ဦးရဲထွဋ်ဝင်း (ခ) ဦးရှာကီ နဲ့ Master Chef Myanmar

by အာဂ for Food Magazine

       သန့်ရှင်းရေးဝန်ထမ်း အောက်ခြေအဆင့်ကနေပြီး အောင်မြင်တဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်၊ အောင်မြင်တဲ့ စားဖိုမှူးတစ်ယောက် အခုအချိန်မှာ Master Chef Myanmar ပြိုင်ပွဲတွေမှာ လူသိများနေတဲ့ အကဲဖြတ်ဒိုင်တစ်ယောက်ဖြစ်တဲ့ ဦးရဲထွဋ်ဝင်း @ Shaky ကို Food Magazine ပရိသတ်ကြီးအတွက် လွန်ခဲ့တဲ့ ၅ နှစ်ကျော်ခန့်က သူ့ဘ၀အကြောင်းအချို့ကို မေးမြန်းတင်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ Master Chef Myanmar အကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Master Chef ပြိုင်ပွဲကို ဒိုင်လူကြီးတစ်ဦးအနေနဲ့ ဘယ်လိုပါဝင်ဖြစ်သွားတာလဲ။

             ကျွန်တော့်ကို လာရှာကြတယ်။ မစ်ရှယ်မစ်ကတ်ပြောတယ်။ မစ်ရှယ်မစ်ကတ်ဆိုတာ နိုင်ငံခြားက စားဖိုမှူးကပြောတယ်။ မြန်မာပြည်မှာ ရှာမယ်ဆိုရင် (ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ကြွားတာတော့ မဟုတ်ပါဘူး။) အကောင်းဆုံး သင့်တော်သူကတော့ ဦးရဲ (ရှာကီ) ရှိတယ်။ ဘာလို့လဲဆို နိုင်ငံခြားက အစားအသောက်လည်း ဝေဖန်လို့ရတယ်။ မြန်မာအစားအသောက်လည်း ဝေဖန်လို့ရတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ဒိုင်လူကြီးတစ်ဦးဖြစ်ဖို့က အရမ်းတာဝန်ကြီးတယ်။ ဒီမှာရှိတဲ့ အရည်အသွေးကို ဘယ်လိုမြင့်ရမလဲ။ ကျွန်တော် အခုပြနေတဲ့ Master Chef မှာ မကြာခဏပြောတယ်။ ဒီလုပ်ငန်းက ကျွန်တော်တို့ တစ်ဦးတည်း ပြိုင်နေတာမဟုတ်ဘူး။ ဘောလုံးအသင်းလိုပဲ။ ကမ္ဘာမှာရှိတဲ့ Master Chef မှာ ကျွန်တော်တို့ ပြိုင်နေတာ ဘောလုံးအသင်းလိုပဲ။ အဲဒါအနည်းဆုံး Top 10 ထဲမှာ ပါသင့်တယ်။ အဲဒီ Top 10 ထဲမှာ အရည်အသွေးတွေမြင့်ရမယ်။ ဒိုင်လူကြီးတွေလည်း တော်ရမယ်။ ရိုက်တဲ့လူတွေရဲ့ဇာတ်ညွှန်းတွေကောင်းမှ မြန်မာပြည် Master Chef ဆိုတာ ထွန်းပေါက်ပြီးတော့ နိုင်ငံခြားသားတွေကြည့်ချင်မယ်၊ ပြောချင်မယ်၊ ဝေဖန်ချင်မယ်။

