ကျောင်းတက်တုန်းက ခိုးပြီးစားရတဲ့မုန့်က အရသာတော်တော်ရှိတယ်ဆိုတဲ့ အလင်္ကာခေတ်

1
3
4

 

◘ အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်း က စပြီးတော့ဝါသနာပါခဲ့ပါသလဲ။

အချက်အပြုတ်က ငယ်ငယ်ကတည်းက အမေဟင်းချက်တဲ့အခါမှာ ကူညီလုပ်ရင်းနဲ့ ဝါသနာပါခဲ့ ပါတယ်။ အမေကလည်း ဟင်းချက်တဲ့အခါမှာ ဘေး နားကနေပြီးတော့ သင်ကြားပေးခဲ့ပါတယ်။

◘ အခု မန္တလေးမုန်တီသုပ်လေးကို ပရိသတ်ကို ချက် ပြုတ်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါ ဦး။

ညီမက မန္တလေးကဆိုတော့ မန္တလေးအစားစာလေးဖြစ်တဲ့ မုန်တီသုပ်လေးကို
ပရိသတ်ကြီးကိုချပြ ချင်တာနဲ့ အခုလိုဖော်ပြပေးမိသွားတာပါ။

◘ ညီမရဲ့ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေး ကရော ဘာဟင်းပွဲလေးဖြစ်မလဲ။ အရသာကရော ဘယ်လိုနေလဲ။

ကိုးတန်း၊ ဆယ်တန်း၊ တက္ကသိုလ်ရောက်တဲ့ အချိန်မှာတော့ အမေက အားတဲ့ အချိန်တိုင်း ညီမကို ချက်ခိုင်းပါတယ်။ အဲဒီတုန်းက စချက်ဖြစ်တဲ့ဟင်းက တော့ ကြက်သားကချင်ချက်ပါ။ အဲဒီတုန်းက အရသာ ကတော့ မဆိုးဘူးလို့ပဲပြောရမယ်ရှင့်။

◘ အလင်္ကာခေတ်ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။

အမှန်ပြောရရင် ညီမချက်ကျွေးတဲ့အခါ မှာ အမေကဆိုကောင်းတယ်လို့ မချီးမွမ်းရဲဘူး။ ကောင်းတယ်လို့ပြောလိုက်ရင် ညီမမြောက်သွားမှာဆိုးလို့လေ။ ဒါပေမဲ့ ကောင်းတယ်လို့အပြောခံရတဲ့အခါမှာတော့ အရမ်းကို ပီတိဖြစ်ရပါတယ်။

◘ အချက်အပြုတ်ကိုရော ဘယ်သူတွေဆီက သင် ယူခဲ့လဲ။

အဓိကသင်ယူမိတာကတော့ အမေ ဆီကပါ။

◘ ငယ်ငယ်တုန်းကကြိုက်ပြီး အခုမကြိုက်တဲ့ အစားအစာ၊ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရော ရှိလား။

ငယ်ငယ်တုန်းကကျတော့ အစပ် ကြောက်တယ်။ အသက်ကြီးလာတဲ့အခါကျ တော့ စားကြည့်ရင်းနဲ့ ချဉ်ချဉ်စပ်စပ်လေးလို အရသာမျိုးလေးတွေကို ကြိုက်လာတယ်။

◘ ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင်ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက် ခံရ တာတို့၊ ဟင်းခိုးစားတာတို့ပေါ့။

အမှတ်တရဆိုရင် ငယ်ငယ်က အမေချက်ပေးတဲ့ ငါးဟင်းကိုစားရင်း စားတာမြန်တဲ့အခါမှာ ငါးရိုးဆူးဖူးတယ်။ ထမင်းကို လုံးပြီး ထည့်ရင်တော့ ငါးရိုးက မကျတဲ့အခါကျတော့ အတော်လေးခံစားရတယ်။ နည်းလမ်းတွေလည်း မျိုးစုံသုံးတယ်။ အဖေကလည်း ပြေးပြီးတော့ ဈေးထဲမှာ ငှက်ပျောသီးသွားဝယ်တယ်။ အဖေပြန်လာတဲ့အချိန်မှာ အချိန်ကိုက်ပဲ အခြားနည်းလမ်းသုံးလိုက်လို့ ငါးရိုးဆူးတာပျောက်သွား တယ်။ အဲဒါကတော့ အမှတ်တရပါပဲ။
နောက်တစ်ခုဆိုရင် ကျောင်းတက်တုန်းက ခိုးပြီးစားရတဲ့ မုန့်က အရသာတော်တော်ရှိတယ်။ အဲဒါလေး တွေကတော့ အမှတ်တရပါပဲ။

