အမေချက်တဲ့လက်ရာဆိုတာ ငယ်ငယ်ကတည်းက ရင်းနှီးလာတဲ့အတွက် အမေ့လက်ရာကို အကြိုက်ဆုံးပါပဲဆိုတဲ့ ရဝေအောင်

အမေချက်တဲ့လက်ရာဆိုတာ ငယ်ငယ်ကတည်းက ရင်းနှီးလာတဲ့အတွက် အမေ့လက်ရာကို အကြိုက်ဆုံးပါပဲဆိုတဲ့ ရဝေအောင်

အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။

          အချက်အပြုတ်ကို ငယ်စဉ် အလယ်တန်းကျောင်းသားအရွယ်တုန်းက  ကျောင်းပိတ်ရက်တွေဆိုရင် သူငယ်ချင်းတွေနဲ့စုပြီးတော့ မုန့်လေးတွေ လုပ်စားကြတယ်။ သူငယ်ချင်းဘော်ဒါတွေနဲ့ အပျော်ပေါ့။ မုန့်လင်မယားစသဖြင့် လွယ်တဲ့ဟာလေးတွေ လုပ်စားဖြစ်တယ်။ မြန်မာမုန့်လေးတွေ လုပ်စားကြတယ်။ ပြောရမယ်ဆိုရင် အဲဒီအရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့တာပါ။

အခုဝက်သားသနပ်ဟင်းလေးကို ပရိသတ်ကို ချက်ပြဖို့ စီစဉ်ဖြစ် သွားပုံလေးကိုလည်း ပြောပြပေးပါဦး။

          ဒီဟင်းက ပုံမှန်ဝက်သားကို ချက်တာမဟုတ်ဘဲနဲ့ သရက်သီးသနပ်နဲ့ ရောပြီးချက်ထားတဲ့အခါကျတော့ စားတဲ့အခါ ပိုပြီးတော့ အရသာရှိစေတယ်။ ထမင်းနဲ့စားတဲ့အခါမှာလည်း ပိုပြီးတော့ ထမင်းမြိန်စေတယ်။ ဒီအတွက် ကျွန်တော်က  ဒီဟင်းလေးကို ချက်ပြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချက်ဖြစ်တာပါ။

ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိသေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိသလဲ။

          ပထမဆုံးလုပ်ဖြစ်တာက ဟင်းပွဲရယ်တော့မဟုတ်ဘူး။ ကြာဆံချက်ပါ။ စောစောကပြောသလို တနင်္ဂနွေနေ့ဆိုရင် မိသားစုအားလုံးအားတော့ ပျော်ပျော်ပါးပါးနဲ့ ကြာဆံချက်ချက်ပြီးတော့ စားကြတယ်။ အဲ့ဒီတုန်းက အရသာက ကိုယ်ချက်တဲ့အချိန်က ပင်ပန်းနေလို့လား မသိဘူး။ သူများတွေကတော့ စားကောင်းတယ်ဆိုပြီး စားကြတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ပင်ပန်းလို့ စားကြည့်တာ မစားနိုင်ဘူး။

ရဝေအောင်ချက်တဲ့ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။

           လူကြိုက်အများဆုံးဆိုရင်တော့ ရှမ်းခေါက်ဆွဲကတော့ ပိုကြိုက်ကြမယ်ထင်တယ်။  ရှမ်းခေါက်ဆွဲက  ကျွန်တော့်အကြိုက်ဆုံး အစားအစာလည်းဖြစ်တယ်။ မြစ်ကြီးနားမှာ နေတုန်းက မြစ်ကြီးနားရှမ်းခေါက်ဆွဲက သူငယ်ချင်းတွေကိုချက်ပေးတော့ သူတို့လည်း အရမ်းကြိုက် ကြပါတယ်။ အခု ဝက်သားသရက်သီး သနပ်ကလည်း ကျွန်တော့်အကြိုက်ထဲက တစ်ခုပါပဲ။

ရဝေအောင်ချက်တဲ့ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။  အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။