အခု Master Chef မှာ အ၀တ်အစားဝတ်ပုံလေးကို ပြောပြပေးပါ။

             အ၀တ်အစားကို တော်ရုံတန်ရုံ Chef ပုံစံနဲ့ သွားပြီး ၀တ်ဆင်လိုက်တော့ ကျွန်တော်က Chef ၀တ်ပုံကို ဒီ Master Chef လုပ်တာနဲ့ ကျွန်တော့်မှာ Television Media Time ရသွားပြီ။ အဲဒီ Media Time ကို စနစ်တကျ ဘယ်လိုသုံးမလဲ။ ဘယ်လိုဝေဖန်ချင်လဲဆိုတာ ပုဆိုးကြီးဝတ်လိုက်ရင် ဘယ်သူမှ ပြောမှာမဟုတ်ဘူး။ ဒါတွေဝတ်ခြင်းအားဖြင့် မြန်မာပြည်ရဲ့ ပိတ်စ၊ ပိုးထည်၊ ချည်ထည်၊ ယွန်းထည်တွေကို (ကြယ်သီးက ယွန်းနဲ့လုပ်တာကိုး) အဲဒါတွေကို Promote လုပ်တာဆိုတော့ Media Time ပေါ်ကို ကိုယ့်တိုင်းပြည်ရဲ့ အမွေအနှစ်တွေကို မြှင့်တင့်လိုက်တာ။ ပုဆိုးကြီးဝတ်ရုံနဲ့မရဘူး။ ပုဆိုးရဲ့အခြားနည်းဝတ်နည်းတွေရှိတယ်။ ပြောချင်တဲ့သဘောက ဟင်းချက်တာလည်း နည်းအမျိုးမျိုးသုံးလို့ရတယ်။ အရေးကြီးတာက ပင်မပစ္စည်းကောင်းဖို့ အရေးကြီးတယ်။ ပိုးထည်လှသွားရင် ဒီဇိုင်နာပေါ်မှာ မူတည်ပြီး အဲဒါကြီးကို တစ်ကမ္ဘာလုံးက ဝေဖန်၊ မဟုတ်ရင် ဘယ်သူမှမဝေဖန်ရင် ပျင်းစရာကောင်းတယ်။ Master Chef ကြည့်တာ ပျင်းစရာကောင်းဖို့မဟုတ်ဘဲ ရုပ်ရှင်တစ်ခုလိုပဲ ရုပ်ရှင်ဖြစ်အောင် လုပ်ရမယ်။ အဲဒါကြိုတင် ပြင်ဆင်ပြီး လုပ်လိုက်တာ။

အခု ဝေဖန်နေကြတဲ့ တချို့လူတွေရှိတယ်။ ဦးရဲအနေနဲ့ ဒီစားဖိုမှူးဘ၀ကို သင်တန်းတွေတက်ခဲ့တာမဟုတ်ဘူး။ တကယ်တမ်းစားဖိုမှူးဘ၀ကို တစ်ဆင့်ချင်းတက်လာတာ မဟုတ်ဘူး။ ဒါကြောင့် ဒိုင်လူကြီးတစ်ဦးအနေနဲ့ ဝေဖန်ဖို့ မသင့်တော်ဘူးလို့ တချို့သောသူတွေက ပြောဆိုနေကြတယ်။ အဲဒါကို ဘာပြောချင်ပါသလဲ။

             အဲဒါက မှန်တဲ့စကားပါ။ ဒါပေမဲ့ ကျွန်တော်က ပီတိကောင်းတယ်။ Chef တိုင်းက ပီတိမရှိရင် ဟင်းချက်လို့မရဘူး။ ကျွန်တော်က Chef အပြင် ပိုပြီးတော့ အရေးကြီးတာက ကိုယ်သုံးတဲ့ ပင်မပစ္စည်းကအစ ကိုယ့်ဘာသာကိုယ်ထုတ်တယ်။ (နားလည်တော့) ဒီပစ္စည်းတွေရဲ့ (Dynamic) အရည်အသွေး၊ အနံ့၊ အရသာ၊ ဓာတ်ပြုပြောင်းလဲနိုင်မှု၊ တွဲဖက်အသုံးပြုနိုင်မှု၊ ချက်ပြုတ်ပုံနည်းစနစ်တို့ကို သိတယ်။ ကိုယ့်ဆား ကိုယ်ထုတ်တယ်။ ကိုယ့်ဂျုံ ကိုယ်ထုတ်တယ်။ ကိုယ့်အသား ကိုယ်မွေးတယ်။ သတ်တယ်၊ ဖြတ်တယ်၊ သုံးတယ်။ ဆော့စ်တော့ ချက်ဖြစ်ပေမယ့် ဥပမာ- ကမ္ဘာမှာ အချမ်းသာဆုံး Apple ဖုန်းထုတ်လုပ်တဲ့သူက တက္ကသိုလ်မှာ မအောင်မြင်ဘူး။ သူ့မှာရှိတဲ့ အနာဂတ်ကိုမြင်တာ။ သာမန်လူတောင် မမြင်နိုင်တဲ့ အနာဂတ်ကိုမြင်နိုင်တာက တက္ကသိုလ်မအောင်ဘဲနဲ့ ကမ္ဘာမှာ အချမ်းသာဆုံး Apple ကုမ္ပဏီထောင်လိုက်တဲ့သူဆိုတော့ လူတိုင်းမှာ ကျောင်းတက်ရုံနဲ့ ဘွဲ့ရှိရုံနဲ့မပြီးဘူး။ ပီတိရှိဖို့၊ ယုံကြည်ချက်ရှိဖို့ လိုတယ်။ ကမ္ဘာပေါ်မှာ အတော်ဆုံး Chef တွေထဲက ဥပမာ- ဟက်စတင်ဘလူမန်ဆိုတာ သိပ္ပံပညာရှင်ကနေ စားဖိုမှူးဖြစ်သွားတယ်။ ကိုယ့်ဘာသာကိုယ် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးရှိရတယ်။ စားဖိုမှူးတော်တော်များများက ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ အတွေးရှိတဲ့ စားဖိုမှူးအဖြစ် ကမ္ဘာမှာ အကောင်းဆုံးဖြစ်တဲ့ စားဖိုမှူးတွေ အများကြီးရှိတယ်။

အခု Master Chef ကို ကြည့်နေတဲ့ ပရိသတ်ကြီးကို ဘာပြောချင်ပါသလဲ။

             ဝေဖန်ပါ။ ပညာယူပါ။ ပြီးတော့ နောက်လာမယ့် Master Chef ပြိုင်ပွဲက ပိုပြီးတော့ ကောင်းလာမယ်။ Master Chef က မင်းသားပဲ လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့ ဒိုင်လူကြီးတွေနောက်ပိုင်းမှာ messenger တွေ ဖြစ်လာပြီ။ မြန်မာပြည်ကို နောက်တစ်ဆင့်ဖြစ်နိုင်တဲ့ တာဝန်နဲ့ messenger တွေကို ပြချင်တာဆိုတော့ တိုင်းပြည်ရဲ့ ပစ္စည်းတွေကို အဆင့်မြင့်အောင် အဲဒီတာဝန်ကြီးတွေနဲ့လုပ်ချင်တာ။ အဲဒီတာဝန်မရှိရင် ကျွန်တော်ထင်တာက ဒိုင်လူကြီးလုပ်ရတာ ပျင်းစရာကောင်းတယ်။ ကျွန်တော်တို့ အချိန်ဖြုန်းတာနဲ့အတူတူပဲ။ မြန်မာပြည်ကို ဒီ Master Chef Show တွေထဲမှာ နံပါတ် (၁၀) က နံပါတ် (၅)၊ နံပါတ် (၅) က နံပါတ် (၃)၊ နောက်ဆုံးကနံပါတ် (၁) ကို တစ်ကမ္ဘာလုံးက ကြည့်စေချင်တယ်။ အဲဒီစိတ်ဓာတ်နဲ့သွားတာ။ အောင်မြင်တာ၊ မအောင်မြင်တာက တစ်ကဏ္ဍ။ အဲဒီစိတ်ဓာတ်နဲ့သွားမှ တာဝန်ရှိတယ်။ လုပ်ချင်စိတ်ရှိမယ်။ ပြည့်စုံလိမ့်မယ်။ တိုက်ပွဲဝင်သလိုပဲ ၂% ၀င်မှ ၁% ကျန်မှာလေ။

နောက်တစ်ခုက လုပ်ငန်းတစ်ခုဆိုတာက စတင်ဖို့ခက်သလို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ကလည်း ပိုပြီးတော့ ခက်တယ်ဆိုတော့ အဲဒီလိုရေရှည်တည်တံ့အောင် ထိန်းသိမ်းလာခဲ့တဲ့ လျှို့ဝှက်ချက်လေးကိုလည်း ပြောပြပေးပါ။

             ရှာကီရဲ့ လျှို့ဝှက်ချက်က အစားအသောက်နဲ့ပီတိ၊ အောက်မှာ အရည်အသွေးဂုဏ်မြင့်စွာနဲ့ မြန်မာပြည်တွင်းထွက်ပစ္စည်း၊ ပီတိကရှိမှ အစားအသောက်က အရမ်းတန်ဖိုးကြီးသွားမှာ။ အရည်အသွေးတစ်လုံးထည့်လိုက်တာနဲ့ တာဝန်ဖြစ်သွားပြီ။ အစားအသောက်က တာဝန်မရှိနဲ့ ဘုမသိဘမသိလုပ်လိုက်ရင် အစားအသောက်က မအောင်မြင်ဘူး။ အရည်အသွေး၊ စံချိန်၊ ပီတိမရှိတဲ့ အစားအသောက်က ဘယ်တော့မှ ရေရှည်သွားနိုင်မှာ မဟုတ်ဘူး။

အခုဆိုရင် စားဖိုမှူးတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုချင်တဲ့သူတွေ၊ စားဖိုမှူးဘ၀ကို စိတ်ဝင်စားတဲ့သူတွေ အဲဒီလူတွေက မေးလာတဲ့အခါရှိတယ်ပေါ့။ သူတို့က သင်တန်းအရင်တက်ရမှာလား၊ ဒါမှမဟုတ် အတွေ့အကြုံယူပြီး မီးဖိုချောင်ထဲကို တန်းဝင်ရမလား။ အဲဒါဆိုရင် အစ်ကို့အမြင်လေးနဲ့ ပြောပြပေးပါဦး။

             နိုင်ငံခြားမှာ စားဖိုမှူးဖြစ်ရဖို့က အခုဒီလိုသင်တန်းတွေရှိတယ်။ ဆွစ်ဇာလန်ကလုပ်တဲ့ Swiss contact တစ်ပတ်မှာ တစ်ခါတက် ပြီးရင် ၆ ရက်၊ ၅ ရက် အလုပ်လုပ်ဆိုတော့ သီအိုရီယူတယ်။ လေ့ကျင့်ခြင်း နှစ်ခုပေါင်းလုပ်တယ်။ ပြီးတော့ သင်တန်းဆရာက ပြောတယ်။ အဲဒီတစ်ပတ်မှာ ပေးထားတဲ့အိမ်စာထဲမှာ လက်တွေ့ပါမှဖြစ်မယ်။ ဗီဒီယိုမှာကြည့်တဲ့ ဓားဖြတ်နည်းနဲ့ တကယ့်ဓားသွားဖြတ်လိုက်တယ်။ မတူဘူး။ ဓားသွေးနည်းကို ဗီဒီယိုမှာပြတာကိုကြည့်ပြီး တကယ်သွေးကြည့်ပါ။ မတူပါဘူး။ ဒီစားဖိုမှူးက မှတ်ဉာဏ်ထဲမှာ စွဲသွားအောင်လုပ်ရတယ်။ နောက်ဆုံး ဓားက ဖြတ်တတ်ရင် မျက်စိမှိတ်ဖြတ်လိုက်လို့ရတယ်။ ဒါတွေက စာတွေ့လုပ်လို့မရဘူး။ လက်တွေ့လုပ်ရတယ်။ ဒါကြောင့်ပြောတာ။ စားဖိုမှူးတစ်ယောက်ဖြစ်သွားရင် လိမ်လို့မရဘူး။ မီးဖိုချောင်ဝင်တာနဲ့ တိုက်ပွဲဝင်တော့မယ်။ ဘာလို့လဲဆိုရင် စားသုံးသူတွေက သူ့ကို ဝေဖန်တော့မယ်။ အခြေခံကို မပိုင်ဘဲနဲ့၊ သီအိုရီမပိုင်ဘဲနဲ့ မရဘူး။ ကျွန်တော်က ၈၀%၊ ၂၀ %၊ သီအိုရီက ၂၀%၊ အခြေခံက ၈၀%။ အဲဒါပိုင်မှ စားဖိုမှူးကောင်းတစ်ယောက်ဖြစ်သွားမယ်။ ၂၀% က ဘယ်လိုရမလဲ။ အခုခေတ်က You Tube ထဲမှာလည်း လုပ်လို့ရတယ်၊ စာအုပ်တွေဖတ်လို့ရတယ်။ ဒါပေမဲ့ အဲဒီ ၈၀% ကို ကိုယ်တိုင်လက်တွေ့မလုပ်ရင် မရနိုင်ဘူး။

             ကျွန်တော်က စာတွေ့သီအိုရီပေးလိုက်ရင် အဲဒါ သူသဘောနားလည်သွားမယ်။ ဒါပေမဲ့ ပြောင်းပြန်သီအိုရီပေးပြီးမှ စာတွေ့လုပ်ရင်၊ စာတွေ့ပေးပြီး သီအိုရီလုပ်ရင်၊ သီအိုရီတွေပဲလုပ်ပြီး လက်တွေ့မလုပ်ရင် စာတွေ့ပဲရှိတယ်။ တကယ့်ကမ္ဘာကြီးမဟုတ်ဘူး။ အိပ်မက်တစ်ခုလိုပါပဲ။ ဥပမာ- ကြက်သွန်နီဖြတ်နည်းကို စာအုပ်ထဲမှာ ပြထားတယ်။ တီဗွီထဲမှာပြထားတယ်။ တကယ်တမ်း ကြက်သွန်ကို သွားဖြတ်ကြည့်ပါ။ အခွံနွှာတာကအစ ခက်ခဲတယ်။ ဖြတ်လိုက်ချိန်ပဲ မျက်ရည်ကျရမယ်။ အဲဒါတွေက ကိုယ်တိုင် စာတွေ့လုပ်လိုက်မှ၊ လက်တွေ့လုပ်လိုက်မှ စာတွေ့ကို သွားပေါင်းတာ။ ကျွန်တော်က စားဖိုမှူးတစ်ယောက်ဖြစ်သွားရင် လက်တွေ့က စာတွေ့ထက် ပိုပြီးအရေးကြီးတယ်။ ဒါပေမဲ့ လက်တွေ့ရရုံနဲ့ စာတွေ့နဲ့ ပေါင်းလိုက်ရင် very good ဖြစ်သွားမယ်။ အကောင်းဆုံးချက်ပြုတ်ရေးသမားဖြစ်သွားမယ်။ Better cook ဖြစ်သွားမယ်။ လက်တွေ့ကို အရင်ရွေးချယ်ရပါမယ်။ ချက်ချင်၊ ပြုတ်ချင် လုပ်ချင်ရင် အမေချက်နေရင် အမေ့ကို ၀ိုင်းကူ၊ ငယ်ငယ်တုန်းက စပြီးတော့ စားလို့ရမယ်။ လက်တွေ့က စာတွေ့ထက် ပိုပြီး အရေးကြီးပါတယ်။

Facebook Comments