◘ ညီမလေးရဲ့ တစ်နေ့တာစားသောက်မှုပုံစံလေး ကို ပြောပြပေးပါဦး။

မနက်စာကိုတော့ မနက် ၇ နာရီ လောက်မှာ ပေါက်စီတို့၊ လက်ဖက်ရည်တို့နဲ့ စားဖြစ်ပါတယ်။ နေ့လယ်စာကျတော့ အချိန်သတ်မှတ်မှုမရှိဘူး ရှုတင်တွေရှိရင်တော့ တစ်ခါတလေကျစောတယ်။ တစ်ခါတလေကျရင် နောက်ကျတယ်။ ညစာကတော့ ရှုတင်နောက်ကျရင် တော့ မိုးချူပ်တယ်။ အခြားအလုပ်တွေ မရှိတဲ့အခါမျိုးဆိုရင်တော့ စောစောတော့စားဖြစ်ပါတယ်။

◘ ညစာကို အိမ်မှာစားဖြစ်လား အပြင်မှာစားဖြစ် လား။ ညစာစားပြီးရင်ရော အချိုတွေ ဘာတွေ တည်းဖြစ်လား။

ညစာကိုတော့ အိမ်မှာ မိသားစုနဲ့အတူတူ စားဖြစ်တာများပါတယ်။ ညစာစားပြီးရင် တော့ အချိုတည်းဖြစ်ပါတယ်။ ဝမှာဆိုးလို့ မလိုင်လုံးတစ်လုံးလောက်တော့ စားဖြစ်ပါ တယ်။

◘ အလင်္ကာခေတ် စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားသောက်မျိုးရောရှိလား။

တစ်သက်မမေ့နိုင်တဲ့အစားစာဆိုရင် ညီမတို့ ရှမ်းပြည်နယ်မြောက်ပိုင်းက မာလာ ဟင်းတို့၊ အသုပ်တွေတို့ ပူပူစပ်စပ်လေးတွေက မမေ့နိုင်တဲ့ အစားစာလေးတွေပါ။ နောက် အမေချက်တဲ့ ဟင်းလက်ရာအကုန်လုံးလည်း ကြိုက်ပါတယ်။

◘ စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။ ဥပမာ တ ချို့ ဆိုရင် အကောင်အရှင်တွေဘာတွေ စားတာမျိုးပေါ့။

ထူးထူးဆန်းဆန်းကတော့ မစားဖူးပါဘူး။

◘ အမေတို့ မိသားစုဝင်တွေချက်တဲ့ဟင်းတွေမှာဆိုရင် ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ။

အမေချက်တဲ့ဟင်းဆိုရင်တော့ ပုစွန်ကို ခရမ်းချဉ်သီးနဲ့ချက်တာကို အရမ်းကြိုက် ပါတယ်။

◘ နိုင်ငံတကာအစားသောက်ထဲမှာဆိုရင် ဘယ်အစားသောက်ကိုကြိုက်လဲ။

နိုင်ငံတကာအစားသောက်ထဲမှာဆိုရင်တော့ ယိုးဒယားအစားသောက်ကိုကြိုက်ပါတယ်။

◘ နိုင်ငံခြားတွေကိုသွားရင် မြန်မာပြည်က ဘယ်အစာအစားကို လွမ်းဆွတ်တမ်းတမိပါ သလဲ။

နိုင်ငံခြားသွားရင်တော့ မုန့်ဟင်းခါးတို့၊ မုန်တီသုပ်တို့ကို အရမ်းသတိရမိပါတယ်။အရမ်းလည်းစားချင်မိတဲ့အခါမှာ မြန်မာပြည်ပြန်ရောက်ရင်တော့ အဝစားလိုက်ဦးမယ် ဆိုပြီးတော့ အားတင်းထားမိပါတယ်။

◘ ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

ညီမအိမ်က ရှမ်းပြည်မှာပါ။ အမေနဲ့ အစ်ကိုကတော့ မန္တလေးမှာနေတယ်။ အဖေတို့ အဘွားတို့ကတော့ ရှမ်းပြည်မှာနေတာများပါတယ်။ ဒီတော့ ညီမငယ်ငယ်တုန်းကဆိုရင် ရှမ်းပြည်ကအိမ်မှာပဲ မိသားစု စုံစုံလင်လင်နဲ့ တနင်္ဂနွေတိုင်းမှာ ဖက်ထုပ်ကြော်လေးတို့၊ အခြားရှမ်းအစားစာလေးတွေလုပ်တာတို့၊ ဂျုံမှုန့်လေးတွေကို ကိုယ့်ဖာသာကိုနယ်ပြီး အရုပ်လေးတွေလို ပေါက်စီလေးတွေ လုပ်စားခဲ့တာကတော့ အခုချိန်အထိအမှတ်တရ ပါပဲ။ အဲဒီလိုဟာတွေစားမိရင် မိသားစုနဲ့ ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးကို ပြန်သတိရမိပါ တယ်။

◘ ဈေးကြီးပြီးတော့ မတန်ဘူးထင်တဲ့အစားသောက်မျိုးရောရှိလား။ ဒါမှမဟုတ် ဈေးပေါ ပေါနဲ့ တန်တယ်ထင်တဲ့ အစားသောက်မျိုးဆိုရင်ရော။

ဈေးကြီးပြီး မတန်ဘူးထင်တာကတော့ ဟော်တယ်တို့၊ စားသောက်ဆိုင် အကြီးကြီးတွေမှာစားရတဲ့ အစားသောက်တွေပါ။ ဈေးပေါပြီး တန်တယ်ထင်တဲ့ အစား သောက်မျိုးဆိုရင်တော့ ညီမတို့မန္တလေးလမ်းဘေးမှာရောင်းတဲ့ တို့ဟူးသုပ်တို့၊ မြီးရှေသုပ်တို့ပါပဲ။

◘ စားသောက်ဆိုင်နဲ့ အိမ်မှာ ဘယ်မှာပိုစားချင်လဲ။

ညီမကတော့ အိမ်မှာပဲစားချင်ပါတယ်။ အဓိကကတော့ ညီမအမေရဲ့ လက်ရာကိုပဲ စားချင်ပါတယ်။

◘ ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။

အသီးရွက်ထဲမှာဆိုရင်တော့ ကိုက်လန်ရွက်၊ စတော်ဘယ်ရီသီးတို့ကြိုက်ပါတယ်။ သား၊ ငါးတွေထဲမှာဆိုရင် ပုစွန်ကိုကြိုက်ပါတယ်။

◘ ညီမနဲ့မတည့်တဲ့ အစားအစာတို့ မကြိုက်တဲ့အစားအစာတို့ရောရှိလား။ သိပ်မတည့်တာကြီးမျိုးတော့မရှိဘူး။ အချို့ ပင်လယ်စာတွေ နည်းနည်းမသန့် ရင်တော့ ယားယံတာမျိုးလေးတော့ တစ်ခါတလေဖြစ်တတ်ပါတယ်။ မကြိုက် တာတော့ မရှိဘူး။ အကုန်စားပါတယ်။

◘ အစားသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ရင် ဘယ်လိုနေလဲ။

တွေ့ဖူးပါတယ်။ ယင်ကောင်ပေါ့။ အဲဒါက ကိုယ့်အတွက်လည်း မကောင်းဘူးလေ။ မသိလို့စားမိရင်လည်း ဝမ်းပျက်၊ ဝမ်းလျောလေးတွေလည်း ဖြစ်နိုင်တယ်လေ။ အဲဒီလိုမျိုး ဆိုရင်တော့ မကြိုက်ဘူး။ ရွံတယ်။ ဆက်လည်းမစားဖြစ်တော့ဘူး။

◘ အစားသောက်စားနေတုန်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာတွေပြောရင်ရော ရွံတတ်လား။ နောက် အစားအသောက်စားရင် ဘာတွေကြုံရရင် စိတ်အနှောင့်ယှက် ဖြစ်မိလဲ။

အဲဒီလိုမျိုး ဘေးနားက သူငယ်ချင်းတွေက စနောက်ရင်တော့ သိပ်အရွံကြီးတော့ မဟုတ်ပါဘူး။ သိပ်လည်း ထွေထွေထူးထူးမခံစားရပါဘူး။ ဒီအတိုင်းပါပဲ။

◘ အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင် တယ်လို့ထင်လား။

ဟုတ်ကဲ့ ယဉ်ကျေးမှုရော၊ ဓလေ့စရိုက်ကိုပါ ဖော်ဆောင်နိုင်တယ်လို့ထင်ပါတယ်။ ဥပမာ- မြန်မာပြည်မှာဆိုရင်လည်း မြန်မာအစားသောက် ဖြစ်တဲ့ မြန်မာဟင်း၊ မြန်မာ ထမင်းကိုစားလိုက်ရရင် မြန်မာပြည်ဆိုတာကိုဖော်ဆောင်နိုင်တယ်။  ယိုးဒယားဆိုရင် သူတို့ရဲ့တုံယမ်းပေါ့။ နိုင်ငံချင်းစီတွေမှာလည်း ဒေသလိုက် အစားအစာတွေရှိတယ်။ မန္တလေးဆိုရင်လည်း မန္တလေး အစားစာ၊ ရှမ်းပြည်ဆိုလည်း ရှမ်းအစားစာစသဖြင့်ပေါ့။

◘ အခု အလင်္ကာခေတ်လုပ်ပြတဲ့ မန္တလေးမုန့်တီသုပ်ကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။

အခုမုန့်တီသုပ်လေးကျတော့ မနက်စောစော မနက်စာလေးအဖြစ်စားလို့ရသလို၊ ညနေခင်း ၄၊ ၅ နာရီ လောက် အစာပြေသဘောမျိုးလုပ်စားရင်လည်း အဆင်ပြေပါတယ်။ ဒီမုန့်တီသုပ်လေးက သိပ်ခက်ခက်ခဲခဲ ထွေထွေထူးထူး လုပ်ရတာမဟုတ်တော့ လိုက်လုပ်စားမယ့်သူတွေလည်း အိမ်မှာအလွယ်တကူ လုပ်စားလို့ရပါတယ်။ မန္တလေးက အရမ်းကောင်းတဲ့ အစားအစာတစ်ခုလည်းဖြစ်တော့ ပရိသတ်ကြီးလည်း မုန်တီသုပ်လေးကို လုပ်စားဖြစ်အောင်လို့ လိုက်လုပ်စားကြည့်ပါလို့ ပြော ချင်ပါတယ်။

 

……………………………………အလင်္ကာခေတ်ရဲ့ မန္တလေးမုန့်တီသုပ်……………………………………

ပထမဆုံး ကြက်သွန်ဖြူကို ဆီချက် ချက်ပါ။အရောင်တင်မှုန့်နဲ့ ငရုတ်ဆီချက်ချက်ပါ။

ထို့နောက် ငံပြာရည်အကြည်၊ အချိုမှုန့် (သို့) ကြက်သားမှုန့်အနည်းငယ်ထည့်ပြီး ကြက်ရင်ပုံသားကို ပြုတ်ပါ။

ကြက်သားလေးတွေအိလာပြီဆိုရင် အသားကိုနွှာပြီး အရိုးကို ဟင်းချိုသောက်ပြုလုပ်ရန် အတွက်ပြုတ်ပါ။

အသားကို နုပ်နုပ်စဉ်းပြီး ထားထားပါ။

ထို့နောက် ပါဝင်ပစ္စည်းများဖြစ်သည့် ကြက်သွန်ဆီချက်၊ ပဲမှုန့်၊ အရောင်တင်မှုန့်နဲ့ ငရုတ်သီးဆီချက်၊ ငံပြာရည်၊ ဘဲဥ (သို့) ကြက်ဥပြုတ်၊
နံနံပင်၊ ကြက်သွန်နီပါးပါးလှီး၊ ကြက်သားအနှစ်၊ သံပရာသီး၊ ငရုတ်သီးမှုန့်တို့ကို အချိုးကျထည့်ကာ မန္တလေးမုန့်တီ မုန့်ဖက်နဲ့တွဲပြီးနယ်ကာ
အပေါ်ယံကနေပြီး ကြက်သွန်မြိတ်လေးများဖြူးကာ အရသာရှိစွာစားသုံးနိုင်ပါပြီ။

……………………………………………….
အာဂမေးမြန်းသည်
…………………………………………..

Facebook Comments