           ကိုယ်ချက်တဲ့ ဟင်းကိုစားပြီးတော့  ကောင်းတယ်လို့ပြောရင်တော့  ပီတီဖြစ်တာပေါ့။ ကိုယ်က ပင်ပင်ပန်းပန်းနဲ့လုပ်ပြီး မကောင်းဘူးပြောရင်တော့ ဒေါကန်တာပေါ့။ ကိုယ်ချက်တာကို မြိန်ရေရှက်ရေစားနေရင် ဝမ်းသာတာပေါ့။ သူတို့ကို ဒီတစ်ခေါက်တော့ ဒါလေး ချက်ပေးတယ်။ နောက်တစ်ခေါက်ကျရင်  မတူအောင်ချက်ကျွေးချင်တဲ့  စေတနာပိုရှိသွားတယ်။  ထပ်ခါထပ်ခါလုပ်ကျွေးချင်စိတ် ဖြစ်သွားတယ်။ အချက်အပြုတ်ကတော့  အမေ့ဆီကပဲ အဓိကသင်ယူဖြစ်ပါတယ်။ အိမ်မှာအမေနဲ့ အစ်မတို့ ချက်ပြုတ်နေတာကိုကြည့်လိုက်၊ ကူညီလိုက်နဲ့ အလိုလိုတတ်သွားတယ်လို့ပဲ ထင်မိပါတယ်။

ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာဆိုရင်ရော။

          ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှမကြိုက်တဲ့ အစားအစာတော့ သိပ်မရှိပါဘူး။  ငယ်ငယ်တုန်းကမကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာမျိုးတော့ ရှိပါတယ်။  အဲဒါတွေက  ဒံပေါက်တို့၊ အုန်းထမင်းတို့ကို ပိုပြီးတော့ စားချင်စိတ်ဖြစ်လာပါတယ်။

အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။ 

          အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် ငယ်ငယ်တုန်းက အိမ်ကမိဘတွေက  ထမင်းစားဖို့ ခူးထားတယ်။ လူကြီးတွေမစားခင် ကိုယ်က စားချင်စိတ်နဲ့ နှိုက်စားလိုက်ချိန်မှာ အိမ်က အဘွားတွေ၊ အဘိုးတွေ ဝင်လာတဲ့အချိန်မှာ လန့်ပြီးတော့ သီးသွားတာ၊ နှာခေါင်းထဲအထိ ဝင်သွားတယ်။ အဲဒါလေးကတော့ အမှတ်တရပါပဲ။

မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာနဲ့ ညစာရော။

          မနက်စာကို များသောအားဖြင့် မနက် ၆ နာရီခွဲ၊ ၇ နာရီလောက် စားဖြစ်တယ်။ နေ့လယ်စာကတော့ ပုံမှန်  ၁၂  နာရီလောက် စားဖြစ်ပါတယ်။ ညနေစာကတော့ ပုံမှန်  ညနေ  ၆ နာရီလောက် စားဖြစ်တယ်။  အခုနောက်ပိုင်း  အသက်အရွယ်လည်းရလာတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာမျိုးကို ရွေးချယ်စားသောက်ဖြစ်လာပါတယ်။ အဆီအဆိမ့်တွေရှောင်ဖြစ်လာတယ်။ သူငယ်ချင်းတွေနဲ့ ဆိုင်တွေမှာသွားစားရင်လည်း ပုံမှန်လေးပဲ ကိုယ်စားနိုင်သလောက် ရွေးချယ်ပြီး စားပါတယ်။

ညစာကိုရော အိမ်မှာ မိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်သလား။ညစာစားပြီးရင်ရော အချိုတည်းလား။

          ညစာကို  အိမ်မှာ မိသားစုနဲ့ စားဖြစ်တာလည်း များပါတယ်။ တနင်္ဂနွေနေ့ဆိုရင် အပြင်မှာ သွားစားတာမျိုးလည်းရှိပါတယ်။ တစ်ခါတလေကျရင်လည်း ကြားရက် တစ်ရက်လောက်ပေါ့ ။  အမြဲတမ်းကြီးတော့ မဟုတ်ပါဘူး။ အစားအသောက်စားပြီးရင်တော့ အချိုကြိုက်ပါတယ်။ အချိုတည်းတာမျိုးဆိုရင် အသီးတွေစားတာမျိုးရှိပါတယ်။ မြန်မာ ဆိုင်မှာစားဖြစ်ရင်တော့ ထန်းလျက်ခဲလေးတွေကိုတော့ စားဖြစ်ပါတယ်။ အိမ်မှာဆိုရင်လည်း ရေခဲသေတ္တာထဲမှာရှိတဲ့ ဟာလေးတွေ ယူပြီး စားလိုက်တာမျိုးပေါ့။ အချိုတည်းတာကိုတော့ ကြိုက်ပါတယ်။

စားဖူးသမျှအစားအစာတွေထဲမှာ  တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။

          အဲဒီလိုမျိုး မေ့လို့မရတဲ့အစားအသောက်ဆိုရင် ကျွန်တော်ငယ်ငယ်က စားခဲ့တဲ့ မုန့်ပဲသရေစာလေးတွေပါပဲ။ ကျောင်းဈေးတန်းမှာရောင်းတဲ့ မုန့်ပဲသရေစာလေးတွေပါ။ ပြန်လည်အမှတ်ရပါတယ်။ အဲဒီဒေသအစားအသောက်တွေလွမ်းမိတယ်။ ဥပမာဆိုရင် မုန့်ပျားသလက်၊ ရွှေထမင်းစသဖြင့် ကောက်ညှင်းနဲ့လုပ်ထားတဲ့ မုန့်လေးတွေပေါ့။

ထူးထူးဆန်းဆန်း အစားအသောက်တွေရော စားဖူးလား။

          ထူးထူးဆန်းဆန်း အစားအသောက်ဆိုရင်တော့  မစားတတ်ပါဘူး။ ဥပမာ –  ကမ္ဘော ဒီးယားမှာ  ပိုးကောင်ကြော်တွေကောင်းတယ်။ သူများတွေက စားကောင်းတယ်ပြောပေမယ့်  ကျွန်တော်က ငယ်ငယ်ကတည်းက စားလေ့စားထမရှိလို့ မစားဖြစ်ပါဘူး။

အားလပ်ရက်တွေမှာ  တစ်ခုခုလုပ်စားလေ့ရှိလား။

          အားလပ်ရက်တွေမှာ  အိမ်မှာတော့  အုန်းထမင်း၊ ကြက်သားဟင်းကြိုက်တော့ လုပ်စားဖြစ်တယ်။ နောက် ကိုယ်စားချင်တဲ့ ဟင်းတွေထဲက ရှမ်းခေါက်ဆွဲတို့ဘာတို့ လုပ်စားဖြစ်တယ်။

အလုပ်သွားတဲ့အခါ၊ ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူလေ့ရှိလား။

           မယူဖြစ်ပါဘူး။ ရှုတင်ထမင်းဟင်းစားတာပဲများပါတယ်။ အခုနောက်ပိုင်း ကျွန်တော်က ရှုတင်နဲ့ အလှမ်းဝေးနေတယ်။ မရိုက်ဖြစ်တာလည်း နည်းနည်းကြာပါပြီ။

ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။

          ဟုတ်ကဲ့ရှိပါတယ်။ မစားဖူးတဲ့ အစားအစာဆိုရင် ဥပမာ-နိုင်ငံတစ်နိုင်ငံသွားရင် သူ့ရဲ့ ဒေသထွက် အစားအစာလေးတွေရှိတယ်။ အဲဒါမျိုးလေးတွေဆိုရင် မြည်းပါတယ်။ ဒေသရိုးရာ အစားအစာလေးတွေကို  မြည်းစမ်းစားပါတယ်။ အခု ရန်ကုန်မှာလည်း အင်ဒိုနီးရှားဆိုင်စသဖြင့် ပေါ်လာတယ်။ ဒီတော့သွားပြီးတော့ စားကြည့်ချင်တယ်။

တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေများများစားလေ့ရှိတယ်။ ရဝေအောင်ကရော အဲဒီလိုအခါမျိုးမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား။ နည်းနည်းစားလား။

          သူများတွေတော့ မသိဘူး။ ကျွန်တော်ကတော့ စိတ်ညစ်တဲ့အခါမှာ အစားကိုအများကြီးမစားချင်ပါဘူး။

ရဝေအောင်ရဲ့  အစားအသောက်နဲ့ ကျန်းမာရေးအပေါ်အမြင်လေးကို ပြောပြပေးပါဦး။

          အစားအသောက်နဲ့ ကျန်းမာရေးက  အရေးကြီးပါတယ်။ ကျွန်တော်အရမ်းကြိုက်တဲ့ အစားအသောက်တစ်မျိုးရှိပါတယ်။  အဲဒါက တညင်းသီးပါ။ တညင်းသီးအုန်းနို့ဆမ်း၊ တညင်းသီးပြုတ်တို့ဆိုရင် ကျွန်တော်တို့မြစ်ကြီးနားမှာ အများကြီးစားကြပါတယ်။ ဒါပေမဲ့ အခုအသက်ကြီးတဲ့အရွယ်မှာ တညင်းသီးက ကျန်းမာရေးနဲ့ မညီညွတ်မှန်းသိလာတယ်။  အနံ့အသက်လည်း မကောင်းဘူးဆိုတာသိလာတော့  အခုချိန်အထိ အရမ်းကြိုက်တဲ့ တညင်းသီးကို မစားဖြစ်တော့ဘူး။

ကျန်းမာရေးနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်ထိန်းသိမ်းမှုကရော။

          ကျန်းမာရေးနဲ့ပတ်သက်ပြီး ခန္ဓာကိုယ်ထိန်းသိမ်းမှုဆိုရင်တော့ ထမင်းအများကြီးမစားတော့ဘူး။ ပုံမှန်ဟင်းလေးတွေကိုပဲ စားဖြစ်တာများပါတယ်။ အဆီအနှစ်တွေကိုလည်း သိပ်မစားဖြစ်ပါဘူး။ ကြိုက်တာကတော့ အဆီအနှစ်ဟင်းလေးတွေပါ။

အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။

          ကျွန်တော့်အမေက  ရှမ်းလည်းစပ်၊ တရုတ်လည်းစပ်တယ်။ အမေချက်တဲ့ဟင်းတွေကတော့  ကိုယ့်အတွက် ခံတွင်းတွေ့စေပါတယ်။ ရှမ်းဟင်းလေးတွေလည်း ကြိုက်ပါတယ်။ ကြက်ကုန်းဘောင်တို့၊  ကြက်ချဉ်စပ်တို့လည်း ကြိုက်တယ်။  အမေချက်တဲ့ လက်ရာဆိုတာ ကိုယ့်အတွက် ငယ်ငယ်ကတည်းက  ရင်းနှီးလာတဲ့ အမေ့လက်ရာက ကျွန်တော့်အတွက် အကြိုက်ဆုံးပါပဲ။

နိုင်ငံတကာ အစားအသောက်မှာ ဘယ်အစားအသောက်ကိုကြိုက်လဲ။

နိုင်ငံတကာအစားအသောက်မှာ ဆိုရင်တော့ ဂျပန်စာကို ပိုကြိုက်ပါတယ်။

နိုင်ငံခြားကို ရောက်နေတဲ့အချိန်မှာ ကိုယ့်နိုင်ငံက ဘယ်အစားအစာကို  လွမ်းဆွတ်တမ်းတမိပါသလဲ။

          နိုင်ငံခြားရောက်နေတဲ့အချိန်မှာ ဘယ်လောက်ပဲ နိုင်ငံခြားအစားအသောက်တွေက ကိုယ့်အတွက်ကောင်းတယ်ပဲပြောပြော ကိုယ့်နိုင်ငံရဲ့ အစားအသောက်ကို သတိရတယ်။ ကျွန်တော့်အဖေ ဘန်ကောက်မှာ ဆေးကုသနေတုန်းက ၁ လခွဲလောက်နေခဲ့ရတယ်။ အဲဒီမှာ မြန်မာပြည်က အစားအသောက်တွေကို အရမ်းသတိရတယ်။ အဲဒီအခါကျတော့ လူကြုံရှိရင် ချဉ်ပေါင်ကြော်၊ ငါးခြောက်တို့ကို မှာပြီး ထမင်းနဲ့စားတဲ့အခါမှာ ဘာနဲ့မှ လဲလို့ မရအောင် အရမ်းစားမြိန်တယ်။ အဲဒီလိုမျိုး အခြားနိုင်ငံတွေကို အလုပ်ကိစ္စနဲ့ ၁၅ ရက်လောက် သွားရတဲ့ အခါမျိုးမှာ  မြန်မာအိမ်ပြန်ရောက်လို့ မြန်မာအစားအစာလေး စားလိုက်ရတဲ့အခါမှာ ပြောမပြတတ်အောင် စားလို့ကောင်းခဲ့ပါတယ်။

ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ-အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။

