလိုမျိုးတော့ မရှိပါဘူး။ တစ်ခုခုကို အရမ်းစားချင်တယ်ဆိုရင် စားလိုက်တာပါပဲ။ ပျော်လို့၊ ဝမ်းနည်းလို့ အစားအသောက်ကို အများကြီးစားတာမျိုးတော့ မရှိဘူး။

ဟိန်းထက်ရဲ့  အစားအသောက်နဲ့ ကျန်းမာရေးအပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်နဲ့ ကျန်းမာရေးက အရမ်းအရေးကြီးပါတယ်။ အခုနောက်ပိုင်း အစားအသောက်တော်တော်များများက ရယ်ဒီမိတ်တွေ များလာတယ်။ ကြာရှည်ခံအောင် လုပ်ထားတဲ့အတွက် ကျန်းမာရေးနဲ့တော့ မညီညွတ်ဘူး။ ကျွန်တော့်အနေနဲ့ ရယ်ဒီမိတ်တွေထက် ကိုယ်တိုင်ခြံလေးထဲမှာ စိုက်ပျိုးစားတာမျိုးကတော့ ပိုပြီး ကောင်းမယ်လို့ ထင်ပါတယ်။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          မေမေချက်တဲ့ ကြက်သားသုပ်နဲ့ ချဉ်စပ်ဟင်းချိုတို့ကို ကြိုက်ပါတယ်။

နိုင်ငံတကာအစားအသောက်မှာ ဘယ်အစားအသောက်ကိုကြိုက်သလဲ။

          နိုင်ငံတကာအစားအသောက်ဆိုရင်တော့ အီတလီအစားအစာကို ကြိုက်ပါတယ်။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစာအစားကို  လွမ်းဆွတ် တမ်းတမိပါသလဲ။

          အရမ်းဘိုဆန်တဲ့ အစားအစာတွေ စားပြီးတော့ အီသွားပြီဆိုရင် မြန်မာပြည်က ငါးပိထောင်းတို့၊ တို့စရာတို့ကို အရမ်းသတိရပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အစားအစာတစ်ခုခုကို စားလိုက်ရင် တစ်ချိန်ချိန်၊ တစ်နေရာရာ၊ တစ်ယောက်ယောက်ကို သွားပြီး သတိရတာမျိုးပေါ့။

          အဲဒါမျိုးဆိုရင်တော့ ပြောရမယ်ဆိုရင် သရက်သီးဖြစ်မယ်ထင်တယ်။ ငယ်ငယ်တုန်းက ညီအစ်ကိုတွေ သရက်ပင်မှာ သရက်သီးတွေခူးပြီးတော့ သရက်ပင်အောက်မှာ ငံပြာရည်နဲ့တို့ပြီးတော့ စားကြတာပါပဲ။ အဲဒီလိုစားလိုက်ရင် ငယ်ငယ်တုန်းက အဘွားရဲ့ ခြံထဲမှာ သရက်သီးခူးစားတဲ့အချိန်ကို ပြန်ပြီးတော့ သတိရမိတယ်။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာ ပိုစားချင်လဲ။

          အိမ်မှာ စားရတာ ပိုပြီးတော့ သဘောကျတယ်။

ညီလေးအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည် တွေထဲမှာဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင် အသီးအနှံ တော်တော်များများကို ကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ သရက်သီးပါ။ အရွက်ထဲမှာဆိုရင် ကန်စွန်းရွက်ပါ။ သားငါးထဲမှာတော့ အမဲသားကြိုက်ပါတယ်။ ဖျော်ရည်ဆိုရင်တော့ ထောပတ်သီးဖျော်ရည် ကြိုက်ပါတယ်။

ညီလေးနဲ့မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့အစားအစာရော။

          မတည့်တာတော့ မရှိပါဘူး။

အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား တွေ့ရင်ရော ရွံတတ်လား။

          ဟုတ်ကဲ့၊ အစားအသောက်တစ်ခုစားနေရင်း ရွံစရာတွေတွေ့ရင်တော့ ကျွန်တော် ရွံတတ်ပါတယ်။

နောက်ပြီး အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          သူငယ်ချင်းတွေက ပေါက်ကရတွေ၊ ညစ်ပတ်တာတွေ ပြောရင်လည်း ရွံတတ်ပါတယ်။ အဲဒီလိုစားနေတုန်းမှာ အဲဒီလိုတွေပြောပြီး စနောက်လို့ပြီးရင်တော့ ကိုယ့်ရဲ့စိတ်ကို အာရုံပြောင်းပြီး စားလက်စကို ပြန်စားရတာပေါ့။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့  ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မြန်မာ့အစားအစာတွေပေါ့။ ပြောရမယ်ဆိုရင် ဟိုးဘိုးဘေးတွေလက်ထက်ကတည်းက စားခဲ့တဲ့အစားအစာတွေ အများကြီးရှိပါတယ်။ ဥပမာ- လက်ဖက်သုပ်တို့ ဘာတို့ဆိုရင် ကျွန်တော်တို့နိုင်ငံကို ကိုယ်စားပြုတဲ့ အစားအစာတစ်မျိုးပေါ့။ ကိုရီးယားဆိုရင် ကင်မ်ချီစသဖြင့်ပေါ့။

ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ဖြစ်သွားပုံလေးကို ပြောပြပေးပါဦး။

          ကျွန်တော် ပထမဆုံး Star & Model က ဆရာ ဂျွန်လွင်ဆီမှာ အိမ်က မသိအောင် ခိုးတက်ပြီးတော့ Modeling လုပ်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဘဘ ဦးအုံးခိုင်ရဲ့ စကားဝါပညာဒါန သရုပ်ဆောင်သင်တန်းကို တက်ပြီးတော့ MRTV-4 ကနေပြီး သရုပ်ဆောင် အသစ်တွေခေါ်နေတယ်ဆိုတာနဲ့ ဝင်လျှောက်ဖြစ်ရင်း ဒီလမ်းကြောင်းပေါ် ရောက်လာတာပါ။ အခုလည်း

MRTV-4 နဲ့ လက်တွဲပြီး ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေပါတယ်။ အခုလက်ရှိတော့ “တတိယမြောက်ဆုံမှတ်” ဆိုတဲ့ အက်ရှင်ဇာတ်လမ်းတွဲကို မေမြို့မှာ ရိုက်ကူးပြီးသွားပါပြီ။

အခုချက်ပြတဲ့ ကိုရီးယားဆမ်းဒွစ်ကို လိုက်လုပ်စားကြည့်မယ့် ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင် လေး ပြောပြပေးပါဦး။

          လိုက်လုပ်စားကြည့်ကြပါ။ အဲဒီဟာလေးက လုပ်ရတာလည်း လွယ်တယ်။ သုံးရတဲ့ ပစ္စည်းတွေကလည်း အိမ်မှာရှိတဲ့ ပစ္စည်းကိရိယာလေးတွေနဲ့ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ အစားအစာတစ်ခုပါ။ အိမ်မှာ အားလပ်လို့ဖြစ်ဖြစ်၊ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး လုပ်စားရင်လည်း အဆင်ပြေမှာပါ။

ဟိန်းထက်ရဲ့ Korean Street Sandwich

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၃ လုံး

ပေါင်မုန့်  –  ၄ ချပ်

ဂေါ်ဖီထုပ်  –  အနည်းငယ်

မုန်လာဥ –  ၁ ဥ

ကြက်သွန်မြိတ်  –  အနည်းငယ်

ဝက်သားပြား၊ ကြက်သားပြား  –  ၂ ပြား

ချိစ်ပြား  –  ၂ ပြား

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

ပြုလုပ်နည်း

၁        မီးဖိုပေါ်မှာ မကပ်တဲ့ဒယ်အိုးတင်ပြီး ထောပတ်ထည့်၍ အနှံ့သုတ်ပါ။ ပေါင်မုန့်များကို ဒယ်အိုးပေါ်တင်ပြီး ကင်ပေးပါ။ ကြက်ဥကို ဆား၊ ငရုတ်ကောင်းထည့်ပြီး ခေါက်ထားပါ။ မုန်လာဥကို အခွံနွှာထားပါ။ မုန်လာဥ၊ ကြက်သွန်မြိတ်နှင့် ဂေါ်ဖီထုပ်တို့ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားကာ ရေစိမ်ထားပါ။ ဝက်သားပြားများကို ကြော်ထားပါ။

၂။       ကြက်ဥခေါက်ထားတဲ့အထဲ ခြစ်ထားတဲ့ မုန်လာဥ၊ ဂေါ်ဖီထုပ်နှင့် ကြက်သွန်မြိတ်တို့ကို ရောထားပါ။ မကပ်တဲ့ဒယ်အိုးကို ဆီထည့်ပြီး ကြက်ဥအရောကို ထည့်ကြော်ပါ။ ကြက်ဥကြော်ရပြီဆိုလျှင် ဆန်းဒွစ်ပြင်လို့ ရပါပြီ။

၃။       ပေါင်မုန့်ပေါ်မှာ ကြက်ဥကြော်၊ ဝက်သားပြား၊ ချိစ်၊ ပေါင်မုန့်တို့ကို အစဉ်လိုက်တင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments