ဝက်သားလုံးချိုချဉ်ကြော်

by May’s Healthy Food for Food Magazine

          အသားမစားချင်တဲ့ ကလေးတွေအတွက် အကြိုက်ဖြစ်စေမှာပါ။ ချိုချဉ်အရသာလေးဖြစ်လို့ ခံတွင်းတွေ့စေပြီး  အသားနဲ့ ဟင်းသီးဟင်းရွက်ပါ ပါတာကြောင့် တစ်ခွက်တည်းနဲ့ အလုပ်ရှုပ်လည်း သက်သာစေပါတယ်။ ထမင်းဘူးထည့်တဲ့ သားသား၊ မီးမီးတွေ အတွက်လည်း အဆင်ပြေစေမှာပါ။ ဝက်သားအစား ကြက်သား၊ ငါး၊ ပုစွန်တို့ကိုလည်း အစားထိုးလို့ရပါတယ် နော်။ သမီးအကြိုက် ပြောင်းဖူးအသေးလေးတွေကို အသုံးပြုပေးထားပါ တယ်။ ဝက်သားလုံးကို အိမ်မှာကိုယ်တိုင်လုပ်ပြီး အသုံးပြုထားတာဖြစ်လို့ သန့်ရှင်းလတ်ဆတ်ပါတယ်။ ကြေးအိုးထဲထည့်တဲ့ ဝက်သားလုံး လုပ်နည်း အတိုင်းပါပဲနော်။

ဝက်သားလုံးလုပ်နည်း

ဝက်သားသုံးထပ်သား  –  ၅၀ ကျပ်သား

ကြက်ဥ  –  တစ်လုံး

ပြောင်းကော်မှုန့်  –  ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်

ဆား (Pink Salt)  –  လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ခရုဆီ  –  ထမင်းစားဇွန်း တစ်ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃

          အားလုံးကို  ကြိတ်စက်ထဲထည့်ကြိတ်ပြီး ရေခဲသေတ္တာထဲ  အနည်းဆုံး တစ်နာရီထားပြီး နှပ်ထားပါ။ တစ်နာရီပြည့်လျှင် ထုတ်ပြီး ရေနွေးဆူဆူထဲ နာရီဝက်ခန့်ပြုတ်ကာ ရေခဲရေစိမ်၊ ရေစစ်ပြီး ကြိုက်နှစ်သက်သလို အသုံး ပြုပါ။ ပိုလျှင် အခဲခန်းထဲ ဇစ်အိတ်ဖြင့် ထည့်သိမ်းပြီး လိုသလောက် ထုတ် သုံးပါ။

ဝက်သားလုံးချိုချဉ်ကြော်အတွက် လိုအပ်တာတွေက

ဝက်သားလုံး  –  ဟင်းချိုပန်းကန် တစ်လုံးစာ

ပြောင်းဖူးအသေး  –  ၁၀ ခု (လက်တစ်ဆစ်အရွယ်  အစောင်းလှီးထားပါ)

ခရမ်းချဉ်သီး  –  အနေတော်တစ်လုံး (လေးစိတ်စိတ်ထားပါ)

ကြက်သွန်အညိုရောင်အကြီးစား  –  အနေတော်တစ်လုံး (လေးစိတ်စိတ်ထားပါ)

ကြက်သွန်ဖြူ  –  နှစ်မြွှာ (ဓားပြားရိုက်)

ဟင်းချက်သံလွင်ဆီ  –  ထမင်းစားဇွန်း တစ်ဇွန်း

ဆော့စ်အတွက်

ပျားရည်  –  ထမင်းစားဇွန်း နှစ်ဇွန်း

ခရုဆီ (MSG မပါ)  –  ထမင်းစားဇွန်း တစ်ဇွန်း

ဆား (Pink Salt)  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ရေနွေး  –  ဟင်းချိုတစ်လုံးစာ

ပြောင်းကော်မှုန့်  –  ထမင်းစားဇွန်း တစ်ဇွန်း

ပါဝင်ပစ္စည်းများကို သမအောင်မွှေပေးပါ။

ပြင်ဆင်ချက်ပြုတ်ပုံ

၁။       ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ဖြူထည့်ပြီး မွှေးလာ သည်အထိ ဆီသတ်ပေးပါ။

၂။       ဝက်သားလုံး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပြောင်းဖူးလေးတွေထည့်ပြီး နွမ်းလာသည်အထိ ကြော်ပေးပါ။

၃။       နွမ်းလာပြီဆိုလျှင် ဆော့စ်ထည့်ပြီး ပျစ်လာသည်အထိ မီးအေးအေးဖြင့် ချက်ပါ။

၎။       အပေါ့၊ အငန် မြည်းပြီး မီးပိတ်ကာ ထမင်း သို့မဟုတ် ခေါက်ဆွဲပါစတာ တို့ဖြင့် ကလေးတွေအတွက် ပြင်ဆင်ပေးဖို့ အဆင်သင့်ဖြစ်ပါပြီနော်။

Facebook Comments