          ရှိတယ်။ အဲဒါက အမေပါပဲ။ အခုအချိန် အမေမရှိတော့တဲ့အချိန်မှာ ဟင်းတစ်ခုခုကို စားလိုက်ရရင် ဪသာ် ဒါလေးက အမေချက်မယ်ဆိုရင် ဘယ်လိုကောင်းမှာပဲဆိုပြီး သတိရမိတယ်။ အိမ်မှာ အစ်မတွေချက်ရင်တောင် အမေ့လက်ရာနဲ့မတူဘူး။ အမေသာ ချက်ရင်တော့ ဘယ်လိုကောင်းမှာပဲဆိုပြီးတော့ အမြဲသတိတရအမှတ်ရနေမိပါတယ်။ နောက် ငယ်ငယ်က ကျောင်းမုန့်ဈေးတန်းမှာစားခဲ့ရတဲ့ ခေါပုပ်လေးကို ဆီတို့ဟူးလေးနဲ့ သုတ်ပေးတဲ့ အစားအစာမျိုးစားမိရင် ကျောင်းတက်တုန်းက ဘဝကို ပြန်သတိရမိတယ်။

စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။ ဈေးပေါပြီး တန်တယ် ထင်တာမျိုးရော။

          စားဖူးသမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးဆိုတာမျိုးတော့ သိပ်မကြုံဖြစ်ပါဘူး။ ကျွန်တော်က  စားလို့ကောင်းမယ့်ဆိုင်ကို ရွေးချယ်ပြီးစားတာပါ။ ဆိုင်ပေါ်မူတည်ပြီး ကွာခြားမှုတော့ ရှိမှာပေါ့လေ။  ဒါပေမဲ့  ကျွန်တော် စားဖူးသမျှတော့ တန်တယ်လို့ပဲမြင်ပါတယ်။ ဈေးပေါပြီး တန်တာမျိုးဆိုရင် ဟိုးအရင်တုန်းက ကျွန်တော် ညဘက်ရှုတင်ပြီးလို့ မိုးချူပ်အိမ်ပြန်ရင် အိမ်မှာလည်း ဘာဟင်းမှမရှိတော့မှာမို့ တာမွေအဝိုင်းမှာ ထမင်းကြော်နဲ့ ဟင်းလေးတွေကို ညလုံးပေါက်ဖွင့်ရောင်းတဲ့ဆိုင်မှာ  စားလိုက်ရတာက  အရမ်းတန်ပြီး စားကောင်းပါတယ်။ ဒါတွေကလည်း ဘဝမှာ အမှတ်တရရှိခဲ့တဲ့ အချိန်လေးတွေပါ။

စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုပြီးတော့ စားချင်လဲ။

          အိမ်မှာ ပိုစားချင်တယ်။

ရဝေအောင် အကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။

          အကြိုက်ဆုံးအသီးအနှံဆိုရင်တော့ ဒူးရင်းသီး၊ သရက်သီး၊ နှစ်တစ်ရာသီးကို အရမ်းကြိုက်ပါတယ်။  အရွက်တွေထဲမှာဆိုရင် ကညွတ် ကြိုက်တယ်။ အသားငါးဆိုရင်တော့ ငါးကြိုက်တယ်။ ဖျော်ရည်ထဲမှာဆိုရင်တော့ ဂရိတ်ဖု၊ သရက်သီးဖျော်ရည်ကို ကြိုက်တယ်။

မတည့်တဲ့ အစားအသောက်တွေရော ရှိလား။ မကြိုက်တဲ့ အစားအစာရော။

          မတည့်တဲ့အစားအစာဆိုရင် ကျွန်တော် တစ်ခါက ကြာစွယ်နဲ့ ဘာနဲ့လည်းမသိဘူး စားမိတာ။အလက်ဂျိတ်တွေ ထွက်လာတယ်။ အဲဒီ ကြာစွယ်ကလည်း ကျွန်တော့်အကြိုက်ဆုံး အစားအစာထဲမှာပါပါတယ်။ နောက်ပိုင်း မရှောင်ဘဲ ထပ်စားတော့ အဆင်ပြေသွားပါတယ်။ မကြိုက်တာတော့ မရှိပါဘူး။

အစားအသောက်တစ်ခုခု ကိုစားနေတုန်း  အဲဒီထဲမှာ ရွံစရာ တွေဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။

          အရမ်းရွံစရာတွေကို  ကြုံကြိုက်လို့ တွေ့ရင်တောင်  ကျွန်တော်  မစားလိုက်တာမျိုးပဲရှိတယ်။ အော့တာ၊ အန်တာမျိုးတော့ မရှိပါဘူး။ သူငယ်ချင်းတွေ စနောက်ရင်လည်း သိပ်မရွံတတ်ပါဘူး။ သူတို့က ကိုယ့်ကို ချစ်လို့၊ ခင်လို့ စတာပဲဆိုပြီး ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ကိုယ်စားနေတဲ့ ပန်းကန်ထဲထည့်ပြီး စနောက်ရင်တော့ တစ်မျိုးပေါ့နော်။

အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကိုဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါသလား။

          ထင်ပါတယ်။ အခုဆို ကိုရီးယားကားတွေမှာဆိုရင် သူတို့ရဲ့ အစားအသောက်တွေကို အရမ်းစားပြတာမျိုး တွေကြောင့် သူတို့ရဲ့ ရိုးရာအစားအသောက်တွေကို ကျွန်တော်တို့တစ်တွေ သိလာတယ်။ ရင်းနှီးလာတယ်။ စားချင်ဖို့အတွက်လည်း စိတ်ဝင်စားလာတယ် စသဖြင့် ဖော်ဆောင်လာနိုင်တယ်လို့ ထင်ပါတယ်။

ပရိသတ်အတွက် အမှတ်တရစကားလက်ဆောင်လေးကို ပြောပြပေးပါဦး။

          အခု ကျွန်တော်ချက်ပြထားတဲ့ဟင်းလေးက  တကယ်လည်း အိမ်မှာ ချက်ရလွယ်ကူ ပါတယ်။ ပုံမှန် ဝက်သားနီချက် ချက်ရတာက အရသာတစ်မျိုးပါ။ အခုလို သရက်သီး သနပ်လေးထည့်ချက်လိုက်တာက ခံတွင်းကို ပိုပြီးတော့ မြိန်စေပါတယ်။ ဆီလေး နည်းနည်းလျှော့ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ရင်တော့ ပိုကောင်းစေမှာပါ။ ပရိသတ်ကြီးကိုလည်း  ဒီဟင်းလေး စားစေချင်တဲ့အတွက် ရွေးချယ်ပြီး ချက်ပြပေးတာပါ။

ရဝေအောင်ရဲ့ ဝက်သနပ်ချက်ဟင်း

  ပါဝင်ပစ္စည်းများ

♦   ဝက်သား   –    ၁၅ ကျပ်သားခန့်

♦   ကြက်သွန်ဖြူ   –   ၃ မြွှာ

♦   သရက်သီးသနပ်   –    ထမင်းစားဇွန်း ၂ ဇွန်း

♦   ဆီ   –    ထမင်းစားဇွန်း ၂ ဇွန်း

♦   ချင်း   –   အနည်းငယ်

♦   ရေ   –   အနည်းငယ်

♦   ကြက်သွန်အနီ   –   ဥတစ်ခြမ်း

♦   ဆီနီ   –   အနည်းငယ်

♦   နနွင်း   –   အနည်းငယ်

♦   ဆား   –    အနည်းငယ်

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ငံပြာရည်   –   ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။      ပထမဆုံး ကြက်သွန်ဖြူ၊ အနီ၊ ချင်းတို့ကို နနွင်း အနည်းငယ်ရောပြီး ဆီသတ်ပါ။

၂။      ပြီးလျှင် ဝက်သားကို လုံးပြီးချက်ပါ။ ဆီနီအနည်း ငယ်ထည့်ပါ။

၃။      ဝက်သားကျက်လောက်ပြီဆိုရင် သရက်သီးသနပ်ကို  ဆီမပါအောင်ခတ်ပြီး ထည့်ပါ။

၎။      ပြီးလျှင် သရက်သီးသနပ်နှင့် ဝက်သားကို နူးအိလာသည်အထိ နှပ်ပေးပါ။ အချို၊ အငန်အဖြစ် အရသာများထည့်ပေးပါ။

၅။      နောက်ဆုံး ကြက်သွန်ဖြူ ပါးပါးလေးလှီးထားကို အုပ်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။

အာဂ မေးမြန်းရေးသားသည်။

Facebook Comments